Memorable

223 21 4
                                    

Unicode

အမှတ်တရဆိုတာ အမှတ်ရနေဖို့ပဲမလား ညီညီ။ တချို့အမှတ်တရတွေက ပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး တချို့တွေက ဝမ်းနည်းစရာဖြစ်နေတတ်တာပဲ ကွာတာပါ။ အမှတ်တရဆိုတာ အမှတ်ရစရာပဲမို့ မင်းနဲ့အတူသွားခဲ့ဖူးတဲ့ ခရီးတစ်ခုအကြောင်းကိုတော့ မမေ့နိုင်အောင် ကိုယ်အမှတ်ရနေမိတယ်။

အလုပ်ကိစ္စနဲ့ ကိုယ်တို့နှစ်ယောက် မြို့လေးတစ်မြို့ကို ခရီးသွားရတော့ အတူသွားခွင့်ရတဲ့ ကံကြမ္မာကို ကိုယ်ကြိတ်ပြီး ကျေးဇူးတင်ဖူးတယ်။ 'တိုက်ဆိုင်လိုက်တာနော် အတူတူသွားရမှာတဲ့။ ကြည့်ရတာ ကျွန်တော်တို့က ရေစက်ပါတယ်ထင်တယ်နော် ဆိုတဲ့စကားလေးကိုပဲ ပြုံးစိစိရုပ်လေးနဲ့ ကိုယ့်ကို စသလိုလို လာပြောနေတဲ့ ညီညီက ချစ်စရာကောင်းတဲ့ ကလေးဆိုးလေးပဲ။ ပျော်ရင် ပျော်တယ်လို့ ကိုယ့်ကိုကြည့်ပြီး ပြောလိုက်ပါလား ညီရယ်။ ညီညီပြောလိုက်ရင် ပိုပျော်သွားမယ့်လူက ကိုယ်ပါလေ။

ကားပေါ်မှာ ကောင်းကောင်းအိပ်တတ်တဲ့ ကိုယ်က တစ်လမ်းလုံး အိပ်လာခဲ့ပြီး ညီညီကိုများ ဒုက္ခပေးမိသလားလို့ စိုးရိမ်နေမိပေမယ့် ညီညီက ဘာမှမပြောတော့ တော်ပါသေးရဲ့ဆိုပြီး ကိုယ်သက်ပြင်းချမိတယ်။ တည်းခိုမယ့်နေရာရောက်လို့ ညီညီ ခြေပစ်လက်ပစ်နဲ့ အိပ်နေတာတွေ့တော့မှ ကားပေါ်မှာ ကိုယ်တော်တော်ပဲဒုက္ခပေးခဲ့မိတာလားဆိုပြီး တွေးမိတာပဲ။ ညပိုင်းရောက်လို့ ရေချိုးကြတော့ ရေချိုးခန်းထဲမှာ ဆံပင်ချည်အရှည်ကြီး တွေ့တယ်ဆိုပြီး ညီညီက ကြောက်နေပြန်ရော။ ခင်ဗျားမှာတော့ ဒီလောက်ရှည်တဲ့ဆံပင် မရှိဘူးမလားဆိုပြီး ပေါက်တတ်ကရက မေးနေသေးတော့ ညီညီဟာ တကယ်ပဲသရဲကြောက်တတ်တာ ပါလားလို့ပေါ့။ ဒါပေမယ့် တကယ်ပဲကြောက်တတ်တဲ့သူက ကိုယ်ဖြစ်သွားမယ်လို့တော့ မသိလိုက်ဘူး။

ညပိုင်းရောက်လို့ အိပ်ကြမယ်ဆိုတဲ့အခါမှ ညီညီက သူကြောက်ရတဲ့အကြောင်းကို ဖွင့်ပြောတော့တာ။ ညနေက သူအိပ်နေတုန်း အိမ်မက်မက်တယ်ဆိုပဲ။ အိမ်မက်ထဲမှာ သရဲမနှစ်ကောင်က သူတို့ကုတင်ခြေရင်းတွေမှာ တစ်ယောက်စီထိုင်ကြည့်နေသတဲ့။ နိုးလာလို့ ရေချိုးတော့လဲ အခုမှအသစ်ထုတ်သုံးတဲ့ဆပ်ပြာမှာ ဆံပင်ချည်အရှည်ကြီးက ၂ ချောင်းတောင်ဆိုတော့ သူကြောက်တာ မလွန်ဘူးတဲ့လေ။ အမှန်အတိုင်းဝန်ခံရရင် အဲ့ဒီအကြောင်းကြားပြီးတော့ ကိုယ်လည်း အရမ်းလန့်သွားမိတယ်။ ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ကျီစယ်ချင်ပုံပဲ။ လန့်စရာကောင်းတဲ့ ဒီအခြေအနေကြီးမှာမှ မီးက ဝုန်းဆို ပျက်သွားတော့တာ။ မီးလည်းပျက်ရော အမှောင်ထဲမှာရှိတဲ့ ညီညီရဲ့ကုတင်ပေါ်ကို ဘယ်ကဘယ်လိုရောက်သွားမှန်းမသိပဲ ကိုယ်ရောက်သွားတော့တာ။ အဲဒီအချိန်မှာ ကိုယ့် နှလုံးသားက ပြုတ်ကျမတတ်နဲ့ကို တဒိန်းဒိန်း နဲ့ ခုန်နေတာပေါ့။ သရဲမကိုပဲ ကြောက်လို့လား ကိုယ့်ကိုဖက်ထားပေးတဲ့ ညီညီလက်လေး ကြောင့်လားတော့ မသိဘူးပေါ့နော်။

ကိုကိုရယ် ညီညီရယ် ဂစ်တာတစ်လက်ရယ်Where stories live. Discover now