အရပ်ရှစ်မျက်နှာတွင် ဥရောပဆန်ဆန် ဗိသုကာလက်ရာတွေအပြည့်နှင့် အဆောက်အဦးများ....
ဝါကျင့်ကျင့်မီးရောင်များနှင့် လူပေါင်းများစွာ ခြေချင်းယှက် သွားလာနေကြသော Parisမြို့ရဲ့ညနေခင်း မြင်ကွင်းများက ခရီးသွားများအဖို့ လှကောင်းလှနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ အတော့်ကို စိတ်ရှုပ်ထွေးစရာ ကောင်းလှသည်။လျော့ရဲနေတဲ့ ကျောပိုးအိတ်ကို ခပ်တင်းတင်းဖြစ်အောင် ပြင်လွယ်လိုက်ရင်း ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်။ စိတ်အိုက်စရာကောင်းလှတဲ့ ဒီလူအုပ်တွေ ကြားထဲမှ ကျွန်တော်မြန်မြန်ထွက်ချင်သည်။
အတန်ကြာ လမ်းလျှောက်ပြီးတဲ့အခါ
ကြပ်သိပ်နေတဲ့ကားတွေ ရှုပ်ထွေးနေတဲ့ လူတွေနဲ့ဝေးရာ...
ကျွန်တော့်ရဲ့စိတ်တို့ကို ဆိတ်ငြိမ်စေသော နေရာလေးသို့ ရောက်လာသည်။ညနေ နေရီချိန်ကြောင့် လိမ္မော်ရောင်သွေးနေတဲ့ လှိုင်းသဲ့သဲ့ ရေပြင်ကျယ်ရယ် ဟိုးအဝေးမှာ တလှုပ်လှုပ် ခုတ်မောင်းနေတဲ့ သဘောင်္ငယ်တို့က နေဝင်ဆည်းဆာရဲ့အလှကို တတ်စွမ်းသမျှ အားဖြည့်ပေးနေလေရဲ့.....
မျက်စိစုံမှိတ်ကာ အေးမြလတ်ဆတ်တဲ့ လေရဲ့ရနံ့ကို တဝရှူရှိုက်လိုက်မိသည်။
လူသူတစ်ယောက်မှမရှိတဲ့ ပတ်ဝန်းကျင်ကြောင့် လေတိုက်သံခပ်တိုးတိုးနှင့် သစ်ရွက်ချင်း ခတ်သံများသာ ကြားနေရသည်။ အထီးကျန်ဆန်ကောင်း ဆန်နိုင်ပေမယ့် ထိုပတ်ဝန်းကျင်မျိုးကို ကျွန်တော် သဘာကျသည်။
ဘာသာစကားမတူ ကိုးကွယ်မှုမတူ ဓလေ့စရိုက်မတူတဲ့ လူတွေအများကြီးထဲမှာ ရုန်းကန်လှုပ်ရှားရင်း တိတ်တဆိတ် အထီးကျန်နေရသည်ထက် တစ်ယောက်တည်းသီးခြား ဖြစ်နေခြင်းကြောင့် အထီးကျန်ခြင်းက ကျွန်တော့်အတွက် အနည်းငယ် ဖြေသာသည်။
လူအများက 'အချစ်မြို့တော်' ဟု တင်စားကြပါသော...
လူတစ်ချို့ရဲ့ ကမ္ဘာလှည့်အိမ်မက်တွေထဲမှာ မပါမဖြစ် ဖြစ်သော...
ကြီးကျယ် ခမ်းနားလှပါတယ်ဆိုတဲ့ Parisမြို့ရဲ့ ချောင်ကျကျ အခန်းကျင်းလေး တစ်ခုထဲမှာ ကျွန်တော်နေသည်။