အကြီးမကြီး

375 43 0
                                    


ဝတ္ထုတို

အကြီးမကြီး

“အကြီးမကြီး..”
“ရှင် လာပါပြီ..”
အ၀တ်လျှော်နေလက်စ လက်နှစ်ဖက်ကို ဆပ်ပြာ မစင်တစင်ဆေးပြီး ထဘီခါးနေရာဖြင့် လက်ကို ခါသုတ်ခါ အိမ်ရှေ့ဘက်ကို ထွက်လာခဲ့ရသည်..။
“အင့် ဈေးထဲလက်ကျန်လေး ရလို့ ၀ယ်လာတာ ဆီပူထိုးလိုက်..”
“ဟုတ်..”
ငါးခုံးမ ငွေရောင်လေးတွေ ပြည့်နေတဲ့ လက်ဝါးသာသာ ကျွတ်ကျွတ် အိတ်ကလေးကို ဆွဲကိုင်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်လာသည်..။
အဲဒါမှ ဒုက္ခ...ရေလာတုန်း အ၀တ်လျှော်မလား...ငါးခုံးမ မလတ်ချိန်ကျမှ ငါးကိုင်ရမလား..။
စိတ်တွေလည်း ညစ်ပါရဲ့..။
အ၀တ်က သုံးလေးထည်သာ ကျန်တော့လို့ ငါးခုံးမ အိတ်ကို တပြန်ကြည့်လိုက်သည်..။
အ၀တ်ဇလုံ နဲ့ ငါးထုတ်ကြားမှာ အကြီးမကြီး တစ်ယောက် နိုင်ငံတော် အဆင့်လုပ်နေရတဲ့ တာဝန်တစ်ခုလို ဝေခွဲရခက်နေရသည်.။
“ဟဲ့..အကြီးမ..ငါးအရင်ကိုင်ဟဲ့...နောက်ကျရင် ကိုင်မရတော့ဘူး.အခုတောင် အနံ့တွေ ထလာပြီ..”
“ဟုတ်..”
နိုင်ငံတော် အတိုင်ပင်ခံ မဟုတ်သည့် အကြီးမ၏ မိခင်ရဲ့ ခပ်ငေါက်ငေါက် စကားကြောင့် အကြီးမကြီး ဆတ်ခနဲ့ အသိဝင်သွားရသည်..။
အ၀တ်ဇလုံကို ရွေ့ပြီး ငါးထုတ်ကို အပေါက်သုံးပေါက်ပါနေတဲ့ ကြွေရေသုတ်ဇလုံထဲ ထည့်လိုက်သည်.။
ဟုတ်ပါရဲ့...။
တစ်ချို့ငါးတွေက ငွေရောင်တောက်နေပေမဲ့ တစ်ချို့ငါးတွေကတော့ နည်းနည်း ရွဲနေပြီ..။
လုပ်နေကျ လက်တွေက ထုံးစံအတိုင်း ငါးခေါင်းလေးတွေကို ပါးဟက်ကလေးတွေ ပါအောင် ခပ်သွက်သွက် ဆွဲဖြုတ်သည်..။
ခပ်ကြမ်းကြမ်း ရှိနေသည့် အ၀တ်လျှော်ကျောက်ပြားကို ရေဖလားဖြင့် ပက်ဆေးလိုက်ပြီး ငါးတွေကို အကုန်တင်ခါ လောဘတကြီး မြန်မြန် တိုက်လိုက်သည်..။
အကြေးခွံလေးတွေက သူတို့ အပေါ်က အကြီးမကြီးရဲ့ လက်ကြမ်း နဲ့ အောက်က ကျောက်ကြမ်းဒဏ်တွေကြောင့် ငါးခန္ဓာကို စွန့်ပြေးရတော့သည်..။
ငါးအကြေးခွံစင်သွားသလို ၀မ်းဗိုက်ထဲက အစာပလာတွေပါ စင်ကြယ်သွားတော့ အခွံပဲ ကျန်သည့် ငါးလေးတွေက အပုတ်နံ့ကင်းသွားသည်..။
ဟုတ်ပါရဲ့ အပုတ်ကောင် ရုပ်ဆောင်ဆိုတာ ဒါကိုပြောတာနေမှာပေါ့...။
ငါးတွေသေတာကမှ ကိုယ်တွေစား၇သေး...ကိုယ်တွေသေရင်ကော...။
“ဟဲ့....ပြီးပလား..”
“ဟုတ်ကဲ့..”
နောက်က  မိခင်အသံကြောင့် ကိုယ့် အရည်အချင်း ကိုယ်မယုံသလို နည်းနည်းညစ်နေတယ်ထင်ရတဲ့ ငါးသုံးလေးကောင်ကို ပြန်ယူပြီး ဖိတိုက်လိုက်သည်..။
“အဟွင်း..”
ဇလုံထဲက ငါးဖြူဖြူလေးတွေကို ကြည့်ရင်း အောင်မြင်မှု အဖြစ် ဂုဏ်ယူစွာ ပြုံးမိသည်..။
ဖေဖေက ဒီငါးကို ဆီပူထိုးရင် သိပ်ကြိုက်တာ...
သိပ်မများတော့ ဖေဖေ နဲ့ မေမေ အတွက် ဆီပူထိုးပြီး ဖွက်ထားမှပါလေ...။
ဟော...ဟော...ကြည့် အကြီးမကြီး ဗီဇက ပြလာပြီ...။
ကိုယ့်ကိုယ်ကို အားမရစွာဖြင့် နှုတ်ခမ်းမဲ့ ကဲ့ရဲ့လိုက်ပြီး ငါးကိုရေစစ်ခါ ဆားဖြူး၍ နယ်ခါ နှပ်ထားလိုက်သည်..။
အ၀တ်သုံးလေးထည် လက်ကျန်ကို ပြန်ဆောင့်လျှော်လိုက်ပြီး ရေလိမ်ညှစ်ခါ ၀ါးတန်းပေါ် ဖျက်ခနဲ့ ပစ်တင်ထားလိုက်သည်..။
ရေစစ်တော့မှ ခါပြီးလှန်းရင် ပိုလို့ လူသက်သာသည်မလား...။
ဒါပဲလေ...ဘယ်နေရာမဆို ပညာလိုတယ်...အကြီးမကြီးတဲ့..ဟွင်း..ဟွင်း...။
“ဘုတ်..”
“သေပြီ..”
“စပ်စလူးမ...ဆော့လှန်းနေတာ ကြည့်စမ်း မြောင်းထဲ ပြုတ်ကျပြီး..ပြန်ကောက်လျှော်...ရေပေးနေတာ နင့် ပထွေးမဟုတ်ဘူးဟဲ့...”
မေမေ့ရဲ့ စကားကြောင့် အကြီးမကြီး နှုတ်ခမ်းစူခါ  ကျသွားတဲ့ အငယ်ကောင် ကျောင်းစိမ်းဘောင်းဘီကို မြောင်းထဲပိုနှစ်ပစ်ပြီးမှ ဆွဲကောက်လိုက်သည်..။
ကဲ ဒီလောက်ကျချင်နေတာ မှတ်ကရော....။
အ၀တ်တွေ ကိစ္စ ပြီးတော့ မေမေ က ချူပ်ထည်နေတဲ့ အလုပ်ရှုပ်နေပြီ...။
ဒီပုံစံဆို ဒီနေ့လည်း အကြီးမကြီးပဲ ဟင်းချက်ရပါလိမ့်ဦးမည်..။
စေတနာထားပြီး ချက်သော်လည်း အစဉ်အမြဲ အဆူခံနေရတာ စိတ်ညစ်ရသည်..။
ဖေဖေ နဲ့ မေမေ အလုပ်ပင်ပန်းတာ သိလို့ ဆီလေး ငါးမတ်သားပိုထည့်မိရင် ဆီဖိုးနဲ့ မွဲမယ်ပြောလိမ့်ဦးမည်..။
ဒါဖြင့် ကြက်သွန် ပိုထည့်ပြီး အချိုမှုန့်လျော့ထည့်ရင်ကော...။
အမလေး...မကြားဝံ့  မနာသာတဲ့ ကြက်သွန်ကို ပထွေးတော်ရမဲ့ကိန်း ဆိုက်လိမ့်မည်...။
ဘာကြော်ကြော် ဘာချက်ချက် အမြဲသုံးသည့်အိုးမဲမဲတစ်လုံးကို မီးဖိုပေါ် ပြန်တင်ခါ မီးကို ယပ်တောင်ဖြင့် ခပ်ပြင်းပြင်းခပ်လိုက်သည်..။
ဟင်းမြန်မြန်ကျက်မှ မေမေရဲ့ အပ်ထည်တွေကိုလက်ချူပ်လိုက်ပေးလို့ရမည်..။
မဟုတ်လို့ မေမေ ကိုယ်တိုင်လုပ်ရင် ဇက်ကျောတက် ခေါင်းကိုက်ပြီး ခေါင်းပါ မထူနိုင်ဖြစ်တော့သည်..။
ပုလင်းထဲက ဆီကို ဓာတ်ပြုပစ္စည်း တစ်ခုလို သေချာ ဂရုစိုက်ပြီး နည်းနည်း လောင်းထည့်လိုက်သည်..။
အိုးကို လှုပ်ပြီး ကြော်မဲ့ ငါးနဲ့ ချင့်ချိန်ကြည့်တော့ နည်းနေလို့ ထပ်ထည့်ရသည်..။
များသွားပြီလား....။
မများပါဘူး...ကျန်တဲ့ ဆီနဲ့ ချဉ်ပေါင်ဟင်း ထပ်ချက်လိုက်မှာပေါ့ ဘာခက်တာမှတ်လို့...။
အကြီးမကြီး အရွယ် လှိုင်ဝတ်ရည်တ်ု့ ဆို ဒီလို မျိုး ခန့်မှန်းနိုင်မလား...
အမလေး..ဝေးသေး..မိတ်ကပ် အကောင်းစားက ဈေးဘယ်လောက်...ဘယ်အကျီ င်္စက ဈေး ဘယ်လောက်ပဲ သိတာ မဟုတ်လား..။
အဲ ကျောင်းတက်နေရတော့လည်း...ခေတ်မှီသည်ပေါ့လေ...။
အကြီးမကြီး ကတော့ ကိုးတန်းကတည်းက ထွက်လိုက်ရတဲ့ ကျောင်း...ပြန်ကို တက်ရတယ် မရှိဘူး..။
မေမေ ပြောထားတဲ့ အဆင်ပြေရင် ပြန်ထားပါ့မယ်ဆိုတဲ့ ကတိကြောင့် အခုလို တွေးမိတာပါ..။
ပြန်လည်း မတက်ချင်တော့ပါဘူး...။
အိမ်ရဲ့ အခြေအနေ ကို ကောင်းကောင်းသိနေတာပဲ မိဘတွေကိုလည်း ဒုက္ခမပေးချင်ပါဘူး...။
တက်နိုင်ရင် အကြီးမကြီးပဲ ငွေတွေ အများကြီးရှာပြီး မိဘတွေကို နားနေစေချင်သည်..။
ဒါပေသိ အသက်က ၁၇ ပညာအရည်အချင်းက ကိုးတန်းမအောင် ဆိုတော့ ဆိုင်အကူလောက်တောင် ရမယ်မထင်..။
မေမေကတော့ နေ့ခင်းပိုင်းအားတဲ့ချိန်ကျရင် စက်တက်နင်းခိုင်းသည်..။
ထိပ်ကိုလည်း စိတ်မရှည်တိုင်းခေါက်လိုက်တာ မပြောပါနဲ့...။
မေမေ သင်ပေးတာ လက်ခံတာထက် ဖေဖေ့ ဆိုက်ကားကို ယူနင်းပြီး ဆိုက်ကားနင်းစားတာမှ သက်သာပါလိမ့်ဦးမည်..။
ဟုတ်တယ်လေ..ဆိုက်ကားနင်းတာ ဖြည်းဖြည်း မှန်မှန်လမ်းပေါ်တက်နင်း ပြီးတာပဲ..မေမေ အပ်ချူပ်စက်ကတော့ စုန်းပြူး..
ကိုယ်က ကောင်းကောင်း ဖြောင့်ဖြောင့် ဆွဲနေပေမဲ့ ချူပ်လိုင်းတွေကို စောင်းနေတာပဲ..
နောက်ဆုံး စိတ်မရှည်ရင် မေမေလစ်ရင် လက်နဲ့ ပြင်းပြင်း ဆွဲပေးလိုက်သည်..
ဒီလောက် ကောက်ချင်တဲ့ ချူပ်စက် အပ်ပါကျိုးကရော...အေးရော...။
“အယ်...”
ငါးကြော်တွေကို ပန်းကန်ထဲ ထည့်ပြီး ကြောင်အိမ်ထဲ သွားထည့်ထားလိုက်သည်..။
မီးလက်ကျန်နဲ့ ချဉ်ပေါင်ဟင်းချက်ဖို့ အတွက် စီစဉ်ရသည်.။
“မေမေ ငါးကြော်ပြီးပြီ..ချဉ်ပေါင်အိုးတည်လိုက်မယ်..”
“အင်း...ငါးခြောက်ပိုထည့်ဦးဟေ့..”
“အိုး..မေမေကလည်း...အများကြီးတည့်လည်း သူတို့တွေ လူလိုစားတာမဟုတ်ဘူး..”
“သြော်...ဒီပြိတ္တာမဟာလေ...”
အကြီးမကြီး ခြေဆောင့်ပြီး မီးဖိုချောင်ကို ပြန်ရောက်လာရသည်..။
စေတနာကို နားမလည်တဲ့ မေမေတို့ကြောင့် ဒေါသတွေလည်း ထွက်ရတာမပြောပါနဲ့...။
အကြီးမကြီး ကနေ အခုတော့ ပြိတ္တာမကြီး ဖြစ်နေပြီပေါ့လေ..။
ဟိုတစ်နေ့က လမ်းထိပ်မှာ ဆီသွားဝယ်တော့ ဖေဖေ့ ဂိတ်က လူတွေက အကြီးမကြီး ဘယ်လည်းတဲ့လေ...။
နောက်များဆို ပြိတ္တာမကြီး ဘယ်လည်း မေးလာတော့မယ်...တကယ်...။
“ငါ့ သမီးနာမယ် ယဉ်ယဉ်အေးပါဟာ...နင်က အကြီးမကြီး ခေါ်တော့ တစ်ရပ်ကွက်လုံး ဒီ နာမည်တွင်နေတော့မယ်...မခေါ်စမ်းပါနဲ့ မိရွှေရယ်..”
“သူက အကြီးဆုံးမို့လို့ အကြီးမလို့ ခေါ်တာလေ....သားအငယ်သုံးယောက်စလုံးကလည်း မကြီးလို့ပဲ ခေါ်တာပဲ ဒါကြောင့် အကြီးမကြီးဆိုတာက ပိုခေါ်လို့ကောင်းတယ်”
“ကဲ..သမီးရေ...ကြားတဲ့ အတိုင်းပဲ..”
ဖေဖေ ကလည်း မတက်နိုင်သလို ပခုံးတွန့်ပြီး  ခုံမှာ ထိုင်နေတော့ ထိုနေ့မှ စလို့ အကြီးမကြီးဆိုတာ တရားဝင် ဖြစ်သွားရတော့သည်..။
ဟော အခုတော့ တစ်မျိုး ပြောင်းသွားပြီ...။
အကြီးဆုံးမို့လို့ အကြီးမကြီး အခေါ်ခံရတယ်ဆိုတာ တော်သေး..အခု ပြိတ္တာမကျတော့ရော...။
“ဘုန်း...ဘုန်း....”
“ဟီး....ဟီး....ဟီး...”
“ဟယ်...ယဉ်ယဉ်အေး...နင် ကလေးတွေကို ဘာလို့ ထုရိုက်နေတာလည်း..ဟဲ့ ကောင်မရဲ့...”
“မေမေ့ သားတွေ လွန်တာ ထည့်ပြောဦး...ကြက်ဥ တစ်ယောက်ကို တစ်လုံးတောင် ထည့်စားလိုက်တယ်..အခု အိုးထဲမှာ ကြက်ဥ နှစ်ခြမ်းပဲ ကျန်တော့တယ်..”
“ဟဲ့..မကျွေးချင် အစကတည်းက သိမ်းပြုထားလေ...အခုလိုထုစရာလား...ကလေးတွေ ထမင်း အတောင့်လိုက် ပြန်ထွက်ကုန်တော့မယ်....”
“မေမေ က အားနေ သူ့သားတွေ ဘက်ကချည်းပဲ...”
“အေး..ဟုတ်တယ်ဟေ့...နင်က လင်ပါသမီးဟဲ့...ဟုတ်ပြီလား..”
ထိုနေ့ညစာကို အကြီးမကြီး ကြက်ဥ ဟင်းရည်နဲ့ ကပျာစားထားလိုက်ပြီး ဖေဖေ နဲ့ မေမေ အတွက် ကြက်ဥဟင်း နှစ်ခြမ်း နဲ့ ဟင်းရည် နည်းနည်း ချန်ထားလိုက်ရသည်..။
လုံးဝမကျေနပ်ဘူး..စားပစ်တာလည်း မဟုတ်ဘူး..။
အငယ်ဆုံးကောင် ဖိုးဝ ဆိုရင် ဟင်းရည်တွေကို လောင်းထည့်ပြီး ကုန်တာလည်း မဟုတ်...။
ထမင်းကို ဆယ်စားပြီး ကျန်တဲ့ ဟင်းရည်တွေက အကုန်မြောင်းထဲရောက်ရသည်..။
အကြီးမကြီး ကတော့ ရေနဲ့ မျှောချစားရသလို..မေမေတို့လည်း ကြက်ဥ တစ်ခြမ်း ဖြင့်သာ ခြောက်ကပ်ကပ်စားကြရသည်..။
“ခွေးစုတ်....”
“ဖေဖေကြီးရေ....လုပ်ပါဦး..”
“ဟဲ့....ဘယ်လိုဖြစ်နေကြတာလည်း..မနက်စောစောစီးစီး....”
အလတ်ကောင်က ဖေဖေ့ နောက်ဘက်မှာ ၀င်ပုန်းနေချိန် မေမေက အကြီးမကြီးကို ဦးတည်ပြီး ဆူတော့သည်..။
လက်ထဲက ယောင်းမကို လက်ရွယ်ပြီးခါမှ ပြန်ချလိုက်ရပြီး..
“မေမေ့သားလေ...ပဲပြုတ်တွေကို ဒီတိုင်းနှိုက်စားနေတာ ထမင်းကြော်ဖို့ လက်တစ်ဆုပ်စာပဲ ကျန်တော့တယ်..”
“ဟဲ့...နင့်ဘယ်သူက စားပွဲပေါ် တင်ထားခိုင်းလည်း..”
“ထမင်းအိုးတည်နေတုန်း..အဲခွေးသခိုးယူစားတာ...နင် တွေ့မယ်..”
“ကဲ...တော်ပါတော့..စားပါစေ..သမီးရယ်...”
“ဖေဖေတို့ အဲလို အလိုလိုက်နေလို့ ပိုဆိုးလာတာ စည်းမရှိကမ်းမရှိ..”
“အမလေး...ငါ့သမီးမှာလည်း...တစ်နေ့တစ်နေ့..အစားအသောက်ကြောင့်ချည်း ရန်လို နေတာပါပဲလား..”
“ဟုတ်ပတော်...ပြိတ္တာဝင်စားသလားမှတ်ရတယ်...”
နောက်ဖေးဘက်ကို ခြေဆောင့်ဝင်လာပေမဲ့ မျက်ရည်တစ်စက်ချင်း ပိုးပိုးပေါက်ပေါက်ကျလာရသည်..။
တစ်အိမ်လုံးကို ပဲပြုတ်များများလေး ထမင်းပူပူလေးနဲ့ ကြော်ကျွေးချင်လို့ အစစ်မရမကတောင်းခဲ့ရတာ...။
အခုတော့ ဟိုကောင်က စားပြီး အပြောခံရတော့ အကြီးမကြီးက မှားတာတဲ့လေ...။
ဟိုကောင်စုတ်လေးတွေက တစ်အိမ်လုံးအတွက်ဆိုတာထက် ဦးတဲ့သူ အကုန်ယူစားနေတော့ သိပ်မသဒ္ဓါချင်တော့...။
နောက်ပိုင်းတွေဆို ကြောင်အိမ်အောက်ထဲ ထည့်ပြီး ဖွက်တက်လာသည်..။
ဒါလည်း တစ်လကျော်လာတော့ အနံ့ခံကောင်းတဲ့ သတ္တ၀ါလေးတွေက ရှာတွေ့သွားကြတာချည်းပါပဲ..။
တစ်ခါကလည်း ဖေဖေပြန်လာတော့ စားစရာ ဟင်းပင်မကျန်တော့...။
ကြော်ကျွေးစရာ ကြက်ဥလည်း မရှိတော့ ဆီဆားငရုတ်ကြက်သွန်စိမ်း နဲ့ နှယ်ဖက်စားရချိန် အကြီးမကြီး စိတ်မကောင်းဖြစ်ရသည်..။
မောင် သုံးကောင်စလုံးကို သဘောပေါက်အောင် သေချာ ရှင်းပြပြီး ဖေဖေ့ ဖို့ ဦးဦးဖျားဖျား ချန်ထားရတဲ့ အကြောင်း ယူမစားရဘူးဆိုတဲ့ အကြောင်း ငရဲနဲ့ပါ ခြိမ်းခြောက်ထားပေမဲ့ တစ်ရက်တောင် မခံပါဘူး..။
တစ်ခါတလေများဆို ကျောင်းဆင်းတာနဲ့ အသွား အပြန် ဟင်းခိုးစားတော့တာ...။
ဒီအခါများ အကြီးမကြီး တို့ လက်သံပြောင်ပြောင် နဲ့ ကောင်းကောင်း မိတ်ဆက်ပေးလိုက်တာပဲ...။
မှတ်ကရော...။
မိ မသိ ဖမသိ ကိုယ့်ဖို့ပဲ ကိုယ်သိတဲ့ အတ္တ၀ါဒီ သမားလေးတွေလေ...။
ရိုက်လို့ မေမေ ဆူလည်း ခံလိုက်မယ်..ဒင်းတို့ ဒီအကျင့် ကြီး စွဲမသွားဖို့ ဆုံးမပေးရမည်..။
သူတို့ကြောင် ဟင်းမကျန်တဲ့ နေ့များဆို အကြီးမကြီးပဲ အဖြူထည် ထိုင်စားလိုက်ရသည်...။
ဖေဖေ နဲ့ မေမေ ဟင်းမပါပဲ စားရမှာ သနားလွန်းလို့ပါ...။
ဒါတွေကို ဖေဖေ နဲ့ မေမေ ကတော့ သိမည်မထင်..။
စားပြီးပြီလို့ ပြောလိုက်ရင်တော့ ဟင်းပန်းကန်ထဲ လက်ကျန်ကို တစ်ယောက် တစ်ဝက် ခွဲယူစားသောက်တက်ကြသည်.။
“မကြီးက ပြိတ္တာမကြီး..”
“ပြောဦး..ပြောဦး..”
“ဟီး..ဟီး...”
အကြီးကောင်နဲ့ အလတ်ကောင် က ပိတ်သွားပေမဲ့ အငယ်ဆုံးက ထပ်ပြောတော့ ထပ်ရိုက်နေချိန် မေမေ ကပြန်လာပြီ..။
“ဟဲ့..ဟဲ့...ဘယ်လို ဖြစ်ပြန်တာလည်း..”
“မေမေ့ သားရယ်...သမီးကို ပြိတ္တာမကြီးတဲ့...”
“ဟမ်..ဟုတ်လား.သားငယ်..ဘာဖြစ်လို့ ပြောတာလည်း..”
“သားသား...ကြက်သား နှိုက်စားလို့ ပါးစပ်ကို လိမ်ဆွဲတယ်..”
“ဟယ်..ရက်စက်လှချည်လား..ကောင်မရဲ့..ပြိတ္တာမရဲ့....အကြီးဖြစ်ပြီး အကြင်နာတရား ခေါင်ပါးလှချည်လား...ကဲဟယ်...ကဲ..”
မေမေ က ဘေးမှာ ထောင်ထားတဲ့ တံမြတ်စည်းဆွဲရိုက်တော့ အကြီးမကြီး အံကြိတ်ခံရင်း ပေါက်ခနဲ့ မျက်ရည်တွေ လိမ့်ဆင်းသွားသည်..။
တကယ်တော့ အဲဒီ့ကြက်သားကို အကြီးမကြီး စားဖို့ အတွက်မဟုတ်ပါဘူး..။
မနက်ကော ညကော ဟင်းရည် နဲ့ စားပြီး ကျန်တဲ့ တောင်ပံ နှစ်ဖက်နဲ့ နံရိုးတစ်ဖက်ကို ကျောင်းထမင်းချိုင့် အတွက် တွက်ပြီး ချန်ထားတာပါ...။
အခုတော့ ဟင်းအိုးထဲမှာ ကြက်သား နှစ်ဖက်ပဲ ကျန်တော့တယ်...
ညစာ ဖေဖေ နဲ့ မေမေ စားပြီးရင် မနက်ကျောင်းထမင်းချိုင့် အတွက် ကြက်ဥ နှစ်လုံး အကြွေးပြေးယူရတော့မည်..။
ဆိုင်ရှင်က နင်တို့ ယူတာ များနေပြီနော် လို့ပြောရင် မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့ပြီး နာခံရမည်..။
မေမေ့ကို အကြွေးတက်နေတဲ့ အကြောင်းပြောရင်...
“ဟင်း..စိတ်တွေလည်း ဆင်းရဲပါရဲ့...ချူပ်ထည်က မပြီး..နင်တို့ အဖေကလည်း ဆိုက်ကားနင်းမကောင်း...အိုး...ဘယ်နင်းကောင်းမလည်း..ဒိုးစက်ပဲ ထိုင်ဆော့နေတာကိုး...သောက်လက်ကြောကို မတင်းဘူး...အကုသိုလ်ကောင်...”
မေမေ နဲ့ ဖေဖေ အကြွေးကို အကြောင်းပြုပြီး ရန်ဆက်ဖြစ်နေကြချိန် ထမင်းစားပြီးတာတောင် ညအိပ်ခါနီး ကြက်သားထပ်ခိုးစားတဲ့ ဇူကကာ သုံးကောင်က ကျောင်းမှာ ဆော့နေရောပေါ့...။
မေမေ ခေါ်တက်တဲ့ ပြိတ္တာမကြီးကတော့ ရေကပျဉ်မှာ ဆောင့်ကြောင့်ထိုင်ပြီး စိတ်ညစ်ညစ်ဖြင့်ငိုနေရပြီလေ...။
ဟင်း..အလုပ်တွေလုပ် ငွေတွေရရင်လေ...ငါ့မောင်လေးတွေကို ကြက်သားချည်း အ၀ကျွေးပစ်လိုက်ဦးမယ်...။
အငယ်ကောင်ကို ရိုက်တာ တအားများသွားလားမသိဘူး..သနားပါတယ်...။
ငါကလည်း လွန်ပါတယ်လေ....ကလေးပဲ ဘာသိမှာလည်း...။
“သမီးကြီးရေ....ထမင်းစားမယ်ဟေ့...”
“ဟုတ်ကဲ့ဖေဖေ..”
ဖေဖေက အိမ်ပေါ်မရောက်ခင်ကတည်းက အော်လာတော့ အကြီးမကြီး မီးဖိုပေါ်က ချဉ်ပေါင်ရည်အိုးကို ချပြီး ပန်းကန်ထဲထည့်ခါ အအေးခံလိုက်ရသည်..။
မနက်စာကို ငပိကြော်စပ်စပ် ချဉ်ပေါင်ရည်ကျဲကျဲ နဲ့  ငါးခုံးမ ဆီပူထိုးလေး ပါတော့ ဖေဖေ နဲ့ မေမေ ထမင်း မြိန်ကြသည်..။
အကြီးမကြီးလည်း စိတ်ချမ်းသာရသည်ပေါ့လေ...။
ညနေ မျောက်သုံးကောင် ကျောင်းဆင်းတော့ ချဉ်ပေါင်ရည် သုံးဇွန်းနဲ့ ငါးကြော်သုံးကောင် အပြီးအစီး ထည့်ပေးလိုက်သည်..။
ဒါတောင် အငယ်ဆုံး ငတက်ပြားက ကြောင်အိမ်မွှေရှာကြည့်သေးတာ...။
ရပါလိမ့်မယ် အားကြီးကြီး...အကြီးမကြီးတို့ သူထက်လည်လို့ သူ့အရင်လူလောကထဲရောက်လာရတာလေ...။
ဘယ်ရလိမ့်မလည်း...ငံပြာရည်ပုလင်းနောက်မှာ ဖွက်ထားတော့ သုံးကောင်စလုံး မမြင်...။
မမြင်နိုင်တဲ့ နေရာပေမဲ့ မီးဖိုချောင်ကို အလစ်မပေးပဲ  ကင်းစောင့်နေရသည်..။
ဒင်းတို့ အားလုံး စားသောက် လက်ဆေးပြီးမှ အကြီးမကြီးလည်း အိမ်ရှေ့ထွက်နိုင်တော့သည်..။
“သမီးကြီး ထမင်းစားပြီးပြီလား..”
“ဟုတ်ကဲ့.ဖေဖေ...”
ဖေဖေ နဲ့ မေမေ ထမင်းစားနေတုန်း အကြီးမကြီး ခပ်မှိန်မှိန် မီးလုံးအောက်တည့်တည့်မှာ ထိုင်ပြီး လက်ချူပ်လိုက်နေရသည်..။
စားသောက်ပြီးတာတွေ ၀င်သိမ်းဆည်းရင်း ငါးကြော်ပန်းကန်ဆီကို အကြည့်ရောက်သွားတော့ ဆယ်တန်း မအောင်ပေမဲ့ ဘ၀က သင်သည့် ဂဏန်းသချာင်္ကျွမ်းနေသူပီပီ ချက်ချင်း အဖြေထွက်လာသည်..။
ငါးခုံးမလေး ဆယ်ကောင် အတိအကျ ကျန်နေသေးသည်..။
ချဉ်ပေါင်ဟင်းရည်ကျဲကျဲထဲ ငပိကြော်စပ်စပ် မြုပ်စားရတာထက် ငါးကြော်လေး တစ်ကောင်သာ ကြွပ်ခနဲ့ ထည့်စားလိုက်ရရင် ...။
အကြီးမကြီး အာရုံတွေကြောင့် ငါးကြော် ပန်းကန်ဆီ လက်လှမ်းလိုက်သည်..။
အသေးဆုံး အကောင်ကို ဦးတည်ပြီးခါမှ လက်ကို ပြန်ရွေ့ပြန်သည်..။
ငပိကြော် စပ်စပ်ကို ထပ်ထည့်လိုက်ပြီး ထမင်းအလုပ် ကြီးကြီးပါးစပ်ထဲ ထိုးသွပ်သည်..။
ဟိုနေ့က အငယ်ဆုံးကောင် ဖိုးဝကို ပါးစပ်လိမ်ဆွဲထားတာ သနားနေမိတုန်းပါပဲ...။
မနက်ဖြန် အားလုံးကို သုံးကောင်ထည့်ပေးပြီး ဖိုးဝကိုတော့ လေးကောင်ထည့်ပေးလိုက်မည်..။
ငါူးကိုင်ကတည်းက ဆီပူထိုးရင် မွှေးလာမဲ့ အနံ့ကို တွေးခါ ပါးစပ်စိုခဲ့ရသည်..။
ဆီပူထိုးပြီးတော့ ဖေဖေ တို့ စားပြီးရင် နှစ်ကောင်လောက်စားမည်လို့ တွေးထားသည်..။
ကျောင်းဆင်းရင်း ဟိုကောင်တွေ ပိုစားရအောင် ညမှ စားတော့မယ်လို့ တွေးမိပြန်သည်..။
သူတို့စားပြီးတော့ ဖေဖေ တို့ ညစာကောင်းကောင်းစားရအောင် များများချထားပြီး နောက်မှ စားဖို့ ဆုံးဖြတ်လိုက်သည်..။
ဟော အခုလည်း ငါးခုံးမ ဆယ်ကောင်ကို လက်နဲ့ မထိရက်ပြန်ဘူး..။
မနက်ကျရင် ချဉ်ပေါင်ရည်ကြဲ ငပိကြော် အပြင် ငါးကြော်သုံးကောင်တွေ့ရရင် အံသြသွားမဲ့ သူတို့သုံးယောက် မျက်နှာတွေကို မြင်ယောင်ပြီး အကြီးမကြီး ဗိုက်ပြည့်သွားသည်..။
ချဉ်ပေါင်ရည်နဲ့ပဲ ညစာ ပြီးပြီ မနက်အတွက် သေချာ လုံခြုံအောင် သိမ်းထားလိုက်သည်..။
မနက်ကျတော့ ထမင်းချိုင့်ထည့်ခါနီး ငါးကြော်ပျော့နေလို့ အပူ ပြန်ပေးရသည်..။
အနံမွှေးပေမဲ့ စားချင်စိတ်မရှိပဲ စိတ်ထဲမှာ ပျော်နေသည်..။
တစ်ယောက်ကို သုံးကောင် အပြင် အငယ်ဆုံးလေး ဖိုးဝကိုတော့ သနားစိတ်ဖြင့် အသေးဆုံး တစ်ကောင်ပိုထည့်ပေးလိုက်သည်..။
ဒီနေ့ တစ်နေ့ကုန် အလုပ်လုပ်ရတာ ပျော်နေသည်..။
“မကြီး...သားတို့ ငါးကြော် ခိုးစားပစ်တယ်..”
“ဘာ..”
“ဟုတ်တယ်...သားတို့ သုံးကောင်ထဲရတယ်...ဖိုးဝကျတော့ လေးကောင်...သားတို့ ဆီက ငါးကြော် နှစ်ကောင်ခိုးစားလိုက်တယ်..”
“အေး....ဟုတ်တယ်...ဘာဖြစ်လည်း..”
“မကြီးက သူခိုး....ပြိတ္တာမကြီး..”
“ဟဲ့...အဲလို မပြောရဘူး ပြောထားတယ်မလား...”
မေမေ့ ငေါက်သံကြောင့် အ၀တ်အစားတွေ ချွတ်ပုံပြီး ရေချိုးဖို့ ဆင်းပြေးကျသည်..။
အကြီးမကြီး အ၀တ်တွေသိမ်းရင်း တိုးသဲ့သဲ့ အသံလေးတွေ ကြားနေရသည်..။
“မကြီးကလေ...ငါတို့ ဟင်းစားရင် ရိုက်တာ သူစားဖို့သိလား...မေမေက အဲဒါကို မသိဘူး..”
“ဟုတ်တယ်...ပြိတ္တာမကြီး...”
“ဖိုးဝကိုလည်း ငါးကြော်အသေးလေး တစ်ကောင်ထည့်ပေးတယ်...ငါတို့ဆို အသေးတောင်မရဘူး...သူ ခိုးစားလိုက်တာလေ...”
“အင်း...ဟုတ်တယ်...အိမ်ကဟင်းတွေလည်း..သူ စားပြီး ငါတို့စားတယ်လို့ လိမ်တိုင်နေတာ...တို့စားတာ နည်းနည်းလေးရယ်..”
“ဟုတ်တယ်..”
အကြီးမကြီး ပြတင်းပေါက်က လူလုံးထွက်ပြလိုက်တော့မှ ပွစိပွစိ အတင်းပြောနေတာ ရပ်သွားခါ နှုတ်ခမ်းစူပြီး ရေလောင်းချိုးကြသည်..။
ဟင်း...
ဒီစကားတွေ ဒီမှာတင်ရပ်မယ်မထင်..။
သူတို့ အသက်တွေကြီးပြီး သားသမီးတွေရရင်လည်း ပြောပြပါလိမ့်ဦးမည်..။
တို့ ငယ်ငယ်တုန်းကပေါ့ကွာ မကြီးကလေ...ထမင်းခွံ့ရင် ဟင်းမပါဘူး..သူချည်းစားပစ်တာ ဆိုတာမျိုး...။
အလတ်ကောင်ကတော့ ခရမ်းသီးဟင်း မသဒ္ဓါလို့ ခေါင်းခေါက်တဲ့ အကြောင်း ပြောပြလိမ့်မည်.။
အငယ်ဆုံးလေးကတော့ မကြီးက ကြက်သားနှိုက်စားလို့ ပါးစပ်ကို လိမ်ဆွဲတယ်လေ...ပြီးတော့ ကျောင်းထမင်းဘူးကို ငါးကြော်အသေးဆုံးလေးတွေ ရွေးထည့်ပေးတယ်ပေါ့လေ...။
အကြီးကောင်ကတော့ အကြီးမပီသတဲ့ မကြီးလေ အတ္တလည်းကြီးပြီး သူ့ဖို့ပဲ သူသိတဲ့ မကြီးပေါ့အဲဒါကြောင့် မေမေက အမြဲပြောတာ ပြိတ္တာမတဲ့လေ...။
ဒီလိုမျိုးစကားတွေကို သူတို့သားသမီးလေးတွေကို ပြန်ပြောကြလိမ့်မည်..။
သူတို့ သုံးယောက် ပြန်ဆုံလို့ အကြီးမကြီး အကြောင်း ပါရင်လည်း မကျေနပ်စိတ်ကလေးတွေနဲ့ အတိတ်ဟောင်းကို တူးဆွပြီး အမုန်းများကြဦးမည်...။
သုံးယောက်ပေါင်း စာဖွဲ့တိုင်း မကောင်းသူ အကြီးမကြီး အကြောင်း ပါကို ပါလိမ့်မည်..။
ဂရုမစိုက်ပါဘူး.... မွေးထားတဲ့ မိဘတွေတောင် အလုံးစုံ သိတာမှတ်လို့...။
သူတို့လေးတွေသိတော့ရော ဘာထူးမှာလည်း..။
အသက်ကြီးလာလို့ ပြောချင်ရင်လည်း ပြောပါစေပေါ့...။
ခွင့်လွှတ်နိုင်ပါတယ်...လူဆိုတာ ကိုယ်နစ်နာတယ်လို့ပဲ ထင်တက်ကြတဲ့ ဗီဇက မွေးရာပါ ပါလာတာမို့ အပြစ်မမြင်ပါဘူးလေ...။
လက်တွေ့ဖြစ်စဉ်တွေကို ချမပြပဲ ချစ်တက်တဲ့ အထဲမှာ မိဘပြီးရင် အကြီးမကြီးတစ်ချို့လည်း ပါဝင်သေးတယ်ဆိုတာ....
သိသိ...မသိသိ....ကိစ္စမရှိပါဘူး...။
တစ်ဘ၀လုံး ပြိတ္တာမကြီး ဘွဲ့ပဲ ခံယူပစ်လိုက်မယ်....ကဲ...အေးကရော...။

{ပြီးပါပြီ}

━━━━━━━☆☆━━━━━━━

ပြိုင်ပွဲဝင်ဖို့ ရေးတယ်ပေါ့😎
သူများ စာမူ တစ်ချို့ ဖတ်ပြီး ခပ်သွက်သွက်ပြန်ပြေးလာခဲ့လိုက်တယ်😂
ဘယ်နဲ့ ကြောင့် သူတို့ ဒီလောက်တော်နေကြတာလည်း
သိသူများ အလင်းပြကြပါ..။❤
စပိုက်ကာရေးမိသမျှ စံချိန်မှီဘူး 😂
စံမမှီလည်း ဖတ်ပေးမဲ့ စာဖတ်သူ တစ်ချို့ ရှိမယ် ထင်ပါရဲ့...(တစ်ယောက်မှ မဖတ်ရင်တော့ 😂🙊)
ဟုတ်ကဲ့ ဖတ်ပေးပါအုံးနော် ကျေးဇူးအထူးပါ❤

ဝတ္ထုတို များDonde viven las historias. Descúbrelo ahora