မီးခိုးရောင်တိမ်စိုင်များသည် ကောင်းကင်ပြင်အနှံ့ကို နေရာယူထားသည်။ လေးလံသော ရေခိုးရေငွေ့များနှင့်ဖြစ်သောကြောင့် မြေပြင်ထက်သို့ တအိအိပြိုကျလာသည်။ လေသည် ပြင်းသည်ထက်ပြင်းလာသည်။ ဒေါမာန်ပါသော လေပြင်းသည် ၀တ်ရုံစများကို ဦးတည်ရာမဲ့ လွင့်ပါစေနေသည်။
ဒန်နရယ့်ရှေ့တွင် နတ်ဘုရားသုံးပါးစလုံး ရှိသည်။ ရေနတ်ဘုရား၏ ဗိမာန်တည်ရှိရာ လှိုဏ်ဂူကြီးအပြင်ရှိ သဲသောင်ပြင်တွင် ရပ်နေသောကြောင့် ကျယ်ပြန့်သော ပင်လယ်ပြင်ကို မြင်နေရသည်။ ကြည်လင်သောပင်လယ်ရေသည် သောင်ပြင်နားတွင် စိမ်းပြာရောင်ဖြစ်ကာ လှိုင်းတွန့်လေးများနှင့် လှချင်တိုင်းလှနေသည်။
"အခု ခင်ဗျားတို့ကို ပြောခဲ့သမျှဟာ ကျွန်တော့် အစီအစဥ်တွေပဲ။ ရှေ့ဆက်မယ့်ကာလအတွက် လူသားမျိုးနွယ်တစ်ခုပဲ ရှိဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။"
"မင်း.."
"ကျွန်တော်တို့ သဘောတူပါတယ်။"
နေနတ်ဘုရားသည် သူ့ဘေးမှ လေနတ်ဘုရားကို စကားပြောခွင့်မပေး။ လေနတ်ဘုရား၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားရာမှ အားထည့်လိုက်သည်။ မျက်နှာတစ်ခုလုံးရဲတက်သွားအောင် နာကျင်သွားသောကြောင့် လေနတ်ဘုရားသည် ဘာစကားမှဆက်မပြောတော့။ နှုတ်ခမ်းများကို ဖိကိုက်ကာ အသံတိတ်နေသည်။
"နတ်ဘုရားတွေအတွက် နစ်နာစရာရှိပေမယ့် အားလုံးတန်းတူဖြစ်မှ ဖြစ်လိမ့်မယ်။ ကျွန်တော် တောင်းပန်ပါတယ်။"
"ကျွန်တော်တို့အတွက် ကိစ္စမရှိပါဘူး။ အခုလည်း နတ်ဘုရားအများစုဟာ လူတွေကြားမှာနေ နေကြတာပဲ အရှင်။ ဒါပေမဲ့ အရှင်က ဖြစ်စေချင်ရင်တောင် ဟိုကောင်လေးက.."
"သူ လက်ခံလိမ့်မယ် အေဒို..."
"ခင်ဗျာ.."
"ကျွန်တော် သံသယမရှိဘူး။ အနှေးနဲ့အမြန် သူ လက်ခံမှာပဲ။ အချိန်သိပ်နောက်မကျဖို့ပဲ ကျွန်တော် မျှော်လင့်တယ်။"
ဒန်နရယ်သည် မိမိလက်တစ်ဖက်ကို ငုံ့ကြည့်ရင်း သက်ပြင်းချသည်။
YOU ARE READING
Dark Angel