ပိုးကောင်ငယ်များ၏ အော်မြည်သံကို ကြားနေရသည်။ လရောင်သည် သစ်ပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေသော တောအုပ်အတွင်းသို့ ဖြာမကျနိုင်ဘဲ ကွက်တိကွက်ကြား ထိုးကျနေသည်။ သစ်ကိုင်းချင်းပွတ်တိုက်သံများသည် မှောင်ရိပ်လွှမ်းသော တောကြီး၏ အသက်ရှူသံပြင်းပြင်းလိုပင်။ သစ်ရွက်ကြွေများပေါ်မှ ခြေသံများသည် ခြောက်ခြားစရာ ကောင်းနေသည်။
ဖလော်ရာသည် သူမရှေ့နားမှ လှမ်းလျှောက်နေသော အားလက်စ်၏ မျက်နှာကိုပင် ကောင်းကောင်း မမြင်ရတော့။ အားလက်စ်၏ ခြေလှမ်းများက သွက်လွန်းသည်။ ထိုခြေလှမ်းများကိုမီအောင် အပြေးလျှောက်နေရသည်။
"အ.."
လက်မောင်းတစ်ဖက်တွင် စူးခနဲ နာကျင်သွားသည်။
"ဘာဖြစ်လဲ မမ"
"မသိဘူး။ ဆူးနဲ့ခြစ်မိတာနဲ့တူတယ်။"
"ဟုတ်လား။ ကျွန်တော့်ကို ပြဦး။"
အားလက်စ်သည် ဖလော်ရာ၏ လက်မောင်းကို ကိုင်တွယ်ကြည့်ပေမယ့် အလင်းရောင်မရှိသောကြောင့် ဘာမှမြင်ရဟန်မတူ။ ဆူးခြစ်မိရာနေရာမှ စိုထိုင်းထိုင်းအသိကြောင့် သွေးများစိမ့်ထွက်လာမှန်းသိသာသည်။
"ရတယ် အားလက်စ်။ ဘာမှမဖြစ်ဘူး။"
လက်တစ်ဖက်ဖြင့် ဆူးခြစ်မိရာနေရာကို အုပ်ကိုင်လိုက်သည်။ ဖလော်ရာ၏ လက်ဖ၀ါးတစ်ဖက်တွင်လည်း သွေးများ ပေသွားသည်။
ရုတ်တရက်..
"အားလက်စ်.."
"ဗျာ.. ဘာဖြစ်လို့လဲ မမ.."
ဖလော်ရာ ချက်ချင်းမဖြေ။ ဘေးဘီ၀ဲယာကို ကြောက်လန့်တကြားလှည့်ကြည့်နေသည်။ ၀ူးခနဲ အသံကြီးနှင့်အတူ သစ်ပင်များ ယိမ်းခါသွားစဥ် ဖလော်ရာ၏ ကိုယ်လုံးလေးမှာ ကြောက်လန့်မှုကြောင့် တုန်သွားသည်။
"လေတိုက်တာပါ မမရာ။ လာ.."
တောသည်နက်သည်ထက် နက်လာသည်။ လရောင်သည် မှိန်သထက်မှိန်လာသည်။ ချုံနွယ်များကြားမှ ပိုးစုန်းကြူးငယ်များသည် ကြယ်ပွင့်ငယ်များလို ပေါ်လာသည်။ လင်းလက်နေသော ပိုးစုန်းကြူးငယ်လေးများသည် ရှေ့ပြေးလမ်းပြများလို။ ဖလော်ရာနှင့်အားလက်စ်ဘေးနားမှ ရှေ့ဘက်မှ ပျံသန်း ၀ဲပျံနေကြသည်။
ESTÁS LEYENDO
Dark Angel