အားလက်စ်သည် မြင်ဖူးနေကြ လူငယ်လေးမဟုတ်တော့။ ရက်စက်တတ်သည့် မျက်လုံးများက ပတ္တမြားရောင်တောက်နေသည်။ မည်သည့်အရာကိုမှ အလေးမထားသည့် နှုတ်ခမ်းထောင့်မှ မဲ့ပြုံးသည် ကြောက်စရာအငွေ့အသက်တစ်မျိုး ဖုံးလွှမ်းနေသည်။ လည်ပင်းနှင့် လက်ကောက်၀တ်နေရာများတွင် ရွှေရောင်လက်နေသည့် ချည်မျှင်စများဖြင့် သုံးထောင့်ချွန်ပုံဖော်ထားသည့် အနက်ရောင်ပိုးသား၀တ်စုံကို ၀တ်ဆင်ထားသည်။ ခန့်ထည်မှုနှင့် မောက်မာမှု ပေါင်းစည်းထားသော ထိုပုံစံတွင် ငှက်မွှေးတောင်နားဆွဲတစ်ခုသာ မပြောင်းလဲ။ ဂေါဒနတ်ဆိုး၏ ရယ်သံသည် ခြောက်ကပ်ကပ် ထွက်ပေါ်လာသည်။
"သခင်လေး.. ဒီလူရဲ့ နှလုံးသားကို သုံးဆောင်ကြည့်ပါ။ တခြားဘယ်အရာနဲ့မှ မတူစေရဘူး။"
"ဟာ.. ဘယ်နှစ်ခါပြောရမလဲ။ ကျုပ်နာမည် အားလက်စ်။ ကျုပ်က ခင်ဗျားတို့သခင် မဟုတ်ဘူး။"
ဂေါဒနတ်ဆိုးသည် ခေါင်းခါခါလည်ခါခါနှင့် အစွယ်များပေါ်လာသည်အထိ ပြုံးရင်း အားလက်စ်ရှေ့တွင် ဒူးထောက်ရင်း အရိုအသေပြုလိုက်သည်။
"ကျုပ်တို့အားလုံး သခင်လေးပြန်လာမယ့်အချိန်ကို စောင့်နေကြတာပါ။ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ။ ကျုပ်က သစ္စာရှိအစေခံပီပီ သခင်လေးမရှိတုန်း ဒီကောင်တွေကို သခင်လေးကိုယ်စား ခေါင်းဆောင်ပေးနေခဲ့တာပါ။ အခုတော့ သခင်လေး ပြန်လာြပီ။ ကျုပ်တို့အားလုံးက သခင်လေး သေဆိုသေ ရှင်ဆိုရှင်မယ့်နောက်လိုက်တွေပါ။ ဟဲ ဟဲ"
"ခင်ဗျားတော်တော်ပြောရခက်တဲ့ ကောင်ပါလား။"
အားလက်စ်သည် စိတ်၀င်စားဟန်မရှိဘဲ ရွံရှာသလို တစ်ဖက်သို့လှည့်သွားသည်။ တောတွင်းမှ အဖြစ်အပျက်များသည် မကြာသေးပါ။ ဒန်နရယ်၏ ပိတ်လှောင်ခံထားရမှုကို ခါးသီးစွာ အမှတ်ရနေသေးသည်။ မည်ကဲ့သို့ လွတ်မြောက်လာနိုင်ခဲ့သည်ကိုတော့ အားလက်စ်ကိုယ်တိုင်ပင် နားမလည်။ အရာရာသည် မြူနှင်းများကြားတွင် ဖြစ်ပျက်ခဲ့သလို မှတ်ဥာဏ်များအားလုံး မှုန်၀ါးနေသည်။ အားလက်စ် သတိထားမိချိန်တွင် ဂေါဒနတ်ဆိုးသည် မိမိရှေ့တွင် ကျိုးနွံစွာ ခစားနေကာ ယခုနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
![](https://img.wattpad.com/cover/158996858-288-k549413.jpg)
YOU ARE READING
Dark Angel