'ရှိနော့မွန်းမှ အပြန်´(နိဒါန်း)
-----------------------------ဒုတိယကမ္ဘာစစ်၏ လောင်မီးအရှိန်အဝါသည် မြန်မာနိုင်ငံသို့ ကူးစက်လာ၍ စစ်ခိုးစစ်ငွေ့များ နိုင်ငံအနှံ့ပျံ့လွင့်နေသော အခါသာမယဖြစ်လေ၏။
ကောင်းကင်ကြီးသည် ညို့ညို့မှိုင်းလျက် လေယာဉ်သံများညံမဆဲပဲ ဗုံးသံ၊ အမြောက်သံများကို နေရာကွက်ကြား ကြားနိုင်ရပေသည်။ တစ်တိုင်းပြည်လုံး စစ်တလင်းအတိပြည့်နှက်လျက်ရှိပေသည်။ ယမ်းခိုးယမ်းငွေ့များသည် တစ်နိုင်ငံလုံးကိုဖုံးအုပ်နေပေ၏။ အိမ်တိုင်းအိမ်တိုင်းတွင် ဗုံးခိုကျင်းအလီလီဖြင့် မြို့ရွာများသည်လည်း တစ်စပြင်နှယ် ခြောက်ကပ်ကာ ဆန်ရေစပါးလည်းရှားပါးလှပါသည်။
အချိန်အခါသည် ဒုတိယကမ္ဘာစစ်အဟုန်ကြောင့် ဂျပန်တို့သည် မော်လမြိုင်နှင့်ဘားအံကိုသိမ်းကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော ၁၉၄၂ခုနှစ်၏ အစောပိုင်းကာလများဖြစ်လေ၏။ အင်္ဂလိပ်တို့သည် စစ်တောင်းတံတားကို ဗုံးခွဲဖျက်ဆီး၍ ကျူးကျော်သူ ဂျပန်တို့ကို တားမြစ်ခဲ့သော်လည်း မတတ်နိုင်စွာပင် မြန်မာနိုင်ငံအတွင်းမှ ဆုတ်ခွာထွက်ပြေးရလေသည်။ ၁၉၄၂ခုနှစ် မတ်လတွင် ဂျပန်တို့သည် ရန်ကုန်ကိုသိမ်းပိုက်သည်။ ၁၉၄၂ခုနှစ် ဇွန်လ ၄ရက်နေ့တွင် တစ်နိုင်ငံလုံးကို နီပွန်စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်ဖြစ်ကြောင်းကြေညာပြီးသည်နှင့် နိုင်ငံအနှံ့ ဂျပန်တို့၏ နေလုံးနီနီအလံကြီးများကိုလည်း တလူလူမြင်တွေ့လာရတော့သည်။ ထိုမှတစ်ဆင့် ဂျပန်တို့သည် အိန္ဒိယကို ဆက်လက်သိမ်းပိုက်ရန် ကြိုးစား၏။ ထို့အတွက်ကြောင့်ပင် ယင်းတို့၏ စစ်လက်နက်၊ ခဲယမ်း၊ ရိက္ခာများကိုအလွယ်တကူ သယ်ယူနိုင်စေရန်အတွက် မြန်မာနိုင်ငံ သံဖြူဇရပ်မှနေ၍ ထိုင်းနိုင်ငံ ကန်ချာနာပူရီမြို့ထိ မီးရထားလမ်းဆောက်လုပ်ရန် အကြောင်းက ပေါ်ပေါက်လာလေသည်။
ESTÁS LEYENDO
ရှိနော့မွန်းမှ အပြန်
Aventuraဒုတိယကမ္ဘာစစ်က သေမင်းတမန်ရထားလမ်းအကြောင်းကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်နဲ့အတူ သမိုင်းကိုလိုက်ပါစီးမြောရင်း သေမင်းခံတွင်းဝကို အလည်လာပေးပါ။