သန်းခေါင်ယံ ချစ်သူအပိုင်း(38)

3.1K 238 2
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(38)

စ၀်ဟုန်ဖ သည် နဂါးကြီးကိုတွေ့သည်နှင့် ပျော်သလို ခံစားလိုက်ရသည်။ ကြမ်းတမ်းသည့် အမဲလိုက်ခြင်းကို မွေ့လျော်သူပီပီ ခက်ခဲကြမ်းတမ်းသည်ကိုသာ သဘောကျသည်။ နဂါးကြီးကိုတွေ့တော့ လည်ပတ်နေသည့် သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။

"လှလိုက်တဲ့ ကောင်ကြီး။"

စ၀်ဟုန်ဖက စွဲမက်စွာကြည့်ကာ ရေရွတ်လိုက်သည်။ ပုလဲနက်သည် တောင်တန်းသခင်ကို အံ့သြစွာလှည့်ကြည့်ကာ ပြောလိုက်သည်။

"ရှင်ရူးနေလား။ ဒီနဂါးကြီး မီးနဲ့မှုတ်လိုက်ရင် ကျွန်မတို့ပြာကျသွားမှာပေါ့.."

စ၀်ဟုန်ဖက ပုလဲနက်ကို ရွှမ်းရွှမ်းစားစားကြည့်ကာပြောလိုက်သည်။

"ရေကို ခိုင်းစေနိုင်တဲ့ မှော်ပညာရှင်က မီးနဂါးကို လန့်တယ်တဲ့လားကွာ။ ပုလဲနက်က ရေစွမ်းအင် သိပ်ထက်မြက်တယ် ဆိုတာ ကျွန်တော် သိပြီးသားပါ။ ခုတောင် ပုလဲနက် အားကိုးနဲ့ကျွန်တော် ဆင်းလာတာ."

ပုလဲနက် သူ့ကို မျက်စောင်းတစ်ချက်ပစ်ထိုးလိုက်သည်။ အတော့်ကို အပြောကောင်းသည့် တောင်တန်းသခင်။ အသည်းစာ ဘုရင်ဘွဲ့ကို လွယ်လွယ်တော့ရခဲ့တာ မဟုတ်တာ သေချာသည်။ ပုလဲနက် သည် သူ့ကိုကျောခိုင်းကာ

နဂါးကြီးစောင့်နေသည့် အရာကို ရှာဖွေလိုက်သည်။ ဟော... တွေ့ပါပြီ။ နဂါး လည်ပင်းတွင် ဆွဲထားသည့် ချူလို အလုံးကို တွေ့လိုက်သည်။ သေချာသည်။ မိမိရသည့် စွမ်းအင်က ထိုနေရာမှ ဖြာထွက်နေသည် မဟုတ်လား။

"နဂါးလည်ပင်းက ကြုတ်ထဲမှာ အမတ ရတနာရှိတယ်။"

စ၀်ဟုန်ဖက တိုးတိုးပြောလိုက်သည်။ သူမ လှည့်မကြည့်ပဲ ခေါင်းငြိမ့်လိုက်သည်။ စ၀်ဟုန်ဖသည် သူမလေး၏ တောက်ပသော ဆံနွယ်မှ သင်းရနံ့ကိုရှုရှိုက်ရင်း ရင်ဝယ် ပျော်ရွှင်သည့် အရိပ်တို့ တရှိန်ရှိန် တက်လာခဲ့သည်။ မိမိ၏ ညှို့ငင်နိုင်သည့် အစွမ်းသည် ပုလဲနက်ကို မည်သိုမှ မထိခဲ့ပေ။

အင်းလေ.........ဘယ်ထိမှာလဲ။ သူမက ပင်လယ် ပြင်ကို အပိုင်စားအုပ်ချုပ်ရတဲ့ ပုလဲဒေ၀ီ ပေကိုး။ ဒီလောက် စွမ်းအင်ကို မမှုလို့ သူမက တောင်ပိုင်း ရေငန်ဒေသမှာ အုပ်ချုပ်နေနိုင်တာပဲ...

စ၀်ဟုန်ဖသည် တွေးချင်တိုင်း တွေးနေမိသည်။ ပုလဲနက်ကို ဟိုး အရင် ခေါင်းဆောင်ရွေးပွဲကို တက်ရောက်ကတည်းက သတိထားမိခဲ့သည်။ထိုစဉ်က မိမိက ဖခင်ကြီးနှင့်အတူ ပါလာခဲ့သည်။ သူမကလည်း သူမ မိခင်နှင့် အတူပါလာခဲ့သည်။ ငယ်ရွယ်နုပျိုပြီး လှပတဲ့ သူမလေးကို မြင်မြင်ခြင်း စ၀်ဟုတ်ဖ စွဲလန်းခဲ့သည်။ သို့သော်.... ခမည်းတော်နဲ့ သူမ မိခင်က မတည့်ကြတဲ့ ပြိုင်ဖက်တွေဆိုတော့ သူမ အနားကို သွားခွင့်မရခဲ့ပါ။ ထို့ကြောင့် စ၀်ဟုန်ဖသည် နှစ်ပေါင်း တစ်ရာ လုံးလုံး သူမကို မေ့သွားမလားဆိုပြီး တောင်တန်းဒေသ တစ်ခွင်လုံးက မိန်းကလေး တိုင်းနှင့်တွဲခဲ့သည်။ မည်သူ့ကိုမှ ချစ်လို့မရခဲ့ပေ။ အသည်းစား ဘုရင်ကြီးဆိုသည့်ဘွဲ့သာ တိုးလာခဲ့သည်။

ယခု သူမကို ပြန်တွေ့တော့သူမ၏ မိခင်နေရာတွင် သူမက တာဝန်ယူထားလေပြီ။ မိမိလည်းခမည်းတော်၏ နေရာတွင် တာဝန်ယူကာ အုပ်ချုပ်နေရပြီမဟုတ်လား။ ရေတံခွန်လိုဖြာကျနေသည့် ဆံနွယ်များကို ငေးကြည့်ကာ ရင်ထဲမှ တီးတိုးပြောနေမိသည်။

"ချစ်တယ် ပုလဲရယ်။ မင်းကို စတွေ့ကတည်းက ချစ်တဲ့စိတ် ခုထိမပြောင်းလဲသေးဘူး။ မင်းကို ချစ်တယ်။"

ပုလဲနက်သည် နဂါးကြီးကို ကြည့်ပြီး ဘယ်လို တိုက်ခိုက်ရမည်ကို အကြံအိုက်နေသည်။ နဂါးကြီးကို တဖက်ကို အယောင်ပြခေါ်ပြီး အနောက်ကနေ တိုက်ခိုက်ရမည်။ ချက်ကောင်းကို တခါတည်း တပြိုင်တည်းနှစ်ယောက်ပေါင်း ညှပ်ပြီးတိုက်ခိုက်လျှင် အနိုင်ရနိုင်သည်။

ပုလဲနက်သည် စ၀်ဟုန်ဖကို တိုင်ပင်ရန်လှည့်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းများက မိမိဆံနွယ်ကိုငေးကြည့်နေသည်မဟုတ်လား။ ပြီးတော့ မိမိခံစားမိလိုက်တာက နွေးထွေးသည့် အချစ်တစ်ခု။ ပုလဲနက် ရင်ထဲလှိုက်ခနဲဖြစ်သွားသည်။ မယုံနိုင်အောင်လည်းဖြစ်သွားသည်။ မိမိတိတ်တခိုးစွဲလန်းခဲ့ရသည့် တောင်တန်းသခင် အသည်းစားဘုရင်ကြီးက မိမိကို ချစ်နေသည်တဲ့လား။

သို့သော် ပုလဲနက်သည် စိတ်ကိုစုစည်းလိုက်သည်။ မိမိ စိတ်တို့ပျော့ညံ့လို့မဖြစ်ပါ။ ပြိုင်ပွဲကို အာရုံပြန်စုစည်းလိုက်သည်။

"ရှင်... နဂါးရဲ့မီးကို တန်ပြန်တိုက်နိုင်တယ် မလား။ "

"ဟင်.... အင်း တိုက်နိုင်တာပေါ့ အဲ့မီးလောက်ကတော့ အေးဆေးပါ။"

စ၀်ဟုန်ဖ သတိဝင်လာပြီးပြန်ဖြေလိုက်သည်။ သူမ မရိပ်မိအောင် သက်ပြင်းကို ကြိတ်ချလိုက်မိသည်။ သူမအနားတွင် နေရရုံဖြင့် စိတ်တို့အေးချမ်းလွန်းလှသည်။ စ၀်ဟုန်ဖသည် အမတကို ရအောင်ယူရန် ဆုံးဖြတ်လိုက်သည်။

"ဒါဆို ကျွန်မ အယောင်ပြပြီးခေါ်သွားမယ်။ ရှင် နဂါးနဲ့အနီးဆုံးကို သွားပါ။ နဂါး လည်ပင်းက ချူကို ရအောင်ဖြုတ်ပါ။ သူ့အမြီးကို ဂရုစိုက်။ "

ပုလဲနက်က ပြောပြီးလှစ်ခနဲပြေးထွက်သွားမည်အပြု စ၀်ဟုန်ဖက သူမလက်ကိုလျှင်မြန်စွာ ဆွဲယူကာ ပြောလိုက်သည်.။

"ကျုပ်သွားမယ်။ မင်း ရေဓါတ်နဲ့ကိုယ့်ကိုယ်ကို ကာထားပါ။ သူ မင်း ကို မတော်တဆ တွေ့သွားရင် မီးမှုတ်လိမ့်မယ်။ နဂါးနဲ့ မျက်လုံးအကြည့်ထဲ မနေနဲ့။ သူ့ရဲ့ နောက်စေ့တည့်တည့်မှာနေပါ။ "

"နေဦး စ၀်ဟုန်ဖ..."

စ၀်ဟုန်ဖသည် မှာစရာမှာပြီး လှစ်ခနဲထွက်သွားတော့သည်။ ပုလဲနက် လှမ်းဆွဲချိန်မရလိုက်ပါ။ သူက နောက်ကို လှည့်မကြည့်တမ်းထွက်သွားခဲ့သည်။ ပုလဲနက်၏ ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။

"စ၀်ဟုန်ဖ တခုခုဖြစ်ရင် ရှင့်ကို သတ်မယ်.."

ပုလဲနက် ကြိမ်းလိုက်မိသည်။ နဂါးကြီးက သူ့ကို မြင်ပြီးဟိန်းကာ မီးနှင့်မှုတ်လိုက်သည်.

"ဂါးးးးးးးးးးး"
"၀ုန်း....၀ုန်း..."

နဂါးကြီးက အော်ဟစ်ပြီး မီးနှင့်မှုတ်ကာ ပြေးလာခဲ့သည်။ စ၀်ဟုန်ဖသည် မီးကသိုဏ်းကိုဝင်စားလိုက်စဉ် မိမိတကိုယ်လုံးကို အနီရောင် အလင်းများက ကာရံထားလိုက်သည်။ နဂါး၏ မီးကအရှိန်ပြင်းသော်လည်း မီးဓါတ်ကို ပိုင်နိုင်အောင် ကျင့်ထားသည့် မိမိအတွက် မမှုပါ။ တစ်ခုပဲရှိသည်။ နဂါးက မီးနှင့်မှုတ်ရုံမက အမြီးနှင့်ပါ ရိုက်သည်။ ဒါကိုတော့ရှောင်ရသည်။ အရိုက်ခံရလျှင် အတော်ကို နာသွားနိုင်သည်။

"၀ုန်း ...၀ုန်း...."

ပုလဲနက်သည် စ၀်ဟုန်ဖနှင့် နဂါးကြီး တိုက်ပွဲကို ကြည့်ကာ နဂါး၏ အနောက်ဘက် ကျောက်ချွန်းထက်သို့ တိတ်တိတ်လေး တက်လာခဲ့သည်။ နဂါးမီးက အတော့်ကို အရှိန်ပြင်းလှသည်။ သို့သော် စ၀်ဟုန်ဖက ဖြုံသည့်ပုံမပေါ်ပါ။ တခုပဲရှိသည်။ နဂါးအမြှီးရိုက်ချက်ကိုပဲ အသေလဲရှောင်နေရသည်။ နဂါး၏ လက်သည်းနှင့် အမြီးကြားတွင် ပွတ်ကာ သီကာ ရှောင်ရှားနေပုံက ကြည့်နေရသူကို ရင်တမမဖြစ်စေသည်။

ပုလဲနက်သည် ရေစွမ်းအင်ကို လက်တွင်စုစည်းထားလိုက်သည်။ တကယ်လို့ စ၀်ဟုန်ဖ တစ်ခုခုဖြစ်လျှင် ၀င်ကူပေးနိုင်ဖို့ဖြစ်သည်။

"၀ုန်း... ဒုန်း...ဖြောင်း...."

နဂါးကြီးက အတော်ကို လည်သည်။ စ၀်ဟုန်ဖကို လိုက်ရိုက်လို့ မရတော့ နံဘေးမှ ကျောက်တုံးကို အမြီးနှင့် ရိုက်ကာ ပစ်လွှင့်လိုက်သည်။

"၀ုန်း...."

စ၀်ဟုန်ဖသည် လွင့်ပျံလာသည့် ကျောက်တုံးကြီးကို မီးစွမ်းအားနှင့် ပေါက်ကွဲအောင်လုပ်လိုက်သည်။ ထိုစဉ် နဂါးကြီးက အနားကို ကပ်လာပြီး လက်သည်းနှင့်ကုတ်သည်။ မီးနှင့်လည်းမှုတ်သည်။

"စ၀်ဟုန်ဖ...သတိထား..."

ပုလဲနက်သည် သူ့ကို စိုးရိမ်ပြီးအော်ကာ သတိပေးလိုက်သည်။ စ၀်ဟုန်ဖက ချက်ချင်းကို ရှောင်လိုက်နိုင်သော်လည်း နဂါးကြီးက အနောက်ဘက် တွင် ရန်သူ တစ်ဦးရောက်နေသည်ကို သတိထားလိုက်မိသည်။ စ၀်ဟုန်ဖသည် ပုလဲနက်ဘက်ကိုလှည့်သွားသည့် နဂါးကြီးကြောင့် မီးစွမ်းအင်ဖြင့် နဂါးမျက်လုံးကို ပစ်လွှတ်လိုက်သည်။

"၀ုန်း..."
"ဂါး...ဂါး..."
"၀ုန်း..၀ုန်း...."

နဂါးကြီးသည်မျက်လုံးကိုထိသောကြောင့် ဒေါသပိုကြီးသွားပြီး စ၀်ဟုန်ဖ နောက်ကို တရကြမ်းလိုက်တော့သည်။ စ၀်ဟုန်ဖက ခန်းမကြီးထဲ ပတ်ပြေးနေစဉ် ပုလဲနက်က အော်လိုက်သည်။

"ဒီဘက်ကိုလာ...."

ပုလဲနက်သည် ရေရှိသည့်ဘက်ကို ပြေးထွက်လာပြီး စ၀်ဟုန်ဖကို အော်ခေါ်သည်။ စ၀်ဟုန်ဖသည်လည်း အနောက်မှ ပြေးလိုက်လာခဲ့သည်။

"ဂါး...ဂါး..."

နဂါးကြီးသည် နံရံများကို အမြီးဖြင့်ရိုက်ကာ ပြေးလိုက်လာခဲ့သည်။ ကျောက်လှိုဏ်ဂူတစ်ခုလုံး တုန်ခါနေသည်။ ကျောက်သားတချို့လည်းပြိုကျလာခဲ့သည်။

"ရေထဲဆင်း...."

နှစ်ယောက်သား ရေထဲကို ငုပ်ဆင်းလိုက်သည်.။

"ဂါး...."

နဂါးကြီးကဒေါသကြီးကာ ချက်ချင်းကို ရေထဲလိုက်လာခဲ့စဉ် ရေထဲ နဂါးခြေချမိသည်နှင့် ပုလဲနက်က မိမိစွမ်းအားကို စုစည်းကာ ရေပိုက်ကွန်လုပ်လိုက်သည်။ ရေများက ပျံတက်လာပြီး နဂါးကြီးကို ဖန်လုံးလို အုပ်သွားခဲ့သည်။

"၀ုန်း....၀ုန်း......"

အမြီးဖြင့် ပတ်ကာ ရိုက်နေသော်လည်း ပုလဲနက်က မမှုပါ။ ရေက မိမိ ပိုင်နက်မဟုတ်လား။ နဂါးကြီးနှင့် ခပ်လှမ်းလှမ်းရေပေါ်တွင် ရပ်ကာစွမ်းအားမြှင့်ပြီး ရေလုံးကြီးနှင့် နဂါးကြီးကို ချုပ်ထားသည်။ နဂါးကြီးမီးနှင့်မှုတ်သော်လည်း ရေလုံးထဲတွင် ပိတ်မိကာသူ့ကိုပြန်လောင်နေသည်။

"ရှင် နဂါးမီးဒဏ်ကို ခံနိုင်၇င် အထဲဝင်ပြီး ချုကို ယူလိုက်ပါ။ သူ အခု အာရုံများနေတယ်။ ရှင်ဝင်သွားတာကိုသတိပြုမိမှာမဟုတ်ဘူး။ ကျွန်မ သူ့ကို ရေထဲ ဆွဲနှစ်လိုက်မယ်။ "

စ၀်ဟုန်ဖသည် ပုလဲနက်ပြောသည့် အကြံကို ချက်ချင်းသိကာ မီးကသိုဏ်းကို ၀င်စားပြီး ပုလဲနက်ဖွင့်ပေးသည့် ရေလုံးကြီးထဲ ၀င်လိုက်သည်။ နဂါးကြီးက တကယ့်ကို လန့်နေပြီး မီးနှင့် ထပ်ခါထပ်ခါမှုတ်နေသည်။ သို့သော် ထိုမီးက သူ့ကို ပြန်ပြန်ထိနေသောအခါ ရေပိုက်ကွန်ကို ဟိုတိုးဒီတိုးလုပ်နေသည်။ ရေပိုက်ကွန်က တဖြည်းဖြည်းကျဉ်းလာပြီး နဂါးကြီးကို ရေအောက်ကိုဆွဲချသွားစဉ် နဂါးကြီး ပိုပြီးထိတ်လန့်လာစဉ် စ၀်ဟုန်ဖက နဂါး၏ အနီးဆုံးကိုသွားကာ လည်ပတ်ကို မိမိပါလာသည့် ဓါးနှင့် ဖြတ်လိုက်သည်။ မိမိ၏ ဓါးက မီးတောင်ထဲက ရသည့် သံဖြင့်လုပ်ထားသောကြောင့် မာကြောကာ မည်သည့်အရာကိုမဆို အလွယ်တကူဖြတ်တောက်နိုင်သည်။ အထူးသဖြင့် နဂါးလည်ပတ်က မာကျောလွန်းလှပြီး မည်သည့် ဒါးနှင့်မှ မပြတ်နိင်ပေ။ မိမိဆီမှာ ရှိသည့် မီးဓါးနှင့်ပဲ ဖြတ်နိုင်သည်။

"၀ုန်း..."

ရုတ်တရက် နဂါးကြီးက သတိထားမိကာ လက်သည်းနှင့်ကုတ်လွှတ်ခဲ့သည်။ စ၀်ဟုန်ဖ တစ်ခါတည်း လွင့်ကျလာခဲ့သည်။ ပုလဲနက်သည် ရေပိုက်ကွန်ထဲမှ လွင့်ပျံထွက်လာသည့် စ၀်ဟုန်ဖကို ဆီးကာ ဖမ်းလိုက်ပြီးမေးလို်က်သည်။

"ရှင် ဒဏ်ရာရသေးလား"

"ဘာမှ မဖြစ်ဘူး သွားကြစို့...ရလာခဲ့ပြီ။"

နှစ်ယောက်သားလက်ခြင်းတွဲကာ ရေအောက်မှ တဆင့် ရေကန်ပေါ်ကို ပြန်တက်လာခဲ့သည်။ ရေစီးကြောင်းကို ဆန်လာရသည့် ခရီးသည် ပုလဲနက်သာ မပါလျှင် စ၀်ဟုန်ဖ ပြန်လာနိုင်မည်မဟုတ်ပေ။

ပုလဲနက်က ရေစီးကြောင်းကို ပြောင်းပြန်ဆန်လိုက်ပြီး အလိုက်သင့်မျောပါလာခဲ့သည်။ လက်တစ်ဖက်ကစ၀်ဟုန်ဖကို အတင်းဆုပ်ကိုင်ထားခဲ့သည်။သူ ကျန်ရစ်ခဲ့မည်ကို စိုးနေမိသည်။

ရေပေါ်ကိုရောက်တော့ စ၀်ဟုန်ဖသည် ရေများကို အန်ထုတ်လိုက်သည်။

"ရှင် ဘယ်လိုနေလဲ။"

ပုလဲနက်က စိုး၇ိမ်တကြီးမေးလိုက်သည်။ စ၀်ဟုန်ဖ၏ လက်မောင်းတွင် နဂါးလက်သည်းရာက သွေးထွက်နေသည် မဟုတ်လား။

"ရတယ်။ ရော့......ဒါကိုယူ အမြန်သွားတော့။ အချိန်စေ့တော့မယ်..."

စ၀်ဟုန်ဖက အနီရောင် အမတ ရတနာကို ပုလဲနက် လက်ထဲကို ပေးကာ ပြောလိုက်သည်။ ပုလဲနက် ရင်ထဲ ဆို့သွားခဲ့သည်။

"ဟင့်အင်း...ရှင်သွားပါ။ ရှင် ယူခဲ့တဲ့ရတနာ.."

စ၀်ဟုန်ဖက ပုလဲနက်ကို ပြုံးကြည့်ကာပြောလိုက်သည်။

"ကိုယ် ဒဏ်ရာရနေပြီ။ ဆက်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး။ မင်းပြိုင်ပါ။ မင်း နိုင်ရင် ကိုယ်နိုင်တာနဲ့ အတူတူပဲ။ "

ပုလဲနက်သည် ထိုစကားကိုကြားသော် စ၀်ဟုန်ဖကို ဖက်ကာ ပြောလိုက်သည်။

"ကျွန်မ ရှင့်အတွက် ဆက်ပြိုင်မယ်..ဟုန်ဖ..."

စ၀်ဟုန်ဖ ကျေနပ်သွားသည်။ ထို့ကြောင့် သူမ၏ ဆံနွယ်ကို နမ်း၇ှိုက်ကာ ပြောလိုက်သည်။

"သွားတော့... အချိန်နည်းနေပြီ။"

ပုလဲနက်သည် လေထဲတွင်ပျံသန်းပြီး တောထဲမှ ထွက်လာခဲ့သည်။

"တောင်ပိုင်းဒေသ မှော်ပညာရှင် ပုလဲနက် ရောက်ရှိလာပါပြီ။ အခု ပထမပြိုင်ပွဲမှာ အရှင် မင်းသတိုး၊ မြောက်ပိုင်း

မှော်ပညာရှင် ထူအားလားနဲ့ တောင်ပိုင်းမှော်ပညာရှင် ပုလဲနက်တို့ ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။"
ထရမ်းဇမ်းနှင့် စ၀်ဟုန်ဖက စင်ပေါ်မှ ဆက်လက်ယှဉ်ပြိုင်မည့်သူများကို ငေးကြည့်နေလိုက်သည်။ တကယ်ဆိုလျှင် သူတို့နှစ်ဦးလုံးက ပြိုင်ပွဲကို သိပ်ဝင်ပြိုင်ချင်သည့်သူများလည်း မဟုတ်သဖြင့် အေးအေးဆေးဆေးပင် မိမိတို့ခုံတွင် ၀င်ထိုင်လိုက်ကြသည်။

"ဒုတိယ ပြိုင်ပွဲမကြာခင် စတင်ပါတော့မယ်။ ပြိုင်ပွဲဝင်များ ခဏ အနားယူကြဖို့ အဆောင်ထဲကို ကြွကြပါ။ ပရိတ်သတ်အားလုံးလည်း ခန်းမထဲကို ကြွကြပါ။ ဒုတိယ ပြိုင်ပွဲက မှော်အိပ်မက် ခန်းမထဲမှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ "

မင်းသတိုးသည် နားနေဆောင်ဘက်ကိုထွက်လာခဲ့သည်။ နွေဦး နာကျင်ခံစားနေရသည်ကို မိမိ သိချင်သည်။ ထို့ကြောင့် မိမိ၏ အစောင့်ရှောက် မီးဌက်ကို ဆင့်ခေါ်လိုက်သည်။

အဆောင်ပြတင်းပေါက်တွင် မီးဌက်ပေါ်လာခဲ့သည်။ မင်းသတိုးသည် မီးဌက်၏ဦးခေါင်းကို လက်နှင့်အသာပွတ်လိုက်ပြီး မြင်သမျှကိာ ပြန်ကြည့်လိုက်တော့ အံကြိတ်လိုက်မိသည်။

"ယုတ်မာလိုက်ကြတာ... နွေဦးရဲ့ အလုပ်ထဲက AS တွေကို ထိန်းချုပ်ပြီး ကလေးကို စိတ်ဆင်းရဲအောင် နှိပ်စက်နေကြတယ်။"

မင်းသတိုး အံကို တင်းတင်းကြိတ်လိုက်သည်။ မည်သူ့လက်ချက်မှန်းကောင်းစွာသိထားပြီးဖြစ်လို့ သွေးတို့ပွက်ပွက်ဆူ လာခဲ့သည်။ အရီးတော် ရူပကလျဏီ၏ ဇီးကွက်ဖြူက မိမိတို့ဘက်ကို ကြည့်နေသည် မဟုတ်လား။ မိမိ၏ မီးဌက်လည်း ဇီးကွက်ဖြူကို တွေ့တော့ တစ်ချက်အော်သံပြုလိုက်သည်။ မင်းသတိုးသည် မီးဌက်၏ ခေါင်းကိုအသာပွတ်ပေးပြီး တီးတိုး အမိန့်ပေးလိုက်သည်။

"နွေဦးကို ဆက်ပြီး စောင့်ကြည့်ပေးပါ။ ဒုတိယ ပွဲပြီးရင် နားချိန် တစ်ရက်ရမယ်။ အဲ့ထိ အစွမ်းအားလုံးနဲ့တား။ အိပ်မက်ထဲကို အရောက်မခံနဲ့။ သွားတော့..."

မင်းသတိုးပြောလိုက်သည်နှင့် မီးဌက်က ချက်ချင်း အလင်းရောင်တောက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ထူအားလားသည် နောက်တစ်ပွဲအတွက် စိတ်လှုပ်ရှားနေသည်။ ပုလဲနက်ကတော့ စိတ်တည်ငြိမ်နေသည်။ သူမတစ်ယောက်တည်းအတွက် သာမက ချစ်သောသူအတွက် ပြိုင်ပွဲကို ဆက်ရမည် မဟုတ်လား။ ချစ်ခြင်းသည် ခွန်အားတစ်ခုဖြစ်နေသည်။

မင်းသတိုးသည် ခုံတစ်ခုတွင် ထိုင်ကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။ စိတ်ရော ကိုယ်ပါဖြေလျော့ကာ နားနေလိုက်သည်။ မကြာခင် လာမည့် ပွဲအတွက် စိတ်စွမ်းအင်ကိုစုစည်းရမည် မဟုတ်လား။

နွေဦးသည် စက်ရုပ်တစ်ရုပ်လို အလုပ်တွေကိုလုပ်နေမိသည်။ အလုပ်ပြီး အလုပ်။ သို့သော် အလုပ်ခွင်သည် ခါတိုင်းလို ပျော်စရာတော့ မဟုတ်တော့ပါ။ မိမိလုပ်သလောက် အဆူခံရသည့် နေရာဖြစ်နေသည်။

"အားလုံး သေချာလုပ်ကြမယ်နော်။ တစ်ခုလုပ်တာ မပြီးသေးဘူး။ စာရွက်ကြိုရေးထားတာမျိုး မလုပ်ပါနဲ့။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပါ။ နွေဦး သွေးပေါင်ချိန်ကို သေချာစောင့်ကြည့်ထား။ ဟိုသည် လျှောက်သွားမနေနဲ့။ "

ဆရာမကြီးက လူတကာကို အော်ဆူရင်း မနေ့က အဖြစ်ကို ချေးခြောက်ရေနူးကာ ထပ်ပြောနေပြန်သည်။ နွေဦးသည် အကိုဇော်ရှေ့ အပြောခံလိုက်ရသောကြောင့် မျက်နှာပူခနဲဖြစ်သွားသည်။ အကိုဇော်က ကလေးခွဲမွေးပေးနေသည် မဟုတ်လား။ နွေဦး အကိုဇော့်မျက်နှာကို မကြည့်ရဲအောင်ဖြစ်မိသည်။

"စိတ်ထဲ မထားနဲ့ နွေဦး။ အဲ့ဆရာမကြီးက အဲ့လိုပဲ။ သူ့အအော်လွတ်တာ တစ်ယောက်မှ မရှိဘူး။"

အကိုဇော်က လှမ်းပြောတော့ နွေဦး ခပ်နွမ်းနွမ်းလေးပဲပြုံးမိသည်။ ရင်ထဲမှာတော့ မကောင်းပါ။ မိမိလုပ်တာကို အသိမှတ်မပြုပဲ ဒီလိုဆူပဲဆူနေရင် အလုပ်သင်များ ကြောက်လန့်ပြီး ဘာကိုမှ လုပ်ရဲတော့မည် မဟုတ်ပေ။

"ဟိုကောင် သက်လွင် ဌာနထဲမှာ အတော် ပါတနာကျနေတယ် သိလား။ သူက ပေါင်းတတ်သင်းတတ်တယ်လေ။ ဆက်ဆံရေးကောင်းတယ် ပြောရမယ်။ မသဇင်ဆိုရင် သက်လွင် မောင်လေး ။ မောင်လေး သက်လွင်နဲ့ကို ဖြစ်နေတာကွ။ "

နွေဦး ပင့်သက်ကို အသာချလိုက်သည်။ ကောင်းပါသည်။ သက်လွင်က အလုပ်သိပ်မလုပ်သော်လည်း လူချစ်လူခင်ပေါသည် ဆိုတော့ ကောင်းပါသည်။ မိမိလို အလုပ်မှန်သမျှ ကုန်းလုပ်ပြီး အမြင်မကြည်ကြတာ ထက်စာရင် သက်လွင်ကို ချစ်ကြခင်ကြသည်ဆိုတော့ ကောင်းပါသည်ခင်ဗျာ လို့ပဲ ပြောရုံပဲလေ။

လုပ်ချင်တာ လုပ်ပြီးဖြစ်ချင်တာ ဖြစ်သည့် လောကကြီးကို နွေဦး စိတ်ပျက်လာမိသည်။ တကယ်အလုပ်လုပ်သူအတွက် နေရာဆိုတာ မရှိတော့ဘူးလားဟု တွေးမိသည်။ သူ့ကိုသတိရပြီးရင်ထဲ ကျင်ခနဲဖြစ်သွားမိသည်။ တနေကုန် နွေဦး စက်ရုပ်လို အသက်ကင်းမဲ့သည့် မျက်နှာနှင့် အလုပ်လုပ်နေမိသည်။ ဆရာမကြီးအော်ချင်တာ အော်၊ ဆူချင်တာဆူ။ နွေဦး လုပ်စရာရှိတာပဲလုပ်နေမိသည်။

"နွေဦး..သား ထမင်းချိုင့်ပါလား။ "

"ဗျာ...ဟုတ်ကဲ့။ ပါပါတယ် ဆရာမကြီး။"

"သွား သွား။ စားလိုက်ဦး။ ဒီနေ့ ကေ့စ်တွေများတယ်။ မင်းလည်း အများကြီးလုပ်ရဦးမယ်။ ခု ပါးတုန်းလေး
ပြေးစားလိုက်။"

ဆရာမကြီးက မနက်က သူဆူလိုက်တာ လွန်သွားလို့လား။ မိမိ မျက်နှာမကောင်းတာ တွေ့လို့လားတော့ မသိပေ။ ထူးထူးဆန်းဆန်း အနားလာမေးကာ အတင်းထမင်းစား သွားခိုင်းနေလိုက်သည်။ ဆရာမကြီးပြောမှ နာရီမော့ကြည့်တော့ 1 နာရီခွဲနေပြီ။ ခုမှ ရင်ထဲပူနေအောင် ဆာတာကို သတိပြုမိလိုက်သည်။

"သွား...သွား...စားချေ...ဒါကို ဆရာမကြီးကြည့်လိုက်မယ်။"

နွေဦး ထွက်လာခဲ့သည်။ နည်းနည်းတော့ နေလို့ကောင်းလာသလိုပင်။ ဆရာမကြီးက ဒီလိုတော့ မဆိုးရှာဘူးဟု တွေးမိသည်။

နေ့လည်စာကို စားရင်း ဗိုက်ထဲက အသံတွေငြိမ်သွားတော့ ထမင်းချိုင့်ကို သိမ်းလိုက်သည်။

"ဟာ နည်းနည်းပဲ စားတယ်။ နေမကောင်းဘူးလား နွေဦး။ အစားနည်းတာကော.."

အနားက မေ့ဆေးဌာနမှ အကိုက လှမ်းပြောသဖြင့် နွေဦးတော်သလို ဖြေလိုက်ပြီး ချိုင့်ကို သိမ်းလိုက်သည်။ စားချင်စိတ်လည်းမရှိပါ။ ဗိုက်ထဲက ပူနေတာ ပျောက်တော့ ဘယ်လိုမှ ဆက်မစားနိုင်တော့ပေ။

"ခင်ဗျား ဘယ်နားသွားသေနေတာလဲ ကဝေကြီး... တကယ်ပဲ ကျွန်တော့်ကို ပစ်ထားပြီလား။"

နွေဦးရင်ထဲမှ နာနာကျင်ကျင်ခံစားလိုက်ရပြီး သူ့ကို တမ်းတလိုက်မိသည်။ ညက ထူးထူးဆန်းဆန်း အနှိပ်စက်ခံချင်ကာမှ အိပ်မက်မမက်ပေ။ သတိုးရာဇာ၏ နှိပ်စက်တာကို ခံရလျှင် ရင်ထဲမှ နာကျင်မှုသက်သာမည်ဟု ထင်နေမိသည်။

သို့သော် အိပ်မက်ထဲတွင် အနှိပ်စက်မခံရပဲ အပြင်တွင်နှိပ်စက်ခံရတော့သည်။ ညနေပိုင်းတွင် မိမိနှင့် မျက်နှာကြော မတည့်သည့် လက်ထောက်ဆရာဝန် မသဇင်၏ ခွဲခန်းအလှည့်တွင် နွေဦး မိမိကို ဘလိုင်းကြီး တိုက်ခိုက်သည်ကို ခံလိုက်ရသည်။ မသဇင်ကခွဲ၊ သက်လွင်က ကူသည့်အလှည့်ဖြစ်သည်။ ညနေခင်းတစ်ခင်းလုံး နွေဥိီး သူတို့ တူးဆွသည်ကို ခံလိုက်ရသည်။

"နွေဦးလေး မနက်က ဆရာမကြီး ဆူတာကိုခံလိုက်ရတယ်ဆို..."

"ဟုတ်ကဲ့ မမ။"

"ဘယ်လိုဖြစ်တာလဲဟယ်။ သက်လွင်တုန်းကဆိုရင် တစ်ခါမှကို အဆူမခံရဖူးပါဘူး။ မင်းကျမှာ သေချာလိုက်လုပ် လေကွာ။ တော်ကြာ တို့ဌာနက မေ့ဆေး training လာဆင်းတဲ့သူတွေ ညံ့လိုက်တာ ချာတူးလန်ပဲဆိုပြီး သတင်းထွက်ရင် ရှက်စရာကြီးနော်။ ဟုတ်တယ် မလား မောင်လေး သက်လွင်။"

မသဇင်က ဘယ်လိုကိုဖြစ်နေသည် မသိတော့ပေ။ မိမိကို တမင်ကို ဦးတည် တိုက်ခိုက်နေသလိုပင်။ သက်လွင်ကို အဖော်ပင်စပ်လိုက်သေးသည်။ အခြား သူနာပြုများကလည်း လက်ထောက်ဆရာဝန် မမ၏ စကားကြောင့် နွေဦးကို ဘာလိုလို လှမ်းကြည့်နေကြသည်။ နွေဦး စိတ်တို့ညစ်နွမ်းလာမိသည်။ ဘာတွေလဲ။ မိမိ တခါလေး အဆူခံရသည်ကို သူတို့က ဘာကြောင့် စိတ်ဝင်စားပြီး ပြောဆိုနေရတာလဲ။

"ဟုတ်တယ် မမ။ ဆရာမကြီးက အတိအကျလုပ်တာကို ကြိုက်တာ။ "

ဟိုကောင်သက်လွင်ကပါ မီးလောင်ရာ လေပင့်လုပ်နေသည်။ နွေဦးသည် အလုပ်သင်ဆင်းကျသည့် အချင်းချင်းကို မျက်နှာလို အားရ ဘာကြောင့် ဒီလိုပြောရသည်ကို နားမလည်ပဲ သက်လွင်ကို ကျောပေးထားမိသည်။ သက်လွင် မေ့ဆေး ကိုလာရတုန်းက အရမ်းလွယ်တာကို ဆရာပြသည့်တိုင် တလွဲလုပ်လို့ ဆရာ ခဏခဏအော်ငေါက်နေသံကို မိမိကြားရသော်လည်း သူအနေရခက်မည်ကို စိုးပြီး ဘာမှ မမေးပဲ ဖာသိဖာသာနေခဲ့သော်လည်း ယခု သက်လွင်က မိမိကို လာပြီးနှိပ်ကွပ်နေသည်။

နွေဦး နူတ်ခမ်းကို တွန့်ကာ ပြုံးလိုက်မိသည်။ ရှိပါစေတော့။ မိမိလည်း အလွန်ဆုံးကြာ တစ်လပေါ့။ အလုပ်သင်ပြီးဖို့ တစ်လပဲ လိုတော့သည်လေ။

"သည်းခံ နွေဦး...သည်းခံ။"

နွေဦးသည် သူတို့ပြောသည်ကို ပြန်မတုန့်ပြန်တော့ပဲ ကျောပေးကာ နေလိုက်တော့သည်။ နားထိုင်းပမာ မတုန်မလှုပ်နေတော့ မသဇင်က သူပြောတာကို အရေးမလုပ်ရကောင်းလားဆိုပြီး မျက်နှာပုပ်သည်။ OG ဌာနကိုပြန်ရောက်လျှင် မိမိကို ဖိမည်ကို ဗေဒင်မမေးပဲ ကြိုသိနေလေပြီ။

"ဟင်းးးးး"

နွေဦး သက်ပြင်းသာ ရှိုက်လိုက်မိသည်။ ခွဲစိတ်သည့် ကေ့စ်အားလုံးပြီးတော့ နွေဦး ဆေးရုံမှ အမြန်ဆုံးထွက်လာခဲ့သည်။ မည်သူနှင့်မှ စကားတစ်လုံးမှ မပြောချင်ပါ။ ပြောချင်စိတ်လည်းမရှိပါ။ စိတ်တို့ ညစ်နူးနေသည်။ ဘ၀က အသက်ရှင်ရတာ တဖြည်းဖြည်း ငြီးငွေ့ဖို့ကောင်းးလာခဲ့သည်။

"ခင်တွယ်စရာမရှိတဲ့လောက။ အသက်ရှင်ရတာ အလကားပဲ။ သေသွားတာမှ ကောင်းဦးမယ်။"

နွေဦးသည် ကမ်းနားတွင် လေရှုရင်း မွန်းကြပ်စွာပြောလိုက်မိသည်။ ရင်ထဲက နာကျင်နေသည်။ခေါင်းထဲက ဟင်းလင်းဖြစ်နေသည်။ အသက်ရှင်တာထက် သေသွားတာက ကောင်းပါဦးမည်။ ထိုအတွေး နွေဦး ခေါင်းထဲပြည့်နေခဲ့သည်။

"ဖေဖေ..ကျွန်တော် စောလာခဲ့ရင် ကျွန်တော့်ကို အပြစ်ပြောမလားဟင်။ ကျွန်တော် အသက်မရှင်ချင်တော့ဘူး။"

နွေဦး သည် တမလွန်မှ ဖခင်ကို တပြီးပြောလိုက်စဉ် မင်းသတိုး၏ ရင်ဘတ်မှ စူးအောင့်သွားခဲ့သည်။ နာကျင်မှုက ပိုပြီးပြင်းထန်လာခဲ့သည်။

"နွေဦးလေး....ကလေး.... မင်း နာကျင်ခံစားနေရတာလား ကလေးရယ်။ "

မင်းသတိုး လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်မိသည်။ ချစ်သူရင်နာသည်ကို သိလျက် အနားကိုပြေးသွားပြီး ဖက်ထားခွင့်မရသည့်ဘ၀၊ နှစ်သိမ့်ခွင့်မရသည့် ဘ၀ကို မင်းသတိုးနာကြည်းမိသည်။


သန်းခေါင်ယံ ချစ်သူ  Season - 1Donde viven las historias. Descúbrelo ahora