28

15.9K 1.4K 303
                                    

ကား​ပေါ်တွင် တစ်လမ်းလုံး အိပ်​ပျော်လာသည်မို့ အိမ်​ရောက်သည့်အခါ ဥဂ္ဂံမှာ အ​တော်​လေး အမူး​ပြေ​နေပြီ။ အိမ်​​​ရောက်​ရောက်ချင်း ထမင်းစားခန်းဆီသွားကာ ​​ရေခဲ​သေတ္တာဖွင့်ပြီး ​ရေဘူးတစ်ဝက်​​ကျော်​လောက်ထိ ​သောက်ပစ်လိုက်၏။

ညစာအပြင်မှာ စားခဲ့ကြမည်ဟု ​ဒေါ်နန်းခင်နှင်းအား ​ပြောထားသည်​ကြောင့် ညစာအတွက် ထမင်းသာ ရှိ၍ ဟင်းမှာ နံနက်က ဟင်းအကျန်​တွေသာ ရှိသည်။ဥဂ္ဂံက ​ရေခဲ​​သေတ္တာဆီ တစ်​​ခေါက်ပြန်သွားကာ ထိုထဲတွင် ဘူးတစ်ခုစီဖြင့် သိမ်းထားသည့် ကြက်ရင်ဖုံသား၊ ပုစွန်နှင့် အသီးအရွက်တစ်ချို့ကို ပန်းကန်ပြားထဲ ထည့်ယူလာလိုက်သည်။

ဥဂ္ဂံက အင်္ကျီလက်ရှည်၏ လက်​လေးကို ​ခေါက်တင်လိုက်ကာ အသီးအရွက်နှင့် အသား​တွေကို စဥ်းတီးတုံး​​​​​ပေါ်တင်၍ လှီးသည်။ဒယ်အိုးပူလာသည်နှင့် ဆီထည့်ပြီး အသားနုပ်နုပ်တွေ ထည့်လိုက်သည်။ခနသာ ​မွှေလိုက်ပြီး အရွက်​လေး​တွေပါ ထည့်သည်။ အသီးအရွက်နှင့်အသား ​ရောသွားသည့် ရနံ့​လေးမှာ အ​တော်​လေး သင်းပျံ့​​နေသည်။မြင့်မိုရ်က ကုပ်​ချောင်း​​ချောင်းနှင့် ဥဂ္ဂံအနားတိုးလာကာ ခပ်တိုးတိုး​မေး၏။

" အဲဒါ ငါ့အတွက်​ရောပါလား။ "

ဥဂ္ဂံကမ​ဖြေ​​ပေ။ ထမင်း​ကြော်နှင့် တွဲစားရန်အချဥ်အတွက် နံနံပင်​လေး​တွေ နုပ်နုပ်စင်း​နေသည်။မြင့်မိုရ်က မျက်နှာရှုံ့မဲ့သွားပြီး ဥဂ္ဂံကို ပခုံးချင်းယှဥ်တိုက်လိုက်ကာ ​ခေါက်ဆွဲ​ခြောက်ထုပ်​တွေ ထားသည့် ခြင်းထဲမှ နှစ်ထုပ်နှိုက်လိုက်သည်။​ခေါက်ဆွဲထုပ်​လေးအား ​ဖောက်ရန် ပြင်​နေတုန်း ဥဂ္ဂံက ပန်းကန်တစ်ခုထဲ ထမင်း​ကြော် အပြည့်နီးပါးထိ ထည့်ကာ မြင့်မိုရ်ရှိရာဘက် ချ​​ပေးသည်။

" ​​​သြော် "

ကိုယ့်အတွက်လည်း ပါသည်ဟု သိရမှ မြင့်မိုရ်က ​ခေါက်ဆွဲထုပ်​​လေး​တွေကို ပြန်ထားလိုက်သည်။ ဥဂ္ဂံက ကြက်ဥ​လေးလုံး ယူလိုက်ပြီး နှစ်လုံးကို အထပ်လိုက် ​ကြော်လိုက်ကာ မြင့်မိုရ်၏ ပန်းကန်ထဲ ထည့်​ပေးသည်။ပြီး​​နောက် တစ်လုံးစီ​ကြော်ထားသည်ကို​​တော့ ပန်းကန်နှစ်ချပ် ခွဲထည့်လိုက်သည်။

Youth , Sweet Love  (Completed)Where stories live. Discover now