အင်း ကျနော်သူ့ကိုချစ်နေမိပြီ။ ဒါက တစ်ရာ ရာခိုင်နှုန်းသေချာတယ်ဆိုတာ ကျနော့်နှလုံးသားက အတိအကျပြောပြနေတယ်။ ဒီတိုင်းချစ်တာမဟုတ်ပဲ ကျနော့်သူ့ကို နက်နက်ရှိုင်းရှိုင်းကို ချစ်မိနေတာပါ...။
သူကရော...ရှင်းပါတယ် သူလည်းကျနော်ချစ်သလောက် ချစ်ပါတယ်။ ဒါပေမဲ့ သူကအဖြူရောင်သံယောဇဉ်တွေနဲ့ပေါ့။ သူ့ကို ကျနော့်ကိုချစ်လားလို့မေးရင် သူအတိအကျဖြေမှာက ''မင်းထက်ပိုတယ် '' လို့ပြောမှာပဲ။ သူ့လိုအဖြူရောင်မဟုတ်ပဲ ပန်းရောင်ဘက်ကိုကူးပြောင်းနေတဲ့ ကျနော့်ခံစားချက်တွေကို မျက်ကွယ်ပြုပြီးတော့ပေါ့။
သိသိသာသာပြောင်းလဲနေတဲ့ ကျနော့်ကို ဘာလို့များ တစ်စက်လေးတောင် မရိပ်မိခဲ့ဘူးဆိုတာကရော...။ လူတိုင်းနီးပါးကတော့ပြောတယ် သူက တကယ်ကိုငတုံးလေးတဲ့။ တကယ်ပါပဲ ချစ်ဖို့ကောင်းတဲ့ ငတုံးလေးပါပဲ။
အခုလည်း တစ်နာရီလောက်ကြာတဲ့အထိ ထိုင်ကြည့်နေတဲ့ ကျနော့်ကို တစ်ချက်လေးမှလှည့်မကြည့်ပဲ ရှေ့မှာရှိတဲ့စာအုပ်ကိုပဲ သဲကြီးမဲကြီး ဖတ်နေပြန်တယ်။ လူတိုင်းမှာရှိတဲ့ ဆဋ္ဌမအာရုံဆိုတာလည်း သူ့မှာမရှိဘူးများလားဟင်?
ဖြူစင်ပြီးရိုးရှင်းတဲ့ သူ့အလှ? အမျိုးသားတစ်ယောက်ကို လှတယ်လို့ပြောရင် ရိုင်းရာများကျမလား။ အင်း ဒါပေါ့။ သူ့ကို ချစ်ဖို့ကောင်းတယ်လို့သုံးရအောင်လည်း မဟုတ်ပြန်ဘူး။ ခန့်ညားလွန်းတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒီတိုင်း ရိုးရိုးလေးနဲ့ သူက ကျက်သရေရှိလွန်းတာများလား ။
အရမ်းကြီးလည်း ဖြူစွတ်မနေပဲ အလယ်အလတ်အသားအရေနဲ့ ဆံပင်ကိုလည်း ဘာအရောင်မှမဆိုးပဲအလယ်ခွဲပဲ ခွဲထားပြန်တာတောင် သူက တကယ်ကြည့်ကောင်းလွန်းနေပြန်ရော။ တစ်ခါတစ်လေ အူကြောင်ကြောင်နိုင်လွန်းတာလည်း သူ့ဆွဲဆောင်မှုတစ်မျိုးလေပဲလား။ အမြဲတမ်းပဲ ရိုးလွန်းတဲ့ ရှပ်အင်္ကျီလေးတွေနဲ့ ဂျင်းလေးတွေ တွဲဖက်ဝတ်တာကလည်း သူ့ရဲမူပိုင်စတိုင်လ်လိုမျိုးလေးပဲ။