ဒီလိုနဲ့ ရာသီစက်ဝန်းတို့ တပတ်လည်ပီး ဆောင်းနှောင်းရာသီ နွေဦးသို့ ချဉ်းနင်းလာပီ။ လေးလေးလံလံအ၀တ်တွေ တနင့်တပိုးသယ်ပီး သွားလာနေရသည့်ဒုက္ခမှ မကြာမီ လွတ်မြောက်ကြတော့မည်မို့ လူအများပုံပန်းမှာ ပိုတက်ကြွရွှင်လန်းနေကြသလိုပင် .. ။
မကြာခင်ချယ်ရီတွေ မြိုင်မြိုင်ပွင့်တော့မှာမို့ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေနှင့်စည်ကားအုံးမည့် Seoul လမ်းမတွေထက်ကို Lee Hyukjae ဝေ့၀ဲကြည့်ပီး သူ့ခြေလှမ်းတွေကို ဘတ်စ်ကားဂိတ်ဆီ ဦးတည်လိုက်သည်။ ရုံးဆင်းချိန်မို့ မှတ်တိုင်မှာ လူမနည်းလှ၊ ခြေနှစ်ဖက်ကို နည်းနည်းချဲရပ်ရင်း လုပ်နေကြအတိုင်း ဘယ်ဘက်ကို လှမ်းမျှော်ကြည့်လိုက်သည်။ သူစီးမည့် ဘတ်စ် ၁၅၄ က နောက် ၂ မိနစ်ဆိုလာတော့မည်။ ကားမှတ်တိုင်မှာ အကြာကြီးရပ်စောင့်ရသည်ကို မကြိုက်သည့် Lee Hyukjae က အမြဲ ကားလာခါနီး ၅ မိနစ်လောက်အလိုမှ ရုံးကထွက်သည်။ ၃ မိနစ်နှင့်မှတ်တိုင်ကို အရောက်လျှောက်ပီး ၂ မိနစ်ရပ်စောင့်သည်။ မနက်ရုံးလာချိန်တွင်လည်း ထိုအတိုင်း။
တအိအိမောင်းလာသည့်ကားက ၄၅ မိနစ်လောက်ကြာရင် သူနေသော တိုက်ခန်းနှင့် မနီးမဝေးလမ်းမှာ ရပ်မည်။ သူက ထိုကားပေါ်မှ ဆင်းပီး ညာချိုးကာ သူ့တိုက်ခန်းရှိသည့် လူနေအိမ်ယာဝင်းထဲသို့ လုံခြုံရေးဂိတ်လေးကို ဖြတ်ကာ ၀င်မည်။ လုံခြုံရေးဂိတ်လေးထဲမှ အသံတွေ ခါတိုင်းနှင့်မတူဆူညံနေသဖြင့် သူတချက်ငဲ့ကြည့်လိုက်သည်။
ဘောလုံးပွဲဖြစ်ဟန်တူသည်။ မနက်ဆိုင်းတာဝန်ကျသည့် ဦးလေးကြီးကပါ မပြန်သေးပဲ ညနေပိုင်းတာဝန်ကျသူနှင့် အတူ အော်ဟစ်အားပေးနေကြသည်။ သူတို့နှစ်ဦးအပြင် သူတို့အိမ်ယာဝင်းထဲ တံမြက်စည်းလှဲ သန့်ရှင်းရေးလုပ်ကြသော သူမျက်မှန်းတန်းမိသည့် တချို့ကောင်လေးတွေပါပါသည်။ ဒီလောက်အသဲအသန်အော်ဟစ်နေပုံထောက်တော့ နိုင်ငံပွဲတွေပင်ဖြစ်မည်။ ရုံးမှာလဲ ဟို တစု ဒီတစု နှင့် ကမ္ဘာ့ဖလားဆိုလားဘာဆိုလား ပြောနေသံကြားရသည်။ Lee Hyukjae တချက်မျှ ငဲ့ကြည့်ပီး စိတ်မ၀င်စားတော့စွာ သူ့အခန်းဆီသို့ ဦးတည်လိုက်သည်။ ရုံးမှလူတွေ တံတွေးသီးမတတ် ထမင်းစားချိန်တွင် အာပေါင်အာရင်း ပြောကြာသော်လည်း သူတော့ ဘာစိတ်ဝင်စားဖွယ်မှ ရှာမတွေ့ပါ။ နိုင်တော့ရော ဘာဖြစ်လဲ၊ ရှုံးတော့ရော ဘာဖြစ်လဲ ... ။ သူ ပုခုံးတချက်တွန့်ပီး နံပတ် ၁၅ ကိုနှိပ်သည်။ သူ့အခန်းက ၁၅ လွှာမှာ၊ ဘယ်ဘက်ချိုး မျက်နှာချင်းဆိုင်အခန်း၂ ခုအနက်က သူ့အခန်းက ညာဘက်ခြမ်း၊ အ၀မှာ ပန်းအိုး၂ အိုးထားထားသည်။
YOU ARE READING
ဆောင်းနှောင်း၊ ချောကလက်ကိတ် နှင့် ခပ်ချောချောကောင်ကလေး
FanfictionValentine's Day အမှတ်တရ