ရောင်စုံပန်းခင်းထဲက သူ --- 1

77 7 6
                                    

"Rainbow Flowerbed!"

လက်ထဲကလိပ်စာကဒ်ကိုကြည့်ပြီး တဖတ်ကားလမ်းအဆောက်အဦးရဲ့ ပထမထပ်ကဆိုင်းဘုတ်လေးကို တိုးတိုးလေးရေရွတ်၍ပြုံးမိသည်။

ဖန်သားပြင်ပေါ်မှာ 'Open'ဆိုတဲ့စာတန်းလေး ချိတ်ဆွဲထားသော တံခါးလေးကိုတွန်းဖွင့်လိုက်တော့ ခေါင်းလောင်းလေးမြည်တမ်းလာသည်နှင့်

"မင်္ဂလာပါရှင့်။ ဘာများအလိုရှိပါသလဲ။"

ခါးလေးကိုကိုင်း ခေါင်းလေးကိုညွှတ် နှုတ်ခမ်းလေးကွေးပြီးပြုံးပြ နှုတ်ဆက်လာသောကောင်မလေးတဦးကို
ခေါင်းလေးတချက်ညိတ်ပြီးပြုံးပြကာ အခန်းလေးကိုဝေ့ဝိုက်ကြည့်မိသည်။

ဘယ်ဘက်ခြမ်းနံရံပေါ်တွင် ကြယ်တာရာပန်းကလေးများနဲ့ ပုံဖော်ထားသော လူသားရုပ်ကလေးနှစ်ရုပ် သေချာပြောရရင် ကောင်လေးနှစ်ယောက်အရုပ် ကိုကပ်ထားသည်။ ထိုအရုပ်လေးနှစ်ရုပ်ရဲ့ ညာဘက်လက်အရင်းနားလောက်တွင် ကြယ်တာရာပန်းလေးမသုံးဘဲ နှင်းဆီနီနီရဲရဲတပွင့်ဆီထိုးထားသည်။ ပန်းတွေနဲ့နှစ်ပေါင်းများစွာဝေးကွာခဲ့သည့်ကျွန်တော် အရုပ်လေးများကိုကြည့်နေတုန်း

"အစ်ကို ဘာလိုအပ်လို့ပါလဲရှင်။"

နှုတ်ဆက်လာသော ကောင်မလေး ထပ်မံမေးလာတာတောင် သူ့ဘက်ကိုအကြည့်မလှည့်ပဲ

"ဒီအရုပ်နှစ်ရုပ်က ဒီကညီမလုပ်ထားတာလား။"

"မဟုတ်ပါဘူးရှင့်။ အကိုလေးလုပ်ထားတာပါ"

"အကိုလေးဆိုတာ ဒီဆိုင်ပိုင်ရှင် Sky Angelလား"

"ဟုတ်ပါတယ်။ ဒီဆိုင်ရဲ့ လက်ဝင်ပြီးလှပတဲ့ပုံစံတွေကို အကိုလေးပဲဖန်တီးထားတာပါ။ ဒီကအကိုက ဘာကိစ္စရှိလဲမသိဘူး။"

အဲ့ဒီတော့မှပဲ ကျွန်တော်သူဘက်လှည့်ပြီး

"အော် အကိုကပွဲအတွက် ပန်းအပြင်အဆင်အပ်ချင်လို့ပါ။"

"ဟုတ်ကဲ့အကို။ ဘယ်လိုပွဲမျိုးလဲမသိဘူး။ မင်္ဂလာပွဲလား၊ စေ့စပ်ပွဲလား၊ အလှူပွဲလား၊ ဆုပေးအပ်ချီးမြင်တဲ့ပွဲလား။ ဘယ်လိုပွဲလဲဟင်။"

"အဲ့ပွဲတွေတခုမှမဟုတ်ဘူးညီမရဲ့။ အကို့ပွဲက အိမ်၊ကွန်ဒို၊တိုက်ခန်း အရောင်းပြပွဲပါ။"

ရောင်စုံပန်းခင်းထဲက သူWhere stories live. Discover now