“ဝူဟျွန်း”
မပီမသနဲ့ ပြောတဲ့ ကလေးစကားကို ဟန်ဘင်းနားစိုက်ထောင်ကာ
“မင်းနာမည်က တစ်လုံးတည်းလား”
“ဝူဟျွန်းပါဆို နှစ်လုံးပေါ့..”
“ဟင် ဒါဆို မင်းမျိုးရိုးနာမည်ကရော…..ဥပမာကွာ ငါ့နာမည်ဆို ဆောင်းဟန်ဘင်း…..အဲ့လိုလေ မျိုးရိုးနာမည်ပါ တွဲ ပြောရတယ်”
လေးနှစ်သား သခင်လေးဆောင်းဟန်ဘင်းဟာ သူ့ထက် ခေါင်းတစ်လုံးစာ ပုတဲ့ လူကောင်သေးသေး ပါးဖောင်းဖောင်းကလေးလေးနဲ့ ပေတိပေစုတ် ကလေးလေးကို သင်ပေးလိုက်တော့
“အဲ့လိုမျိုးတွေ မရှိဘူး”
“ဟင်……”
ဦးနှောက် သေးသေးလေး ကို အလုပ်ပေးပေမယ့် ဟန်ဘင်းနားမလည်နိုင်တုန်းမှာပဲ……မေမေခေါ်လို့ ဟန်ဘင်း ထပြေးခဲ့ရတယ်။ နားမလည်သမျှကို မေမေကို မေးကြည့်တော့ ဝူဟျွန်းမှာ မိဘတွေ မရှိကြောင်း အိမ်အကူ အဒေါ်ကြီးက သနားလို့ ခေါ်မွေးစားတာကို မေမေတို့က ခွင့်ပြုပေးလိုက်တာဆိုတာမျိုးတွေ လေးနှစ်သား ဟန်ဘင်းနားလည်အောင် မေမေက ရှင်းပြပေးတယ်။
အစကတော့ ပေတိပေစုတ်ကလေးလေးက ဟန်ဘင်းအကျအဝတ်အစားလေးတွေ ဆင်ပေးလိုက်တဲ့အခါမှာတော့ အသားဖြူတာလေးနဲ့ ပါးဖောင်းဖောင်းလေးက ပိုပေါ်လာသလို ချစ်စရာကောင်းတဲ့ လူရုပ်ကလေး အပိုင်ရသလိုမျိုး ဟန်ဘင်းအတွက် ပျော်စရာတွေ များရတယ်။ ကစားဖော်မရှိလို့ ကစားလို့မရတဲ့ ကစားနည်းတွေဟာ ဝူဟျွန်းရောက်လာတော့ အကုန်ကစားလို့ရသွားတယ်။ ဟန်ဘင်းဘောလုံးကန်တဲ့အခါ ဝူဟျွန်းက ဂိုးစောင့်ပေးရတာတို့ တူတူပုန်းတမ်းကစာပြီး ဟန်ဘင်းရှာရမယ့်အလှည့်ရောက်ရင် လိုက်မရှာတော့ဘဲ အခန်းထဲ ဝင်အိပ်နေတာတို့ တခြားစာအုပ်တွေ ဖတ်တာတို့ အရုပ်တွေနဲ့ ကစားနေလိုက်တာမျိုး ညစ်တာတွေရှိပေးမယ့် ဝူဟျွန်းက လုံးဝ စိတ်မဆိုးတတ်တဲ့ ကလေးမို့ ပြန်ချော့စရာမလိုဘဲ ဟန်ဘင်းကိုမြင်တာနဲ့ အစ်ကိုဆိုပြီး အပြေးလေး လာခေါ်တယ်။
ဝူဟျွန်းက ဟန်ဘင်းဘေးမှာ အချိန်အကြာကြီး အရိပ်လို ရှိနေခဲ့တယ်။ အထူးသဖြင့် ဝူဟျွန်းရဲ့ မွေးစားအမေ ဆုံးပါး ပြီးနောက်မှာ ပိုပြီးတော့ ကပ်လာတယ်။ ဝူဟျွန်မှာ ရှိသမျှ တွယ်စရာ သံယောဇဉ်အကုန်က ဟန်ဘင်းကိုပဲ တွယ်တော့တယ်။ ဟန်ဘင်းဘက်ကတော့ တွယ်စရာများပေမယ့် ဝူဟျွန်းကလည်း သူဘဝထဲ အရေးကြီးတဲ့သူပဲ။ သေချာပေါက် ကစားဖော် သူငယ်ချင်းလို ညီအစ်ကိုလို သံယောဇဉ်ထက် ပိုတာပေါ့။