အရိပ်ကလေး ဖြစ်ပါရစေ
မှေးခနဲ အိပ်ပျော်နေရာကနေ ဂိတ်ဆုံးရောက်ပါပြီဆိုတဲ့ ကားစပယ်ရာရဲ့ စကားသံအဆုံး ကျွန်တော်နိုးလာခဲ့သည်။ သြော်နောက်ဆုံးတော့ေ၇ာက်ခဲ့ပြီပေါ့ဟုတွေးလိုက်မိသည်။ သူရှိရာ မြို့လေးက ကျွန်တော့်ကို ရင်းနှီးစွာစောင့်ကြိုနေခဲ့သည်။
ကျွန်တော် တက်စီ တစ်စီးနဲ့ ဆေးရုံကြီးနားက ဟိုတယ်တစ်ခုကို ပို့ခိုင်းလိုက်သည်။ ထိုဟိုတယ်ကိုရောက်တော့မှ သက်ပြင်းချမိသည်။ ဟိုတယ် check in လုပ်ပြီး မိမိယူထားတဲ့ အခန်းကနေ ဆေးရုံကို လှမ်းကြည့်လိုက်သည်။
xxx ပြည်သူ့ဆေးရုံကြီးဆိုသည့် ဆိုင်းဘုတ်ကို တွေ့တော့ သူ့ကို တွေ့ရသလိုကို ပျော်နေမိသည်။ သူနဲ့ အနီးဆုံးကို ရောက်လာပြီ မဟုတ်လား။ သူနေ့တိုင်း အလုပ်လာသည့် နေရာလေးက သူမရှိသည့်တိုင် ကျွန်တော့်ကို ပျော်ရွင်စေသည်။
ကျွန်တော် ရေချိုးပြီး မနက်စာထွက်စားရင်း နည်းနည်းစနည်းနာလိုက်သည်။ ပြီးတော့ ဆေးရုံ အ၀င် ဂိတ်ကိုလှမ်းမြင်ရတဲ့ နေရာကနေ ကျွန်တော် စောင့်နေမိသည်။ ရှစ်နာရီခွဲပြီ။ သူ ဆေးရုံကိုလာတော့မည်။
နေက ပူလာခဲ့သည်။ သစ်ပင်ရိပ်အောက်မှာ စောင့်သည့်တိုင်ကို ပူလာသည်။ သို့သော် ကျွန်တော် အပူဒဏ်ကို မမှုပါ။ သူလာမည့် လမ်းကို မျက်တောင်မခတ်တမ်းမျှော်နေမိသည်။ ၉ နာရီထိုးဖို့ ၁၀ မိနစ်အလို၊ ဟော... ဆိုင်ကယ်တစ်စီး ဆေးရုံဝင်းထဲကို ၀င်လာခဲ့သည်။ ကျောပိုးအိတ်လေးကို လွယ်ထားသည့် လူငယ်လေး။ ပုံထဲကလို ပြုံးမနေသော်လည်း သူမှန်း ကျွန်တော် တန်းသိလိုက်သည်။
အနည်းငယ် တည်သော မျက်နှာ၊ လောကကြီးကို စိတ်ကုန်နေသည် မျက်လုံးများနှင့် လူငယ်လေးသည် ကျွန်တော့်ကို အသက်ရှင်ချင်စိတ်ပျောက်အောင် လုပ်နိုင်စွမ်းရှိသည့် သူတစ်ယောက်ဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ကသာ ဗေဒင်ဆရာ တစ်ယောက်က မင်းထက် 13 နှစ်ငယ်တဲ့ ကလေး တစ်ယောက်ကို မင်းချစ်မိလိမ့်မယ်လို့ပြောရင် ကျွန်တော် အဲ့ဒီဗေဒင်ဆရာကို ဟားတိုက်ရယ်မော လိုက်မှာဖြစ်သည်။