မတ်လ ၏ နှုတ်ဆက်ခြင်း

39 6 8
                                    

အချိန်ကားလျင်မြန်စွာကုန်လွန်ခဲ့၏။ ကျောင်းတော်ကြီးနှင့်သိကျွမ်းခဲ့သည်မှာ ဆယ်နှစ်ပင် ပြည့်လုပြီ။ မကြာမီ ဘဝ၏ အချိုးအကွေ့ဟုဆိုနိုင်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကြီးကို ဖြေဆိုကြရတော့မည်။ ကျောင်းသားများအားလုံးတို့ သည် စာများဖြင့်လုံးပန်းနေကြရ၏။ ထို့ကြောင့်ပင် ဤနှစ်သည် သူငယ်ချင်းများအားလုံး အတူရှိနေရန် သေချာသည့် နောက်ဆုံး အချိန်ဖြစ်ကြောင်းကို မေ့နေကြသည်လော။..သို့မဟုတ် တမင်ပင် မေ့ဖျောက်ထား ခြင်းလော။..

မည်သို့ပင်ဖြစ်စေ အချိန်ဟူသည်ကား ရပ်တန့်ထား၍မရ ရှေ့သို့ဆက်သွားမြဲပင်ဖြစ်သည်။ စာမေးပွဲကြီးပြီးလျှင်မူ တွေးစရာများ၊ ဆွေးစရာများကား ဖုံးဖိ မရနိုင်အောင်ပေါ်လာတော့မည်။ ကျွန်ုပ်တို့၏ စာအံသံ၊ စကားသံ၊ ရယ်မောသံ များကျောင်းဝန်းအတွင်း၌ ပျံ့လွင့်နိုင်တော့မည်မဟုတ်။ကျောင်းတက်ခေါင်းလောင်း ထိုးသံကိုလည်း ကြားနိုင်တော့မည် မဟုတ်။ တစ်ချိန်က မိမိတို့၏ ခြေရာများ ထပ်ခဲ့သောကျောင်းလမ်းမကြီးပေါ်သို့ နောက်တစ်ချိန် ခြေချနိုင်ရန် အတန်ပင်ကြိုးစားရတော့မည်။ သူငယ်ချင်းများအားလုံး အတူရှိခဲ့သည့် အချိန်များကို လွမ်းမောနေကြ ရတော့မည်။ အကောင်းအဆိုး အဖြစ်အပျက်များ အားလုံးတို့သည် ပြန်မရနိုင်သော တမ်းတဖွယ်ရာ၊ လွမ်းမောဖွယ်ရာ အမှတ်တရများအဖြစ်သာကျန်ရှိတော့မည်။ တဖြည်းဖြည်းနှင့်ဝေးကွာသွားရတော့မည်။..

သည်အကြောင်းများ ကိုတွေးမိလျှင် ငှက်ကလေးတွေ ကို သတိရမိသည်။ အတောင်အလက်တို့ မစုံခင် လေဟုန်ကိုစီးရင်း ကောင်းကင်အမြင့် မှာပျံသန်းရန် စိတ်ကူးယဉ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အပျံသင်ခဲ့ကြသည်။
အတောင်အလက်စုံလင်၊အပျံ ကျွမ်းကျင်တဲ့ တစ်နေ့ မှာတော့ သူငယ်ချင်းများကို နှုတ်ဆက်ပြီး ကိုယ်စီ အလိုရှိရာကို ပျံသန်းသွားကြတော့မည်။

တစ်ချို့က လေစုန်၊တစ်ချို့ကလေဆန်ကိုတက်..နိမ့်တစ်ချည်၊ မြင့်တစ်လှည့်ဖြင့်ပျံသန်းကြရမည်။လေမုန်တိုင်းတွေနှင့် ပင်လယ်ပြင် ကိုလည်း ဖြတ်ရမည်။ လေနုအေးများ နှင့် ပန်းခင်းကြီး အပေါ်မှ လည်း စီးမြောသွားရမည်။
ဆိုင်ရာ ပန်းတိုင်တွေရောက်လို့ အတောင်ညောင်းတဲ့ တစ်နေ့ကြလျှင်တော့ အကိုင်းအခက်တစ်ခုပေါ်၌ ဆင်းသက်ခိုနားကြလိမ့်မည်။ ထိုအချိန်ရောက်လို့ သူငယ်ချင်းငှက်ကလေးများ ပြန်ဆုံတွေ့ဖြစ်ခဲ့ ကြလျှင်..တစ်ချိန်က အကြောင်းတွေကို သတိတရ၊ မှတ်မိနေလိမ့်ဦးမည် ဟုမျှော်လင့်မိပေသည်။..

~~~~~~~~~~~

သူငယ်ချင်းများ အာလုံးကိုတမ်းတ လျက်...

~~~~~~~~~~~

Little Treasures of MineWhere stories live. Discover now