ep 14

62.6K 5.9K 437
                                    

အတူမထိုင်တာ ကြာခဲ့ပြီဖြစ်တဲ့ ချမ်းအိမ်ရှေ့က ခုံတန်းရှည်ကြီးသည် ဆေးမသုတ်ထားလို့ အရောင်လွင့်ကာ မွဲခြောက်ခြောက်ကြီးဖြစ်နေပေမယ့် သေချာသန့်ရှင်းထားတာမို့ ဒီခုံတန်းရှည်သည် အရင်ကလို ကောင်းကောင်းကြီးအသုံးပြုလို့ရပါသေးသည် ။ စွဲညို့သည် ချမ်း,ကို မျက်နှာချင်းဆိုင်ထားပြီး ဒူးလေးတုပ်ကာ တစ်စိမ့်စိမ့်စိုက်ကြည့်နေခဲ့တာ ဆယ်မိနှစ်ပင်မကတော့ ။

" ဟေ့ကောင် ......... မင်း ကြည့်ပဲကြည့်နေတော့မှာလား ။ စကားမပြောတော့ဘူးလား ''

" ခဏနေပါဦး ............. နှစ်နှစ်စာအတိုးချပြီး မင်းမျက်နှာကို အားရပါးရထိုင်ကြည့်ချင်သေးတယ် ''

" ဒါတော့ နည်းနည်းများ ပိုနေသလားလို့ ''

" ဘယ်သူပြောလဲ ပိုတယ်လို့ ။ ကြည့်တာလေးများ အသားပဲ့ပါသွားတာလဲ မဟုတ်ဘဲ ဘာလို့ ကပ်စေးနည်းနေတာလဲ ချမ်း ရာ ''

ပါးစပ်နဲ့ပြောလို့မရတော့မှန်းသိ၍ စွဲညို့မျက်နှာကို ချမ်းက သူ့လက်နဲ့စွဲယူပြီး နူတ်ခမ်းသားနုနုကို တစ်ချက်မွကာ စေ့စေ့ကြည့်လိုက်သည် ။

" အရေးကြီးတာက မင်းအမေနဲ့ ကိစ္စကို ဘယ်လိုရှင်းရမလဲဆိုတာပဲ ။ အစာငတ်ခံ ဆန္ဒပြရုံနဲ့တော့ အဆင်ပြေမှာမဟုတ်ဘူးနော် ။ ငါအခု အရမ်းကြောက်နေတယ် သိလား ။ မင်းအိမ်ပေါ်ကနေ နောက်တစ်ခါဆင်းလာပြီး မင်းအမေက ငါ့ကိုနောက်တစ်ခေါက်လာရှာမှာကို ''

" မတော်လို့ ငါ့အမေက မင်းကိုနောက်တစ်ခေါက်လာရှာရင် သိန်းသုံးရာနဲ့ မရဘူးပြောလိုက် ။ စွဲညို့စေနိုင်က အရမ်းဈေးကြီးတယ်လို့ ''

စကားအကောင်းမပြောသော စွဲညို့ကို ချမ်း အမြင်ကတ်စွာနဲ့ သူ့ခြေထောက်နဲ့ လှမ်းကန်လိုက်သည် ။ ဒါကိုတောင်စွဲညို့က ချမ်းခြေထောက်ကို သူ့ခြေထောက်နဲ့ ပြန်ညှပ်ထားပြီး ပြုံးစိစိကြည့်လိုက်သည် ။

" ငါ့အမေကိစ္စ ငါ့ဟာငါ ဖြေရှင်းလိုက်ပါ့မယ် ။ ငါတို့နှစ်ယောက်တွေ့တုန်း ငါတို့အကြောင်းပဲ ပြောကြရအောင်ကွာ ''

" မင်းအခု သားဆိုးတစ်ယောက်ဖြစ်နေပြီဆိုတာ သတိထားမိရဲ့လား ။ မင်းအမေ မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာ ငါမြင်နိုင်ပါတယ် ။ မင်းအမေရဲ့ မျက်ရည်ကိုမြင်ရက်သားနဲ့ ငါမသိသလိုနေလိုက်ဖို့ကလည်း ခက်တယ် ။ ငါလေ ၀ဋ်လည်မှာကြောက်တယ်သိလား ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now