8

1.9K 165 4
                                    

ကြယ်တွေတော့ လင်းနေတာပါပဲ
ဒါပေမယ့် အကို့ကိုမြင်တယ်။
ဒီလိုအချိန်မျိုးဆို အကို့ကို သိပ်သတိရတာပဲ

ဟိုးတစ်ဖက်မှာ အကိုရော ဘာတွေလုပ်နေမလဲ
ညီမလို ကြယ်တွေကို မျှော်ငေးကြည့်နေမှာလား။
နေမှကောင်းရဲ့လား ... ထမင်းပုံမှန်စားရဲ့လား။
ဖြစ်နိုင်ရင် အကို့နဖူးပေါ် လက်ကလေးတင်ပြီး မေးစမ်းချင်မိပါတယ်။
အချစ်ဆိုတဲ့ ထုထည်က အဲ့ဒီ့လောက်ထိ ကြီးမားတယ်။

ဘဝမှာ တတ်နိုင်တဲ့အရာတွေရှိတယ်။
မတတ်နိုင်တဲ့အရာတွေရှိတယ်။
အခြေအနေအချိန်အခါမပေးလို့ တတ်နိုင်လျက်နဲ့
လျစ်လျူရှုလိုက်ရတာတွေရှိတယ်။
ရူးချင်ယောင်ဆောင်ရင်း သွက်သွက်ခါသွားတယ်ဆိုတာ
တကယ်တော့ ညီမပါ။

ဒါဆို ဘဝကြီးက ရှင်သန်ချင်စရာ ဘယ်ကောင်းတော့မလဲ
အဓိပ္ပါယ်ဆိုတာလဲမရှိပါပဲလို့ တွေးမိတိုင်း
နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကို
မှန်းဆပြီး လွမ်းရတယ်။
ဒီလိုနဲ့ သံသရာမှာ တဝဲလည်နေတော့တာပါပဲ။

ညီမမှမရူးရင် ဘယ်သူရူးမလဲ
ခပ်တိုးတိုးညည်းဆိုမယ့် အကို့သီချင်းသံလေး နားထောင်ရင်း
လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ထားမယ်။
မျက်လုံးလေးမှိတ်ပြီး ပုခုံးကျယ်ကြီးပေါ် မှီနေချင်တယ်။
အကို့အသက်ရှုသံလေးကို စိတ်ထဲမှာ ကျိတ်ပြီး ရေတွက်မယ်။
ဒီလိုနဲ့
ဘယ်တော့မှ ထိတွေ့နိုင်ခွင့်မရှိမယ့်
ပါးချိုင့်လေးထဲပဲ ဝင်ရောက်သေဆုံးမိပြန်တယ်။

ချစ်တဲ့စိတ်နဲ့ပဲ အရာရာကို မြိုသိပ်ခဲ့ရပါတယ်။
မပိုင်ဆိုင်ဖူးပေမယ့်လည်း
ဆုံးရှုံးရမှာကို ကြောက်ခွင့်တော့ရှိပါတယ်။
ညီမဘေးနား အကို မရှိဖူးပေမယ့်လည်း
ညီမနှလုံးသားထဲမှာတော့ အကို အမြဲရှိနေတယ်။
အပြင်မှာ အကို့ကိုမပိုင်ဆိုင်ရလည်း
ရင်ထဲက အကို့ကိုတော့ ဘယ်သူမှလာပိုင်လို့မရဘူးပဲ။
မေတ္တာဟာ သူ့ချည်းသက်သက်ဆို လှပါတယ်။

အမြင့်တစ်နေရာကကြည့်ရင်
ကောင်းကင်နဲ့ ကမ႓ာမြေလည်း ဆုံတယ်လို့ ထင်ရတာပဲ။
အကိုနဲ့ ညီမလည်း စကြာဝဋ္ဌာရဲ့တစ်ထောင့်တစ်နေရာကကြည့်ရင်
ဆုံချင်ဆုံနေမှာပဲ။
ဘယ်သူသိမှာလဲ ...

ဒီလိုပြောလို့ ညီမရဲ့အကို့ကို အားလုံးက လူဆိုးကြီးထင်နေဦးမယ်။
တကယ်တော့ အကိုက ကလေးဆိုးရယ်။
ပင်ပန်းပြီလားမေးရင် ရတယ်လို့ဖြေတယ်
နာကျင်မှုတွေကို လူတွေမသိအောင် ဖုံးဖိတယ်။
အဆင်ပြေလားမေးရင် ပြေတယ်လို့ပဲ ဖြေတယ်။
ကွယ်ရာမှ ကျိတ်ပြီး ဒဏ်ရာတွေကို တစ်ယောက်ထဲကုစားတယ်။

အကို့ကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပျော်စေချင်တယ်။
ဖြူစင်တဲ့ အကို့အပြုံးတွေကို အမြဲမြင်ချင်တယ်။
အကို့ကို အကိုအဖြစ်နဲ့ပဲ ရှင်သန်စေချင်တယ်။
လိုအပ်တယ်ဆို ညီမကို မေ့လိုက်လည်း ရတယ်။
ဒါပေမယ့် အကိုက သူတစ်ပါးရပ်တည်နိုင်ဖို့
ကိုယ်တိုင်ကအပြိုလဲခံမယ့်သူမျိုး။
အဲ့ဒါကြောင့် ပိုစိတ်ပူရတယ်။
ချစ်ခြင်းတွေလည်း ညီမကြောင့် ပူလောင်ကုန်ပြီနဲ့တူတယ်။

ရယ်ရတယ် အကိုရယ်
ဒါတောင် အကိုနဲ့ ညီမက အဝေးဆုံးမှာ ဝေးနေကြတယ်။
ရယ်ရတယ် ရယ်ရတယ်
ဒါပေမယ့် ဘာလို့ မျက်ရည်တွေပဲကျလာသလဲ။
အင်း ... ရယ်ရလို့ပဲ နေမယ်။

အိပ်မက်တွေရှိတယ်။
ပျော်ရွှင်ခြင်းတွေ .. စိတ်ချမ်းသာခြင်းတွေ ..
ကြင်နာနွေးထွေးခြင်းတွေ။
ပြည့်စုံတဲ့ အိပ်မက်တွေရှိတယ်။
မောပန်းတဲ့အခါ အဲ့ဒီ့အိပ်မက်တွေကို
ခဏလောက်ဖြစ်ဖြစ် ငေးကြည့်ပါ။
ဝေးနေရုံကလွဲ ညီမတတ်နိုင်တာရှိသေးရင်
အကိုအမောပြေမယ့် အိပ်မက်ကလေးတွေချည်း
ဒီကမ႓ာပေါ်မှာ တယုတယစိုက်ပျိုးပေးခဲ့မှာ။

အဲ့အတွက် ပြန်လည်တောင်းဆိုချင်တာ
တစ်နေ့နေ့မှာ
"သိပ်ချစ်တယ်" ဆိုတဲ့ စကားကို
ညီမ ပါးစပ်က ဖွင့်ပြောစရာမလိုပဲ အကို နားလည်ပါ။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now