Part 7

4K 194 3
                                    

ပိုင်ရှင်
အပိုင်း (၇)
#ပိုင်ရှင်

“ဟင်..မမ...စောကြီး ပြန်လာတယ်..”
“ဟုတ်တယ်....နင် ကျူရှင် ကို တန်းတန်းမတ်မတ် သွားနော်...”
“ဟုတ်...”
ပုံ့ပုံ့ ကို ထုံးစံ အတိုင်း ကျိန်းလိုက်ခါ ဝိုင်း အ၀တ်အစားလဲပြီး ဖုန်းဆီတန်းသွားမိသည်..။
စာရွက်ပိုင်းလေးက နံပါတ်တွေကို ရိုက်ရင်း စိတ်ပူနေရသည်..။
“ဟလို...”
“ဟလို ကိုကြီးလား..”
အသံကြားလိုက်တာနဲ့ ကိုကြီးမှန်း သိပြီး ဝိုင်း မေးလိုက်မိသည်..။
“ဟုတ်တယ်...ပုံ့လား..”
“ဝိုင်းပါ...”
“သြော်...ဝိုင်း ...ဘာပြောမလို့လည်း..”
ဟင်...ဖုန်းခေါ်မိတာ သာကြောင်းမာကြောင်းတောင် မမေးပဲ အနှောင့်အယှက်ဖြစ်သလို မေးလာတော့ ဝိုင်း  စိတ်ထဲ ၀မ်းနည်းမှုတွေ လှိုက်တက်လာရသည်..။
“ဟို..မာန်သွေး ဖုန်းခေါ်ခိုင်းလို့ပါ..”
“ခဏ နော်...”
စကားပြောသံ တစ်ချို့ ကြားပြီး ခဏ ကြာတော့ တံခါး ခေါက်သံလည်း ကြားရသည်..။
“မာန်သွေး...ဖုန်း..”
“ဟုတ်...လာပြီ...”
တံခါးဖွင့်သံ ကြားပြီး ခဏ ကြာတော့ ချောင်းဟန့်သံပါ ပြန်ကြားရသည်..။
“ဟလို..”
“ငါပါ..ဝိုင်း...”
“အေး...နင် အားလား..”
“အင်း...နင်တို့ အလုပ်များနေတယ်ထင်တယ်..”
“မများပါဘူး..ကိုကြီး သူငယ်ချင်းမလေးတွေ အိမ်လာလည်တော့ ငါတောင် အခန်းအောင်းပေးနေရတယ်....နင် ဆိုင်ဖွင့်နေပြီဆို...အဆင်ပြေလား..”
ကိုကြီး က အဲဒါကြောင့် ဖုန်းမပြောချင်တာလား...သူငယ်ချင်း အဆင့်ထက် ပိုတဲ့ သူ ပါလို့ အခုလို ခပ်မြန်မြန်ရှောင်ပစ်တာနေမှာပါလေ..။
“ဟဲ့...”
“ဟင်...အင်း ပြေပါတယ်...”
ကိုကြီး အကြောင်းတွေးနေမိတာ ဖုန်းပြောနေလက်စတောင် မေ့သွားရသည်..။
“နင် ပုံ့ပုံ့ ကို ရိုက်တယ်ဆို...”
သူ ဘယ်လိုသိသွားပါလိမ့်.. ဝိုင်းမျက်ခုံးတွန့်မိခါ...
“ဘာလည်း တိုင်လို့လား...ကြာလှပြီ...”
“ဟုတ်တယ်...အဲ့နေ့ညပဲ ငါ့ကို ဖုန်းဆက်တိုင်တယ်..”
“ပုံ့ပုံ့ဟာလေ...အမေကျော် ဒွေးတော် သိပ်လွမ်းတာပဲ...”
၀ိုင်း စိတ်တိုတိုဖြင့် စောင်းမြောင်း ပြောဆို ပစ်လိုက်တော့ မာန်သွေး အသံတွေလည်း တိတ်ကျသွားသည်..။
“အမေကျော်..ဒွေးတော်လွမ်းရလောက်အောင်...အမေ က ဒွေးတော်လောက် အသုံးမကျလို့ နေမှာပေါ့ဟာ..”
“မာန်သွေး...ငါ ရန်မဖြစ်ချင်ဘူး..”
“ငါလည်း နင်နဲ့ ရန်ဖြစ်ဖို့ စိတ်မ၀င်စားပါဘူး...ပုံ့ပုံ့ အတွက် စိတ်ပူလို့ ပြောနေတာ..”
“သူ ကျူရှင်ပြေးတာကော နင့်ကို ပြောလား..”
၀ိုင်း စိတ်ပေါက်ပေါက်နဲ့ ငေါ့တူးပြီး မေးလိုက်တော့ သက်ပြင်းချသံ ထွက်လာသည်..။
သိသားပဲ....ရှေ့နေကြီးက ပြစ်မှုကို သေချာ မစုံစမ်းခဲ့ပုံပါပဲ...။
“ငါ့ကို ပြောတယ်...”
“ဟင်...”
၀ိုင်း မထင်ထားတဲ့ အဖြေတစ်ခုကြောင့် ခဏ ကြောင်သွားရသည်..။
“ပုံ့ပုံ့ အရွယ်က ဆယ်ကျော်သက် ထိန်းရသိမ်းရခက်တဲ့ ဂျစ်ကန်ကန် အရွယ်..ဘာမဆို စူးစမ်းချင်စိတ်လည်း ပြင်းတယ်...အရာရာကို အရွဲ့တိုက်ချင်နေတယ်...နင်..အဆုံးမ မတက်ရင် ကလေး လမ်းလွဲ သွားလိမ့်မယ်..ဝိုင်း..”
မာန်သွေး စကားတွေက အပြုသဘောဆောင်နေတော့ ဝိုင်း ရင်မော လာရသည်..။
“ဟင်း...ငါ သိပါတယ်...ငါလည်း ရိုက်ပြီး မှ နောင်တရနေတယ်...သူ အရင်က အဲလို မဟုတ်ပါဘူးဟာ...အပေါင်းအသင်းဖျက်စီးတာပါ..”
“နင့်အထင်နဲ့ နင့် အတွေးနဲ့...ပုံ့ပုံ့ သူငယ်ချင်းတွေ အိမ်မှာ သွားတိုင်တယ်ပေါ့..”
“ဟင်..နင် ဘယ်လိုသိလည်း..”
“နင် မှားတယ်...ဝိုင်း...အရမ်းမှားတယ်....အပေါင်းအသင်းကြောင့် ပျက်စီးတယ်ဆိုတာ မရှိဘူး..သူ ကိုယ်တိုင်က ပျက်စီးချင်နေလို့ ပျက်စီးမှာပါ...သူ့ ဦးနှောက်ကို မပြင်ပေးနိုင်သရွေ့ အခန်းထဲ ပိတ်လှောင်ထားလည်း...ပျက်စီးမှာပဲ....”
“နင် ကလည်း ဆရာကြီး လေသံနဲ့ မပြောစမ်းပါနဲ့...နင်..ဘာမှ သိတာ မဟုတ်ဘူး..”
မာန်သွေး ဒေါသကြောင့် အံကြိတ်လိုက်ပြီး ဖုန်းကို ခဏခွါခါ စိတ်ပြောင်းအောင် အသက်ရှုလိုက်ရသည်..။
ဒေါသနဲ့ ပြောရင် ပြောချင်တာတွေ သိစေချင်တာတွေ တလွဲ ဖြစ်ပြီး ပုံ့ပုံ့ ဘဝလေးပါ ထိခိုက်သွားနိုင်သည်..။
“ဟုတ်ပါတယ်...ငါ မသိဘူး...ငါ သိတာက ပုံ့ပုံ့ မှာ အခုသူငယ်ချင်းမရှိတော့ဘူး..ဒါကြောင့် စိတ်လေ နေတယ်..သူ့ကို ရည်းစားစကားပြောဖူးတဲ့ ကောင်လေးနဲ့ သူငယ်ချင်းလုပ်နေရတယ်..နှစ်ယောက်တည်း ရုပ်ရှင် သွားကြည့်တယ်..မနေ့က သူ အနမ်းခံရတယ်...”
“ဟင်...ဘာ...ဘာဖြစ်တယ်...”
၀ိုင်း ရင်တွေ ဒိန်းကနဲ့ ဖြစ်ပြီး ကိုယ့်နားကို ကိုယ်မယုံနိုင် ဖြစ်ခါ ပြန်မေးရသည်..။
“စော်ကားခံရတာ..မဟုတ်ဘူး...သူ ကိုယ်တိုင်က စူးစမ်းပျော်၀င်ချင်နေတာ “
“နင်...နင်...ဘယ်လိုသိတာလည်း...”
“သူ ကိုယ်တိုင် ပြောတာလေ...တစ်ပတ် တစ်ခါ ဖုန်းဆက်ပြီး ငါ့ကို သူ့ အကြောင်းတွေ ပြောတယ်...တနင်္ဂနွေဆိုရင် တစ်နေ့ နှစ်ခါ ဖုန်းပြောနေကျပဲလေ....မနေ့ကသူ ကျူရှင်ပြေးပြီး ရုပ်ရှင် သွားကြည့်တဲ့ အကြောင်း မနက်ကမှ ပြောတယ်...”
“နင်...သိရဲ့သားနဲ့..”
“သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့ စကား မှန်နေသလိုပဲ ဝိုင်းရေ......တော်သေးတာပေါ့.. ငါ့ကိုပြောရဲနေလို့.....ငါ ဘယ်လို ပြောရမှန်းတော့ မသိဘူး...အလိမ်မာနည်းနဲ့ပဲ နားလည်အောင် ပြောထားလိုက်ရတယ်...”
“နင် သိရဲ့သားနဲ့ ဘာလို့..’
‘နင်လည်း ပုံ့ပုံ့ ကို ပြသာနာ မရှာနဲ့နော်..ငါ က နင်သိအောင် အသိပေးတာပါ....အခုလို ဖြစ်လာရတာ နင့် ပယောက မကင်းဘူး ဝိုင်း..”
“ဟင်...”
“ဟုတ်တယ်...တကယ်ဆို ပုံ့ သူငယ်ချင်းတွေအိမ်လိုက်သွားပြီး ပြသာနာ မရှာသင့်ဘူး...အခုတော့ အပေါင်းအသင်းတွေက ရှုတ်ချကဲ့ရဲ့ခံရ စိတ်တွေလေပြီး မတွေးသင့်တာတွေး အားမကိုးထိုက်တဲ့ သူကို အားကိုးချင်နေပြီလေ..နင် နဲ့ ပုံ့က သူစိမ်းထက် ဆိုးပြီး ရန်သူလို ဖြစ်နေတယ်လို့ ငါထင်တယ်...”
“ဘာ..”
၀ိုင်းရဲ့ ဒေါသ အသံကို ကြားတော့ မာန်သွေး ပြုံးလိုက်မိသည်..။
သူ့ညီမအပေါ် စေတနာ ထားတာ သိပေမဲ့ အမြင် ဝေဖန် ပြောလိုက်တော့ နာပြန်ပြီ..။
“ဟုတ်တယ်...နင်က ပုံ့ ဘာလုပ်နေလည်း လိုက်ကြည့် လိုက်ပြော ...မရရင် အဖေလုပ်သူကို ပြေးတိုင်တယ်...အဲတော့...ပုံ့က လူငယ်လေ...တရား၀င် လုပ်ခွင့် မရတော့ ခိုးလုပ်တယ်...ခိုးလုပ်တာ မိတော့ ပြသာနာ ပိုကြီးတယ်...ပိုကြီးလာတဲ့ ပြသာနာကိုလည်း သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေတယ်...အန္တရယ်ဘာမှန်း မသိတဲ့ အရွယ်မှာ သူ့ကိုယ်ပိုင်နည်းလမ်းက အပျက်သဘောတွေရောက်နေတာ သူမသိရှာဘူးလေ...တကယ်တော့ အစ ပထမက သူ အခွေငှားကြည့်တာကို ပိတ်ပင်တယ်..နောက်မရတော့ အဖေ လုပ်သူရဲ့ အမိန့်နဲ့ ပိတ်လိုက်တဲ့ နင်မှားတာ...တကယ်ဆို ပုံ့ပုံ့ က ခုနှစ်တန်းကျောင်းသူ..တကယ့်ကလေး ပဲ ရှိသေးတာလေ...သူ နင့်ဆီမှာ ခွင့်တောင်းရင် နင့် ဦးနှောက်နဲ့ စဉ်းစားပြီး ခွင့်ပြုသင့်ရင် ခွင့်ပြုရမယ်...သူ စာချည်းပဲ လုပ်နေရင် နင်ကိုယ်တိုင် ရုပ်ရှင်ရုံ လိုက်ပို့ပေးရမှာမလား..နင် ရဲ့ တင်းကြပ်လှတဲ့ စည်းမျဉ်းတွေကြောင့် ပုံ့ပုံ့ ရဲ့ ကလေး ဘ၀ ပျောက်နေပြီလို့ ငါထင်တယ်...ဝိုင်း....နင်ရဲ့ စောင့်ရှောက်မှု ပုံစံ မှားနေတယ်...ပုံ့ပုံ့ ဘ၀ လမ်းချော်သွားမှာ စိုးရတယ်....ငယ်ငယ် ကတည်းက အမေ မရှိလို့ နင့်ကို အမေ အစ်မလို အားကိုးနေရရှာတဲ့ ..ပုံ့ပုံ့ အပေါ်မတရားဘူး...အဲဒါ နင်သိရဲ့လား..”
“ငါ...ငါ.....စိုးရိမ်လို့ပါဟာ...သူ့ကို ပညာရေး ပြီးဆုံးစေချင်တယ်...ငါ့လို ဖြစ်မှာ စိုးရိမ်တယ်...သူ့ဘဝရှေ့ရေး အတွက်....ငါ...အင့်...”
၀ိုင်းရဲ့ ရှိုက်သံ ကို ကြားတော့ မာန်သွေးလည်း စိတ်မကောင်းဖြစ်ရသည်..။
ညီမ ဖြစ်သူနဲ့ အဖေ ကို ငဲ့ပြီး ဝိုင်းက သူ့ဘ၀ကို စတေးပစ်လိုက်တာ မာန်သွေး သိပါသည်..။
ရှစ်တန်း အရွယ်ကတည်းက သူပဲ အိမ်ရှင်မ လုပ်နေရသည့် ဝိုင်း ကို မာန်သွေး သနားမိသည်..။
စေတနာ အမှားတွေ ဖြစ်မှာ စိုးရိမ်လို့...ဝေဒနာဖြစ်အောင် ပြောလိုက်မိတာ...ဝိုင်းနားလည်ပါစေလို့ ဆုတောင်းမိသည်..။
“ငါ...ဘာလုပ်ရမလည်း...မာန်သွေးရယ်....ပုံ့ က ငါ့ကို နင့်လောက်တောင် မရင်းနှီးဘူးဟာ...”
“ဟုတ်တယ်...ပုံ့ ကို နင် သူငယ်ချင်း တစ်ယောက်လို ပေါင်းသင့်တယ်..နင့် ပုံစံက အမေ နဲ့တောင် မတူဘူး အဖွား အဆင့်လောက်ရောက်နေပြီ...ခေတ်လူငယ်ကို နားလည်မပေးနိုင်တဲ့ အဖွားကြီးနဲ့ နေရတဲ့ ပုံ့ဘ၀ကလည်း သနားစရာပဲ...”
“ဟဲ့....”
“ဟား...ဟား..စတာပါ....နင် လုပ်ရမှာက ပုံ့သူငယ်ချင်းတွေ အိမ်ကိုသွားတောင်းပန်...ပြီးရင် သူ့ သူငယ်ချင်းတွေနဲ့ သူ့ ကို ပြန်ရင်းနှီးအောင်ကြိုးစားပေးပေါ့..အချိန်ရရင် ကလေးတွေအားလုံးကို ခေါ်ပြီး ရုပ်ရှင် လိုက်ပြ...တစ်ပတ် တစ်ခါ လောက် အပြင်လိုက်ပို့ပေး...ကလေးတွေ အတွက်လည်း..နင့်လို စဉ်းစားတက်တဲ့ သူ တစ်ယောက်နဲ့ ပေါင်းရတော့ လမ်းမမှားတော့ဘူးပေါ့ဟာ....”
“အင်း...နင်ပြောတဲ့ အတိုင်း ငါလုပ်ပါမယ်..”
“မဆိုးပါဘူး...ငါက အဖွားကြီး နားပိတ်ငြင်းမယ်ထင်နေတာလေ...”
“ဟား..ဟား...ကျေးဇူးတင်တယ်...မာန်သွေး...နင် တော်တော် ရင့်ကျက်သွားတယ်...”
“ဘ၀အတွေ့အကြုံ့ ကိုယ်တွေ့တွေပါဟာ...ကလေးကို မသိစေနဲ့နော်...တော်ကြာ...ငါ့ကို စိတ်ဆိုးနေအုံးမယ်..”
ပုံ့ သိရင် သစ္စာဖောက်တဲ့ ကိုယ့်ကို စိတ်ဆိုးသွားမှာစိုးလို့ တစ်ခါတည်း သတိပေးထားရသည်။
“အေးပါဟယ်...သူ ပြောတာတွေ ငါ့လည်း ပြန်ပြောအုံးနော်..”
“မပြောဘူး...သူကိုယ်တိုင် ပြောလာအောင် နင်လုပ်သင့်တာ...”
“..ငါကြိုးစားပါ့မယ်..နင်ကော ဘာလုပ်နေလည်း...”
“ကိုကြီးနဲ့ ကူတယ်...ကုန်ကား နှစ်စီး လည်း ၀ယ်ထားတယ်...နင်လိုတော့ မချမ်းသာသေးဘူးပေါ့ဟာ..”
“အောင်မယ်...အပိုတွေ စလာပြီ..”
“ဟား..ဟား..ဒါပဲ...နင့်ကိုကြီးကို လွမ်းလို့ငိုသေးလား..”
“အေး...အဲ...ဟအေး...ကိုကြီးက င့ါကို မေ့နေပြီထင်တယ်..ဝိုင်းဆိုတော့ ဘယ်က ဝိုင်းလည်း မေးမလို့နဲ့ တူတယ်...”
“ဟား..ဟား...ဟုတ်တယ်...ရှမ်းမလေးတွေချောတယ်လေ...”
“အဟွင်း သိပါတယ်...”
၀ိုင်း ဖုန်းချလိုက်ပြီး ရင်ထဲမှာ မောလျနေသည်..။
ပုံ့ပုံ့ အပေါ်မတရားဘူးဆိုတဲ့ စကားက ရင်ထဲကို လောင်မြိုက်စေသည်..။
စေတနာ အမှားတွေပါ ညီမလေးရယ်..။
.
“ဟို နီနီ၀င်း ...ညီမလေး...အမေ ရှိလား..”
“ဟုတ်ကဲ့..”
မျက်နှာစူပုတ်ပုတ် ဖြင့် အိမ်ထဲ ၀င်သွားတော့ ဝိုင်း အိမ်ဖိနပ်ချွတ်မှာ ရပ်စောင့်နေရသည်..။
“သြော်..မူမူ ဘာပြောစရာရှိလို့လည်း...”
“ဟို တစ်ခါ ကိစ္စ ကျွန်မ အထင်လွဲပြီး ပြောမိတာ တောင်းပန်ပါတယ်..အစ်မ”
“အဟမ်း...”
အိမ်ထဲတောင် မခေါ်ပဲ မျက်နှာထား တည်တည်ဖြင့် ခေါင်းညိတ်တော့ လွယ်လွယ် မကျေအေးနိုင်မှန်း ရိပ်မိသည်။
“ကျွန်မ လွန်ခဲ့မိလို့ ညီမလေးက သူငယ်ချင်းကောင်းတွေ ဆုံးရှုံးခဲ့ရပါတယ်...အစ်မရယ်...အခုလည်း ကျောင်းမှာ မပျော်တော့ဘူး...ကျောင်းထွက်ချင် နေပြီ..”
“ဟယ်..ဘာဖြစ်လို့လည်း...”
“သူ့ သူငယ်ချင်းတွေ မရှိတော့လို့တဲ့... ကလေးက အထီးကျန်ဝေဒနာလို ဖြစ်နေရတာပါ...”
“အိုး....”
“ကျောင်းမှာ ဘယ်သူမှ သူ့ကို စကားမပြောတော့တာပါ...”
“ဟယ်...”
“အဲဒါ သူ စိတ်ချမ်းသာအောင် ရုပ်ရှင်လိုက်ပြမယ်ဆိုတာလည်း... မလိုက်ချင်ဘူးတဲ့လေ...တကယ်တော့ ညီမလေးက ငယ်ငယ်ကတည်းက မိခင်ရင်ငွေ့လပ်နေရသူပါ အစ်မရယ်...ကျွန်မကလည်း..အစိုးရိမ်လွန်ပြီး တင်းကျပ်မိလို့ အခုလိုတွေ ဖြစ်လာရတာပါ...”
အိမ်ဝမှာ ရပ်ပြီး ခခယယ ရှင်းပြတော့မှာ မျက်နှာ ကြည်လင်သွား၍ ခေါင်းညိတ်ပြခါ...
“အေးလေ...ကျွန်မတို့လည်း မွန်မွန် ကို ချစ်ပါတယ်....ကိုယ့်သားသမီးကို ထိခိုက်ပြောတော့ မခံနိုင်တာပါ...အခု ဘယ်လို ကူညီရမလည်း...”
“ဟုတ်ကဲ့..ကျွန်မ နားလည်ပါတယ်...အခု ရုပ်ရှင်သွားကြည့်မလို့ နီနီ့ ကို လာခေါ်တာပါ...ကျွန်မလည်း ပါမှာဆိုတော့ စိတ်ချလက်ချ ခွင့်ပြုလို့ရပါတယ်...အပြန်ကိုလည်း ကျွန်မကိုယ်တိုင် လိုက်ပို့ပါ့မယ်...”
“သြော်...ဒါလား..နီနီ...သမီးရေ....”
“ရှင်..”
“သွား အ၀တ်အစားလဲပြီး မမ နဲ့ လိုက်သွားလိုက်....သမီး သူငယ်ချင်းကိုလည်း ကောင်းကောင်းဆက်ဆံနော်...မွန်မွန်စိုးခမျာ သမီးတို့ကို သိပ်ခင်တွယ်တာ...”
“ဟုတ်...”
ကိုယ်တိုင် ကပ်ကပ်လန်အောင်ရန်တွေ့ခဲ့သမျှ အခုတော့ ဒူးထောက်မတက် မျက်နှာငယ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်တောင်းပန်ရတော့သည်..။
“မမ ..မွန်မွန် က ဘယ်မှာလည်း..”
“အိမ်မှာလေ..ညီမလေး..”
“ဘာလုပ်နေလည်း..”
“ငိုနေမှာပေါ့...”
“အိုး...သနားပါတယ်...စံတို့ကလည်း မွန်မွန့် ကို ခင်ပါတယ်..ချစ်လည်း ချစ်တယ်...ဖေဖေ တို့က မခေါ်ရဘူး ပြောလို့ပါ...ပြီးတော့ မမ ကိုလည်း စိတ်ဆိုးတယ်..”
“မမ တောင်းပန်ပါတယ်...မမ လည်း နောင်တ ရနေပါပြီဟယ်...ခြေထောက်တောင် ညောင်းတယ်...ဟူး...”
“ခစ်..ခစ်...”
ကောင်မလေး သုံးယောက်ကို လက်ဆွဲပြီး အိမ်ကို တစ်ခါ ချီတက်ရတာ ဒီနေ့တော့ ဆိုင်ဖွင့်ရဖို့ လမ်းမမြင်တော့ပါဘူးလေ...။
“ပုံ့ပုံ့..”
“ရှင်..”
“မေမေကြည်ကော..”
“ဖေဖေကြီး နဲ့ မင်္ဂလာဆောင် သွားတယ်..”
“သြော်...အတော်ပဲ...သွား အ၀တ်အစားလဲချေ..”
“ဘာဖြစ်လို့လည်း မမ..”
“ရုပ်ရှင် သွားကြည့်မလို့..”
“ဟာ..သွားချင်ပါဘူး..”
“ဟဲ့...ငါတို့လည်း လိုက်မှာလေ..”
“ဟင်...နီနီ...”
ပန်းခြုံ နားက ထွက်လာတဲ့ နီနီ့ ကို ကြည့်ရင်း ပုံ့ပုံ့ မျက်လုံး ကို ပွတ်ကြည့်ရသည်..။
“ငါလည်း လိုက်မှာနော်..”
“အိုး နင်တို့ သုံးယောက်စလုံး...လာတယ်..”
“အေး..နင့် မမ က အိမ်မှာလာခေါ်လို့ လိုက်လာတာ...ငါတို့ကို နင်သတိရနေတယ်ဆို...”
“အေးပေါ့..နင့်ဖေဖေ သိရင်..”
“ရတယ်...ဖေဖေ့ဆီက မမ ခွင့်တောင်းပြီးခေါ်လာတာ..”
“တကယ်..”
မျက်လုံး အရောင် တလက်လက်ဖြင့် ပြေးဖက်တော့ ဝိုင်း မျက်ရည်စို့လောက်အောင် ကြည်နူးရသည်..။
ပုံ့ပုံ့ နဲ့ ဝိုင်း က တကယ့် ကို ရန်သူတွေ ဖြစ်နေခဲ့တာပဲ...။
ညီမလေး ဒီလို အားကိုးတကြီး မဖက်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလည်း..။

ပိုင်ရှင်Where stories live. Discover now