“ဟျွန်းလေး.......”
ဟန်ဘင်း နှုတ်ကနေတောင် ယောင်ယမ်းထွက်မိသွားတယ်။ သေချာပေါက် ဝူဟျွန်း မဟုတ်တာ သိတာပေါ့။ ဝူဟျွန်းဟာ အသက်နှစ်ဆယ်အရွယ်ကောင်လေးအဖြစ် ရပ်တန့်နေစရာ အကြောင်းမရှိသလို ဟျွန်းလေးက သူ့လက်ထဲမှာပဲ.......။ ထားပါလေ ဟျွန်းလေးနောက်ဆုံးခရီးကို အစအဆုံး ဟန်ဘင်းပဲ လုပ်ပေးခဲ့တာမလား။
အနှစ်နှစ်ဆယ် ကာလတစ်ခု အထိ ဟျွန်းလေးအပေါ် အားနာစိတ်တွေ အပြစ်ရှိစိတ်တွေ အများကြီးနဲ့ နောင်တတွေပွေ့ပိုက်ထား မိတုန်း။
“ဟန်ဘင်း..”
အသံလာရာကို လှမ်းကြည့်လိုက်တော့ တကိုယ်လုံး အနက်ရောင်တွေအပြည့်နက် လေးဆယ်ကျော်ဆို ယုံစရာမရှိအောင် နုပျို လွန်းတဲ့ အစ်ကိုဂျီဝန်းဟာ စတိုင်အပြည့်နဲ့ ဟန်ဘင်းဆီ လျှောက်လာတယ်။ ရှိုးများနေချက်ကတော့ သူ့ကိုယ်သူ နှစ်ဆယ်ကျော်ချာတိတ်လေးအတိုင်းပဲ။
တစ်ယောက်ကို တစ်ယောက် ပွေ့ဖက် နှုတ်ဆက်ကြရင်း
“ဆောင်းဟန်ဘင်း အသက်သုံးဆယ်ရော ပြည့်ပြီးပြီလားလို့ တွေးမိနေတာ”
“မသိတော့ဘူး အသက်နှစ်ဆယ်ပြည့်ပြီးကတည်းက မရေကြည့်တော့တာ။ ဒါနဲ့ အစ်ကိုဟာအိုရော မပါဘူးလား”
“သူ့ တယောတွေလောက် ငါတို့ သားအဖတွေကို အလေးမထားတော့ဘူး။ ကျန်းဟာအို ပြောင်းလဲသွားပြီ”
ဟန်ဘင်း ပြုံးလိုက်မိတယ်။ တက္ကသိုလ်မှာတုန်းက စီနီယာဂင်ဂျီဝန်းကို သဘောကျလို့ပါဆိုပြီး အစ်ကိုဟာအိုတစ်ယောက် အသည်းအသန် လိုက် ပိုးပန်းသမျှ အရှုပ်ဒဏ်တိုင်းကို ခါးစီးခံရတာ သူနဲ့ ဝူဟျွန်းပဲမလား။ သတိရစရာတွေက လူဟောင်းတွေနဲ့ တွေ့ရင် ပိုများတယ် ဟျွန်းေလး။
“မင်း အစ်ကိုဟာအို နောက်လထဲ World Tour တွေ လှည့်မှာဆိုတော့ ငါ့သားနှစ်ကောင်ကို မင်းဆီမှာ စီးပွားရေး ပညာသင်ဖို့ …….”
“ကလေးထိန်းကို စကားလှအောင် ပြောနေသေးတယ်”
“ကလေးထက် ဆိုးတယ်……။ မင်းမသိဘူးနော်….”
“ဂင်ဂျီဝန်းနဲ့ ကျန်းဟာအို သားပဲ မဆိုးတာမှ ထူးဆန်းနေမှာပေါ့”