ကျောင်းတွင်းအတန်းပေါင်းစုံအားကစားပြိုင်ပွဲမှာ ကောင်လေးနှင့် ကျွန်တော် စတင်ရင်းနှီးခဲ့တယ် ။ စီနီယာတန်းနှင့်ဂျူနီယာတန်း အပျော်တမ်းဘတ်စ်ကတ်ဘောပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခဲ့စဉ်အချိန်ကပေါ့ ။
ပြိုင်ပွဲဝင်အားလုံးကို အမောပြေရေသန့်ဘူးလိုက်ဝေပေးနေတဲ့ ဂျူနီယာကျောင်းသားအုပ်စုထဲက ကောင်လေး ။
ရေဘူးကိုလက်ကမ်းပေးစဉ်မှာ ယောကျာ်းလေးတန်မဲ့ ပက်ပက်စက်စက်လှရက်တဲ့မျက်လုံးဝိုင်းတွေကို ကျွန်တော်မှင်သေခဲ့ဖူးတယ် ။
ရေသန့်ဘူးကိုလှမ်းအယူ သူ့လက်ဖျားထိပ်လေးတွေနဲ့ကျွန်တော့်လက်ချောင်းတွေ ပွတ်တိုက်ထိမိသွားတဲ့အချိန် ရင်ထဲ လျှပ်စီးကြောင်းဖြတ်စီးသွားသလိုပဲ ။ စီနီယာပေမို့ ရုပ်ပျက်ဆင်းပျက်မဖြစ်ရအောင် ကိုယ့်သိက္ခာကိုယ်ထိန်းရသည်မို့ ထိုနေ့က ကျွန်တော့်ရင်ထဲမုန်တိုင်းငယ်တခုဝင်မွှေသွားခဲ့ကြောင်း ကောင်လေးကတော့ ရိပ်မိဟန်မရှိ ။
နောက်ဆုံးပွဲစဉ်မှာ စီနီယာတန်းကအနိုင်ရတော့ ကျွန်တော် လူအုပ်ကြား ရေဘူးလာပေးတဲ့ကောင်လေးကို လိုက်ရှာမိတယ် ။ အများနှင့်မတူ ထူးခြားတဲ့ရုပ်ရည်နှင့်ကောင်လေးက လူအများကြားမှာ ထင်းလို့ ။
သူတို့ဂျူနီယာတန်းရှုံးနိမ့်သည်မို့ ကျိတ်မနိုင်ခဲမရ ဆူပုတ်ပုတ်မျက်နှာထားလေးက ကျွန်တော့်ကိုအသေသတ်သည် ။ ယောကျာ်းလေးတယောက်စိတ်တိုတာ ဒီလောက်ချစ်ဖို့ကောင်းရလား?
ထိုညက ကောင်လေးရဲ့ပုံရိပ်တွေကိုမြင်ယောင်ရင်း ကျွန်တော် အိပ်မပျော်ခဲ့ပါ ။
မြင်မြင်ချင်းအချစ်ကိုလှောင်ရီခဲ့ဖူးသော အတိတ်ကာလက Kris Wuက ကျွန်တော့်ကိုအိမ်မက်ထဲ၌ လှောင်ရီနေခဲ့သည် ။ လက်ရှိKris Wuကိုယ်၌က မြင်မြင်ချင်းအချစ်ကျော့ကွင်းမှာ အမိခံနေတဲ့သားကောင်ဖြစ်နေပြီမဟုတ်လား ။
အတန်းအားချိန်တိုင်း ဂျူနီယာတန်းဘက်ကိုခြေဦးလှည့်နေတတ်တဲ့ကျွန်တော့်အား သူငယ်ချင်းတွေကတောင် စနောက်ကုန်ကြပြီ ။
ကောင်လေးနောက်ကိုလိုက်နေတာ အချိန်တစ်လနီးပါးရှိနေပြီ။ အခြေအနေက စီနီယာနဲ့ဂျူနီယာဆက်ဆံရေးထက်ကို မပိုသေးပါ ။
ကျွန်တော်က စ၍စကားပြောလျှင် ငယ်ပေါင်းကြီးဖော်သကဲ့သို့ ဖော်ရွေစွာ ပြန်ပြောတဲ့ကောင်လေး ။ သူကတော့ စ၍ ဘယ်တော့မှ မပြော ။ ကျွန်တော်သာမခေါ်လျှင် သူစိမ်းနှင့်မခြားဆက်ဆံသည် ။
ကျွန်တော့်ရဲ့ကောင်လေးက ဤကဲ့သို့ထူးထူးခြားခြားစိတ်နေစိတ်ထားရှိသည် ။
ရင်းနှီးပြီးသုံးလအကြာမှာ ကျွန်တော် စိတ်ထဲသေချာပြင်ဆင်ပြီးမှ "ချစ်တယ်" ဟူ၍ ဖွင့်ပြောခဲ့တယ်။ ဒီစကားပြောဖို့ ကျွန်တော့်မှာ ရဲဆေးတင်ရ စိတ်ငြိမ်အောင်လုပ်ရနှင့် ခြေမကိုင်မိလက်မကိုင်မိ ပြာယာခတ်နေခဲ့သလောက် ကောင်လေးကတော့ ပုံမှန် တည်တည်ငြိမ်ငြိမ် သမာဓိနှင့် ။
ငြင်းသည် ။
"မချစ်ချင်ဘူး စီနီယာ "
ချစ်ခွင့်ကိုငြင်းပယ်သည့်စကားတခွန်းကို ပေါ့ပေါ့ပါးပါးပြောသွားပြီး ကျွန်တော့်ကိုနှုတ်ဆက်ကာ သူ့သူငယ်ချင်းတချို့နှင့် အိမ်ပြန်သွားသည် ။ ကျွန်တော့်မှာသာ အသစ်စက်စက်အသည်းကွဲဒဏ်ရာနှင့် ကျောင်းဝန်းထဲမှာ တိတ်ဆိတ်စွာကျန်ခဲ့ရတယ် ။
အကြောင်းပြချက်မပေးပဲ ငြင်းရက်လေတဲ့ကောင်လေး ။
ချစ်နေတော့လည်း အပြစ်မတင်ရက်ပါဘူးလေ ။