Part 29 (U&Z)

7.6K 1.2K 109
                                    

မိမိဖက်မှ ဒီစကားတစ်ခွန်းကို လွယ်လွယ်နှင့်ပြောထွက်ခဲ့သည်မဟုတ်။ ဒန်နရယ့်အနေဖြစ် ရှက်ရွံ့သွားတာမျိုး မဟုတ်လျှင်တောင် မျက်နှာလွှဲသွားတာပဲဖြစ်ဖြစ်၊ မသိမသာ အံ့သြသွားတာပဲဖြစ်ဖြစ် တစ်ခုခုတော့ အမူအရာပျက်သွားစေချင်သည်။ အခုတော့ အားလက်စ်ထင်တားသမျှ တစ်ခုမှ ဖြစ်မလာ။ စကားအဆုံးမှာ ဒန်နရယ်သည် မျက်တောင်မခတ်သလို အပြုံးမပျက်။ အားလက်စ်၏ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြစ် ဖိကိုင်ကာ နဖူးကို နမ်းလိုက်သည်။

"ဒါများကွာ။ မင်းငယ်ငယ်ကတည်းက ငါ မင်းကို အမြဲနမ်းချင်နေတာ.."

ဟူသော နောက်ဆက်တွဲစကားကိုပါ ကြားလိုက်ရသည်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လိုလို၊ မွေးကင်းစ ကလေးငယ်တစ်ယောက်လိုလို ရုတ်တရက်ခံစားလိုက်ရသည့် အရသာသည် ခါးသက်သက်။ ခေါင်းမှဆံပင်များကို ပွတ်သပ်ချော့မြူရန် ကြိုးစားနေသည့် လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်း ဖယ်ထုတ်ဖြစ်သည်။

"အဲ့ဒီ့လိုမဟုတ်ဘူးလေဗျာ။"

"ဟင်.."

"ခင်ဗျားကို နမ်းခိုင်းနေတာ မဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားကို နမ်းချင်တာ။"

ပြုံးနေသော ဒန်နရယ်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားသည်။ ရေတွက်နိုင်ရန် ခက်ခဲလွန်းသည့် တိုတောင်းလွန်းသော အချိန်ပိုင်းတစ်ခုသာဖြစ်ပေမယ့် အားလက်စ် သတိထားမိသည်။

"အတူတူပဲမဟုတ်ဘူးလား။"

"ဒန်နီရာ.. ကျွန်တော့်ကို ဆွေမျိုးအရင်းကြီးတွေလို မဆက်ဆံပါနဲ့လား။ တကယ်နေရခက်တယ်။ ကျွန်တော်က ခင်ဗျားရဲ့ သားလည်းမဟုတ်ဘူး။ တူလည်းမဟုတ်ဘူး။"

"မင်းမွေးလာတဲ့အချိန်ကတည်းက ငါ မင်းကိုသိခဲ့တာ အားလက်စ်ရ။ အဲ့ဒီ့လို သဘောမထားလို့ ဘယ်လိုသဘောထားရမလဲ။"

ချစ်သူလိုသဘောထားကြည့်ပေါ့ ဆိုသည့် စကားကို ရင်ထဲမှာသာ သိမ်းထားဖြစ်သည်။

"ဘယ်လိုလဲ။ ခင်ဗျား သဘောတူမှာလား။ မတူဘူးလား။"

"တူပါတယ်။ မင်း သဘောပဲ။"

ဒန်နရယ်သည် အားလက်စ်ရှိရာ မျက်နှာချင်းဆိုင်လှည့်သည်။ မျက်လုံးပြာများသည် ရှက်ရွံ့တွေ​ေ၀မှု လုံးလုံးမရှိ။ သူတို့နှစ်ယောက်ကို ၀န်းရံနေသော လေဖိအားသည် ပိုမိုလေးလံလာသည်ဟု ခံစားရသည်မှာ အားလက်စ် တစ်ယောက်တည်းဖြစ်လိမ့်သည်။

Dark AngelWhere stories live. Discover now