ခပ်မြင့်မြင့် တောင်ကုန်းထိပ်နေရာတွင် ထင်းရှူးပင်များ တဖြည်းဖြည်းနှင့်ကျဲပါးသွားသည်။ ပူပြင်းသောနေရောင်တန်းများသည် အားလက်စ်၏ မျက်နှာပေါ်သို့ ထိုးကျလာသည်။ တောတန်းတစ်လျှောက် ခပ်ပြေပြေတိုက်ခတ်နေသော လေတိုးသံမှလွဲလျှင် အားလုံးတိတ်ဆိတ်နေသည်။ ထင်ရှူးပင်တစ်ပင်အောက်တွင် ညည့်ဘက်အချိန်များတွင်မှ လှည့်လည်ကျက်စားတတ်သော ဖြူကောင်လေးတစ်ကောင်၏ အဖြူနှင့်အနက်ရောင်ရောသော ဆူးချွန်ရှည်တစ်ချို့မှာ ပြန့်ကျဲကျနေသည်။
ယုန်ညိုလေးတစ်ကောင်မှာ ၀ပ်ကျင်းအတွင်းမှနားရွက်ပေါ်ရုံချောင်းကြည့်ကာ ချက်ချင်းလိုလိုပင် ပြန်လည်ပျောက်ကွယ်သွားသည်။ သိပ်မကြာလိုက်။ တောအုပ်အထက်ကောင်းကင်ယံတွင် သိမ်းငှက်ကြီးတစ်ကောင်သည် ၎င်း၏အညိုရောင်တောင်ပံများကိုဖြန့်ကာ ပျံသန်းလာသည်။ သိမ်းငှက်ကြီး၏ စူးရှသောအော်မြည်သံက တိတ်ဆိတ်နေသော တောအုပ်ကို လှုပ်နှိုးလိုက်သလို ကျယ်လောင်စွာထွက်ပေါ်လာသည်။
အားလက်စ်၏ ဒဏ်ရာများမှ စီးကျလာသော သွေးစက်များသည် မြေပြင်ပေါ်သို့ တစက်စက်ကျကျန်နေခဲ့သည်။ တောင်ကုန်းများသည် မြင့်မားလွန်းသည် မဟုတ်သော်လည်း တစ်ခုနှင့်တစ်ခု ဆက်နေသည်။ အားလက်စ်မှာ ရှေ့ဆက်ပြီး ခြေတစ်လှမ်းရွေ့ဖို့ပင် ခွန်အားမရှိတော့။ ပင်စည်တစ်ခုကို လက်ထောက်ပြီး ပင်ပန်းမောပန်းစွာ အသက်ရှူနေရသည်။ တောင်တွင်းရှိ ဖြုတ်ကောင်ငယ်များနှင့် တောယင်ကောင်တို့မှာ သူ့ ကိုယ်ခန္ဓာမှ ချွေးစက်များကြောင့် မျက်နှာအနားသို့ စုပြုံရောက်ရှိလို့လာသည်။ မျက်နှာနားမှာ တစ်ရစ်ဝဲ၀ဲပျံဝဲနေကာ ဒဏ်ရာပေါ် ၀ဲပျံနားဖို့ အားယူနေကြသည်။ ၎င်းတို့ကို ယပ်ခပ်မောင်းထုတ်ဖို့ အားလက်စ် သတိမရ။ တောင်ကုန်းအောက်နားမှ မြေပြန့်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာသည် စိမ်းစိုသောတောအုပ်ကြားမှာ ရှိနေသော်လည်း ကြောက်စရာကောင်းအောင် ခြောက်သွေ့နေသည်။ ရှိ ရှိသမျှ သစ်ပင်တို့သည် ပိန်လှီခြောက်ကပ်ကာ အရိုးပြိုင်းပြိုင်းနှင့်ဖြစ်သည်။ အတော်များများမှာ မီးသွေးခဲများလို မည်းနက်နေသည်။ ထင်ရှူးပင်များ၏ ပင်စည်များရှိ သစ်ခေါက်များမှာ အက်ကွဲရာများနှင့် အပူကြောင့် ကြွေကျတော့မည်လားပင် ထင်ရပါသည်။ တွဲလျောင်းကျနေသော ထင်ရှူးပင်၏ အခက်အလက်များမှာလည်း ထိကိုင်လိုက်တာနှင့် ကျိုးကျတော့မည်ကဲ့သို့ပင်။
YOU ARE READING
Dark Angel ( S - 2 )