Yuta's POV
Flashback ****
နေခြည်နွေးနွေးကကျွန်တော့်မျက်နှာပေါ်တည့်တည့်ကိုလာနှိုးဆွလာတော့ ကျွန်တော်စောင်ကိုပခုံးထက်ထိခြုံလိုက်ပြီးပြတင်းပေါက်ကိုကျောခိုင်းကာပြန်အိပ်လိုက်သည်
ဖျတ်ခနဲမျက်တောင်ခတ်တဲ့အချိန်ဘေးကနာရီဒိုင်ခွက်ကမြင်ကွင်းထဲကိုဝင်လာတယ်
မနက် ၇ နာရီ
ကျွန်တော့်မျက်လုံးတွေတမင်သက်သက်ပင့်တင်ထားသလိုပြူးသွားပြီး အိပ်ရာကနေကမန်းကတန်းထရတော့တယ်
ရေအေးနဲ့ဗြန်းခနဲမျက်နှာကိုသစ်ပြီး သွားတောင်သေသေချာချာမတိုက်နိုင်။ တီရှပ်တစ်ထည်ကိုသာအတင်းထိုးဝတ်ပြီး အခန်းထဲကထွက်လာတယ်
စားပွဲဝိုင်းလေးမှာ ကျွန်တော့်အစ်မရယ် ညီမရယ် အဖေရယ်က အေးအေးဆေးဆေးမနက်စာစားနေတဲ့အချိန် အမေကတော့ဘေးမှာကော်ဖီငှဲ့ပေးနေရသည်။ သာယာတဲ့မိသားစုတစ်ခုကို နေ့တိုင်းရိုးရှင်းတဲ့ပုံစံနဲ့ပုံဖော်နိုင်တာ မနက်စာ နဲ့ ညစာ စားချိန်တို့ပဲမဟုတ်လား
စားပွဲပေါ်က ပေါင်မုန့်၂ချပ်ကိုကျွန်တော်လက်နဲ့ဆွဲယူလိုက်ပြီး ပါးစပ်ထဲအတင်းသွတ်သွင်းကာထိုးထည့်လိုက်သည်
"ဟဲ့ အလတ်ကောင် ဒါကဘယ်လိုဖြစ်တာလဲ? မထစဖူး မနက် ၇ နာရီတွေထလို့။ နိုးရင်လည်းမနက်စာကိုသေချာထိုင်စားသွားလေ"
အမေဖြစ်သူကမနက်စာစားပြီးမှသွားဖို့ပြောသော်လည်း
"တော်ပြီ! ပြန်လာမှပဲ နေ့လည်စာကိုသေချာစားတော့မယ် Hansol တို့နဲ့ချိန်းထားလို့"
Hansol ဆိုတဲ့အသံကြားရင်အလိုလိုကိုစိတ်ချသွားတဲ့ကျွန်တော့်အမေကဘာမှမပြောဘဲငြိမ်သက်ကာအိမ်မှာကျန်ခဲ့တယ်။ တစ်ဦးတည်းသောသားဆိုတော့လည်းဒီလောက်ကတော့ အမေဖြစ်သူအနေနဲ့စိတ်ပူရှာတယ်
အိမ်ရှေ့မှာဒေါက်ချထားတဲ့စက်ဘီးလေးကိုအတင်းဆွဲပြီး တိုက်နေတဲ့လေကကျွန်တော့်ရဲ့ဆံပင်တွေကိုအနောက်သို့အတင်းဆွဲလှန်ထားတဲ့အထိဖြစ်အောင် စက်ဘီးကိုကျွန်တော်မိုင်ကုန်နင်းခဲ့တယ်။
