စူးရှကြည်လင်နေတဲ့ ခပ်နွေးနွေးနေရောင်ခြည်ခြည် မျက်နှာပေါ်ကို ကျရောက်လာတဲ့အချိန်မှာတော့ သူ အိပ်ရာကနေနိုးလာခဲ့တယ်။ မနက်ခင်းနေရောင်ခြည်ဆိုတာ သူ့အတွက်တော့ အသံမမြည်တဲ့နှိုးစက်ပါပဲ။ ဒီသဘာဝနှိုးစက်ကိုလိုချင်လို့ အရှေ့ဘက်ကိုမျက်နှာမူထားတဲ့ ဒီအိမ်ကလေးကိုဝယ်ဖို့ဆုံးဖြတ်ခဲ့တာပေါ့။
အပြည့်အဝနိုးနေပေမယ့် အိပ်ရာကမထသေးပဲ ကုတင်ရဲ့တခြားတစ်ဖက်ကိုရောက်နေတဲ့ ခေါင်းအုံးကို ခေါင်းအောက်ပြန်သွင်းပြီး အေးစက်နေတဲ့ခေါင်းအုံးစွပ်ဆီမျက်နှာအပ်ထားမိတယ်။ အိမ်ကလေးဆီကရတဲ့ ထူးဆန်းပြီးနှစ်လိုဖွယ်ကောင်းတဲ့ ရနံ့တစ်ခုကို ရှူရှိုက်ရင်းနဲ့ပေါ့။ လွန်ခဲ့တဲ့နှစ်နှစ်က ဝယ်ခဲ့တဲ့ဒီသစ်သားအိမ်လေးက ထူးခြားတယ်။ သူ နှစ်သက်တဲ့စာရေးဆရာမရဲ့ဝတ္ထုထဲကလို အိမ်ကလေးဟာ သစ်တော်သီးနံ့မွှေးနေတယ်။
ငါးမိနစ်လောက်မှေးစက်ပြီးတဲ့အခါမှာတော့ သူ အိပ်ရာကနေဖြည်းဖြည်းချင်းထတယ်။ ပြီးတော့ ခြင်ထောင်နဲ့ စောင်တွေကို သေသေသပ်သပ်ခေါက်ပြီး အိပ်ရာသိမ်းတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ ဖိအိပ်ထားတဲ့အရှိန်တဲ့ ဖျာအကွက်တွေ အရာထင်နေတယ်။
သူ့ရဲ့လှုပ်ရှားသံတွေကြားတော့ သူ့ခွေးလေး ချီနိုက အခန်းထဲပြေးဝင်လာပြီး သူ့ကို လာနှုတ်ဆက်တယ်။ ဒီကောင်လေးကို လွန်ခဲ့တဲ့တစ်နှစ်လောက်က မွေးစားထားခဲ့တာ။ အဲ့ဒီတုန်းက ချီနိုက သေးသေးလေးပဲရှိသေးတယ်။ တခြားတစ်နေရာကနေ မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ ချီနို့ကို လမ်းထဲကခွေးတွေက ဝိုင်းပြီးရန်လုပ်ကြတယ်။ ခြံထဲမှာ အပင်စိုက်နေတဲ့ သူ့ဆီ ကြောက်လန့်တကြားပြေးဝင်လာတဲ့ ခွေးကလေးကို သူ မောင်းမထုတ်ပစ်ရက်။ တစ်ကိုယ်ရည်စာ အခက်အခဲတွေနဲ့ပြည့်နှက်နေလို့ သံယောဇဉ်မထားချင်တဲ့ကြားက ဒီကောင်လေးကိုတော့ဖြင့် ခြွင်းချက်ထားခဲ့ရတယ်။
အဲ့ဒီနေ့ကစပြီး အဲ့ဒီကောင်လေးနဲ့ သူနဲ့ အတူတူနေဖြစ်ကြတယ်ပေါ့။ အဲ့ဒီကောင်လေးကိုနာမည်ပေးဖို့လုပ်တော့ အထွေအထူးစဉ်းစားမနေတော့ဘဲ သူ့လက်ထဲက သောက်လက်စကော်ဖီရဲ့နာမည်ကိုပဲ ရွေးလိုက်တော့တယ်။ ကက်ပူချီနို။ အဖျားစွပ်ခေါ်တော့ ချီနိုပေါ့။
YOU ARE READING
T h e_A n o t h e r_U n i v e r s e
Short Storyလူတွေဟာ ကိုယ်မလိုချင်တဲ့ကမ္ဘာ သို့မဟုတ် ကိုယ်နဲ့အံမဝင်တဲ့ကမ္ဘာကနေ အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားပြီး အခြားသော ကမ္ဘာမြေရဲ့တစ်နေရာမှာ အခြားသောဘဝတစ်ခုနဲ့ ရှင်သန်သွားလို့ရတယ်မဟုတ်လား ========================== #စစ်ငြိမ်း