အပိုင်း - (၆)

335 11 0
                                    

"ဘယ်လိုတောင် အရူးထခဲ့တာလဲ ဗီရာ ရာ"

ဗီရာ ဖေ့စ်ဘွတ်ပေါ်က blue mark ကြီးနဲ့ တင်ထားတဲ့ပို့စ်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ညည်းညူမိသည်။ များသောအားဖြင့် အင်စတာဂရမ်သာ သုံးလေ့ရှိတဲ့ဗီရာက အဲဒီနေ့မှ ဘယ်လိုအကြောင်းကြောင့်များ ဖေ့စ်ဘွတ်မှာ ပို့စ်တင်ဖို့ သတိရသွားသလဲမသိ။ အရက်သောက်ခြင်း၏နောက်ဆက်တွဲကို သူ တော်တော်လေးကြောက်သွားခဲ့သည်။

ဗီရာ မှတ်မိသလောက်ဆို ကိုကို့ကားပေါ်ကဆင်းကာ လမ်းဘေးမှာပြေးအန်ပြီးမှ အေဘယ် ဆိုတဲ့ကောင်ကို သတိရသွားပြီး မူးမူးရူးရူးနဲ့ ပို့စ်တင်မိခဲ့ခြင်း။ ဘာလို့လဲဆိုတော့ ဗီရာ့မှာ အေဘယ့်ကိုမယှဉ်နိုင်တာဆိုလို့ ဆိုင်ကယ်စီးတာပဲရှိသည်။ သွေးထဲမှာ အယ်လ်ကိုဟောပါဝင်မှုများရုံတင်မကဘူး ဦးနှောက်အထိပါ ရောက်သွားပုံရသည်။

"ကြက်ကြီးလည်လိမ်သလိုရုပ် ဖြစ်မနေနဲ့။ နေ့လယ်စာ လာစားလိုက်ဦး။ ဒီကိစ္စက ဒီတိုင်းထားလို့လည်း ပြီးသွားမှာမဟုတ်ဘူး"

ဧည့်ခန်းက ဆိုဖာခုံပေါ်မှာ ဖုန်းကြည့်ပြီး မှောက်လိုက်၊ လှန်လိုက်လုပ်နေတဲ့ဗီရာ့ကို ထင်လင်း နေ့လယ်စာစားဖို့ ခေါ်လိုက်သည်။ မနက်ပိုင်း ဉက္ကဌဆီကနေ ခေါ်လာပြီးကတည်းက ဒီနေ့တစ်နေ့လုံးအတွက် အချိန်ဇယားတွေကို ခဏရွေ့ထားလိုက်သည်။

"အရမ်းလည်း စိတ်ညစ်မနေပါနဲ့။ ငါ ပြေလည်အောင် ဖြေရှင်းပေးပါမယ်"

ပန်းကန်ထဲကထမင်းကို ဇွန်းနဲ့ဟိုထိုးဒီထိုးလုပ်နေတဲ့ဗီရာ့ကို စိတ်သက်သာရာရအောင် ထင်လင်း ပြောလိုက်သည်။ တကယ်လည်း ဖြေရှင်းဖို့အတွက် နည်းလမ်းသုံးလေးခုလောက် စဉ်းစားမိထားသည်။

"ကိုထင်က ဘယ်လိုလုပ်မှာလဲ"

"နောက်သုံးလေးရက်လောက်နေမှ မင်းမှာ ရိုက်ကူးရေးအချိန်ဇယားတွေရှိလာလို့ ဒီနှစ်တော့မပြိုင်ဖြစ်သေးပါဘူးဆိုပြီး ပို့စ်ထပ်တင်လိုက်ရင် အဆင်ပြေတာပဲလေ"

"ဟာ! အဲလိုတော့ ဘယ်ဖြစ်မလဲ။ အဲလိုလုပ်ရင် ကျွန်တော့် image ထိခိုက်တယ်လေ။ နာမည်နှစ်လုံးနဲ့ နေလာတဲ့ဗီရာက စကားမတည်တဲ့သူဖြစ်သွားမှာပေါ့"

^ M I K E ^Where stories live. Discover now