အပိုင်း - (၁၃)

372 8 0
                                    

"ကိုကို ထိုင်. ထိုင်ပါဦး"

ဒါပထမဆုံးအကြိမ် ကိုကိုက သူနေတဲ့အိမ်ကိုလိုက်လာခြင်း။ အပေါ်ထပ်၊ အောက်ထပ်နေပေမယ့် သူကသာ ကိုကို့အိမ်ကို ခဏခဏရောက်ဖြစ်သည်။ ကိုကိုကတော့ သူ့အိမ်ကိုတစ်ခါမှမလာ။ လာဖို့လည်း သူမခေါ်မိ။ သူ့စိတ်သူ့အတွေးထဲမှာ ကိုကိုနဲ့နီးနိုင်သမျှ အမြန်ဆုံးနီးစပ်ဖို့ဆိုရင် သူကသာ ကိုကို့ဆီချဉ်းကပ်ရမယ်လို့ တွေးထားခဲ့တာ။

"ကိုကို ဘာသောက်ဦးမလဲ။ ကျွန်တော့်ဆီမှာတော့~"

"မလိုဘူး။ မင်း ထိုင်လိုက်တော့"

"ဟုတ်~"

မျက်နှာချင်းမဆိုင်ရဲလို့ အချိန်ဆွဲဖို့ကြိုးစားပေမယ့် မအောင်မြင်။ သူ မူးမနေမှန်း ကိုကိုသိနေခဲ့သည်။ ကိုကို့ဘေးကခုံမှာဝင်ထိုင်တော့ ကိုကိုက ဗီရာ့ကိုတစ်ချက်ငဲ့ကြည့်ပြီး အရှေ့ကိုမျက်နှာပြန်မူသွားသည်။ ပြီးတော့မှ သက်ပြင်းရှည်တစ်ချက်ချရင်း

"ဘာလို့ပြန်လာခဲ့တာလဲ ဗီရာ"

"....."

"ဒီနေရာကို မင်းစိတ်နဲ့မင်း စွန့်ပစ်ခဲ့တာမဟုတ်ဘူးလား"

"....."

တစ်နေ့နေ့မှာ ဒီလိုမေးခွန်းတွေ ဒီလိုအချိန်တွေ ရင်ဆိုင်ရမယ်ဆိုတာ ကြိုသိထားပေမယ့် တကယ်တမ်းနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတဲ့အခါ ဗီရာ့မှာဖြေစရာစကားမဲ့သည်။ အဖြေရှိသော်လည်း ဖြေလို့မဖြစ်တဲ့မေးခွန်းတွေကြောင့် သူ့မှာရင်မောရသည်။ ကျွန်တော် ဘယ်လိုများရှင်းပြရမလဲ ကိုကိုရယ်...။

"မင်းလည်း ကိုယ့်ခံစားချက် ကိုယ်မဝေခွဲတတ်တဲ့ ဆယ်ကျော်သက်အရွယ် မဟုတ်တော့သလို ကိုယ်လည်း အရွယ်ရောက်ပြီးသား လူတစ်ယောက်ဖြစ်နေပြီ။ ဘာရည်ရွယ်ချက်နဲ့ မင်း ပြန်လာတယ်ဆိုတာ ကိုယ် မသိချင်ဘူး။ တစ်ခုပဲ... မင်းသိထားရမှာက ကိုယ် အရင်လိုမဟုတ်တော့ဘူး"

တစ်လုံးချင်းပီသစွာထွက်လာတဲ့ စကားသံတွေအောက်မှာ ဗီရာ့ဝင်သက်ထွက်သက်တွေ မူမမှန်တော့။ အသက်ရှူသံတွေက ပြင်းထန်လာသည်။ ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ပြင်ကျယ်ကြီးမှာ လက်ပစ်ကူးနေရသူတစ်ယောက်ပမာ။ ကိုကိုမယုံကြည်နိုင်လောက်ဘူးဆိုတာသိပေမယ့် သူ့စိတ်ဆန္ဒအမှန်တစ်ခုကိုတော့ ကိုကို့ကိုသိစေချင်သည်။

^ M I K E ^Where stories live. Discover now