Part 1

6.5K 111 1
                                    

ဒဏ်ရာရ  ဦးနှောက်
အပိုင်း (၁)
#ဒဏ်ရာရ  ဦးနှောက်

"ဆန်းသော်.."
"ဟင်.."
"…မင်း မဟေသီ ရောက်နေပြီ.."
"ဟုတ်လား.."
ဆန်းသော်  ခတ်လက်စ ဂစ်တာကို အိတ်ထဲ ဂရုတစိုက် ထည့်ပြီး ဘောင်းဘီရှည် အနားစတွေကို ညီအောင် ခါချလိုက်သည်..။
ရှပ်အဖြူကို မီးခိုးရောင် စတိုင်ပန်ထဲ သေချာထည့်ဝတ်ခါ ခါးစတွေကို ခပ်ဖောင်းဖောင်း ပုံစံဖြစ်အောင် နည်းနည်း ပြန်ဆွဲထုတ်ရသည်..။
ဖိနပ် အနက်ပေါ်မှာ တစ်ရှူးအစလေးကပ်နေလို့ ခွာပြီး အမှိုက်ခြင်းထဲ ထည့်လိုက်ရပြန်သည်..။
အုတ်တိုင်မှာ ကပ်ထားတဲ့ နှစ်ပေ ပတ်လည် ကြည့်မှန်ရှေ့မှာ တစ်ချက် ရပ်ပြီး ဆံပင်ကို တစ်ချက်သပ်ခါ ခပ်ဖွဖွ ပုံစံ ပြန်ချသည်..။
"အိုကေပြီ.."
ဂစ်တာကို လက်ကိုင်အစပ်နေရာမှ ကိုင်ပြီး ခြေလှမ်းမှန်မှန် နဲ့ လျှောက်ပြီး ထွက်လာတော့ မဟေသီ (ခေါ်) သီသီ က ပီကေဝါးရင်း လက်ပိုက်ပြီး စောင့်နေသည်.။
"ဟာ…စောင့်လိုက်ရတာ သော်ရာ.."
"စောင့်ရမှာပေါ့…နင့်ကို ပြောထားသားပဲ ရှစ်နာရီ အတိလာပါဆို ဘာဖြစ်လို့ ဆယ့်ငါးမိနစ်တောင် ကြိုလာလည်း.."
"ဟုတ်ပါတယ်…ဦးတိကျရာ…တွေ့တာနဲ့ ပွမ်ပြီ…လာ..မြန်မြန်…"
"ဘာဖြစ်လို့လည်း…"
"ဗိုက်ဆာပြီ…အိမ်ကိုစားဖို့ ပြန်သွားတာ စားစရာ ဘာမှ မရှိဘူး.."
"သြော်…ဒါကြောင့် ငါ့ဆီ လိုက်လာ တာလား.."
"အေးလေ…"
"ကျစ်…"
"ဘာလည်း…ထမင်းလေးချက်ကျွေးရတာကို ညူစူချင်နြေ့ပီလား.."
သီသီ ရဲ့ စကားကို ပြန်ပြောဖို့ စကားလုံးပေါင်းများစွာ နှုတ်ဝမှာ ရုန်းတက်လာပေမဲ့ ကိုယ်ပဲ အလွန်ဖြစ်မှာ စိုးလို့ သက်ပြင်းနဲ့ မှုတ်ထုတ်လိုက်မိသည်..။
"ဟာ…ရှောက်သီးသုပ် စားကြမလား.."
"မဖြစ်ဘူး…ညရှစ်နာရီ ဖြစ်နေပြီ စားစရာလား.."
"အိုး..နင်ကလည်း…ညမစားရဘူး ဆိုတာ ရှိလို့လား…."
"မရှိပေမဲ့ စားသင့်…မစားသင့်..ချင့်ချိန် စားရတယ်လေကွာ…"
"ကျစ်..…ဒါဆို ယောင်္ကျား ပြန်နှင့်လိုက်…ဒီမှာသော့…"
ဆန်းသော် လက်ကို ဆွဲပြီး သော့ထည့်ပေးခါ ပိုက်ဆံအိတ်ကို စလွယ်သိုင်း ပြင်လွယ်နေပြီ…။
ကိုယ်လိုက်မသွားလည်း သူကတော့ သွားမှာပဲ ဆိုတာ သိနေတာမို့ ကိုယ်လည်း ဂစ်တာကို ကိုင်ထားရာမှာ လွယ်လိုက်ရတော့သည်..။
"အဟား..ဟား….လိုက်လာရတာပဲ မလား.."
"ငါ မပါလည်း နင် သွားမှာပဲလေ…"
"ဟဲ..ဟဲ…ဟုတ်တယ်….ငါတို့ စားရင်း ရုပ်ရှင် ဝင်ကြည့်ကြမယ် သိလား.."
"……."
လမ်းမဘေးဘက်မှာ လျှောက်နေပေမဲ့ ပခုံးကို လှမ်းဖက်တော့ ကိုယ်လည်း ယိုင်သွားခါ စိတ်တိုမိသည်..။
ဒီလို မိန်းမ အိနြေ္ဒသိက္ခာ မရှိတာမျိုးကို ဘာကို  ကြည့်ပြီး ကြိုက်ခဲ့မိပါလိမ့်..။
သူပြောတာတော့ သူပုံစံက မွေးကတည်းက ဒီလိုပါပဲတဲ့..။
ဒါဆို ကိုယ်က ကြိုက်တုန်းက မတွေ့ပဲ လက်ထပ်ပြီးမှ အပြစ်တွေ မြင်လာတာလား..။
သေချာတာတော့ ဆန်းသော် အတွက် သီသီ က အသွင်တူလို့ အိမ်သူ ဖြစ်ခဲ့သည်မျိုး မဟုတ်…။
နှလုံးသားချင်းနီးလို့ အိမ်သူ တင်မြှောက်ထားရသည် ဆိုမလား..။
ရင်ဘတ်ခြင်း ညီလို့ အိမ်သား အဖြစ် ခစားခွင့်ရနေသည် ဆိုမလား..။
"ဟဲ့…သွားဝယ်လေ…"
"ဒါစားမှ ဖြစ်မှာလား…"
"အေးလေ….ဘယ်နှခါ ပြောရမှာလည်း…"
"အင်း..ခဏစောင့်.."
ဆန်းသော် ခေါင်းညိတ်လိုက်ပြီး ခုံပုလေးတွေ ချထားသည့် အသုပ်စုံ ဆိုင်ဆီကို လျှောက်သွားရသည်..။
ရှောက်သီးသုပ် ဆိုရင် ချဉ်နေရဲ့သားနဲ့စပ်စပ် မှ စားချင်တဲ့ အကျင့်ကို သိထားပေမဲ့ အစပ်လျော့ပေးဖို့ ပြောလိုက်မိသည်…။
ဆိုင်မှာ အကျအန ထိုင်စားဖို့ ဆိုရင် ခါးခါးသီးသီး ငြင်းတက်တဲ့ သူ့ အတွက် ဖော့ဘူးထဲ ထည့်ယူခဲ့ရသည်..။
"ရပြီလား..မြန်တယ်နော်….ငါလည်း လက်မှတ်ရပြီ…လာ…ချစ်ကျားကျား"
သူ့ လိုအပ်တာ ၊ ခိုင်းတာကို လုပ်ပေးတိုင်း ထွက်လာတဲ့ ချွဲပျစ်ပျစ် စကားတွေကိုလည်း ထူးပြီး မကြည်နူးမိတော့ပါဘူးလေ..။
ရုပ်ရှင်ရုံထဲရောက်တော့ ထုံစံ အတိုင်း သုံးခုံဝယ်ထားပြီး တစ်ခုံ အလွတ်ထားသည်..။
ချစ်သူဘဝတုန်းက သုံးခုံစာ လက်မှတ်ဝယ်တော့ သူငယ်ချင်း တစ်ယောက်ယောက် လာမယ် ထင်လို့ စိတ်ရှုပ်မိသေးသည်..။
ရုပ်ရှင်ကားသာ ပြီးသွားတယ် ဘယ်သူမှ မလာတော့မှ မနေနိုင်လို့ ဖွင့်မေးရတော့သည်..။
"သြော်..ဒါလား..သီသီ  က အမြဲ သုံးခုံပဲ ဝယ်တယ်…ဘေးမှာ လူရှိနေရင် စိတ်ရှုပ်လို့…အခုချစ်သူရပြီဆိုတော့ တစ်ခုံပဲ လွတ်တော့တယ်.."
ဆန်းသော်မှ ထိုအချိန်ကတည်းက ပုံသဏ္ဍန် မူမမှန်သည့် သူစိတ်ကို နားလည်ဖို့ ကောင်းခဲ့ပါသည်..။
သိုပေမဲ့ ချစ်တဲ့ စိတ်က အရာရာကို အကောင်းမြင်စေတဲ့ မျက်မှန် ဖြစ်နေတော့ ထိုအကျင့် လေးကိုပဲ စိတ်ထဲ ကြိတ်ပြီး ပိုချစ်ရသည်..။
အခုတော့ အစားအသောက်တွေကို ဘေးခုံလွတ်မှာ တင်ပေးခါ သူ့ကို အလယ်ခုံမှာ ထိုင်စေရသည်..။
"ကျားကျား..တူကော.."
"ဒီမှာ စားမလို့လား.."
"အင်းလေ…"
ရှောက်သီးသုပ်ဘူးကို ဖွင့်ပြီး တူတောင်းနေတော့ ဆန်းသော် နှုတ်ခမ်းမဲ့ လို့ အိတ်ထဲက တူကို တစ်ခါ ထုတ်ပေးရပြန်သည်..။
"သြော်…ရေဘူး…"
"သီ…မဝယ်လာဘူးလား.."
"အင်း…ပြောင်းဖူးပဲ ပါတယ်.."
"ကျစ်.."
ဆန်းသော် ပြန်ထပြီး ကိုယ်ကို ခပ်ကိုင်းကိုင်းဖြင့်ပင် ရေသန့်ဘူးဝယ်ဖို့ ထွက်လာခဲ့ရသည်..။
ရုပ်ရှင်ရုံထဲက ထွက်လာတာ မွန်းကြပ်မှုတွေက လွှတ်လာသူလို့ အသက်၀၀ ရှုပြီး ရေသန့်ဝယ်ဖို့ ခြေလှမ်းမှန်မှန်လျှောက်သွားသည်..။
ကျသင့်ငွေ ရှင်းတော့ ပြန်အမ်းငွေမှာ နှစ်ရာတန် နည်းနည်း နွမ်းနေလို့ ပြန်လဲခိုင်းရသေးသည်..။
ရေသန့်ဘူးကို ကိုင်ပြီး ခြေလှမ်းမြန်မြန် နဲ့ ရုံထဲ ပြန်ဝင်သွားရပေမဲ့ လည်ပင်းရှည်၍ လှမ်းကြည့်နေပြီ..။
"ဟူး….ကြာလိုက်တာ…စပ်လို့သေတော့မယ်…"
ဆန်းသော် လက်ထဲက ရေဘူးကို ဆွဲလုပြီး မျက်စောင်းထိုးရင်း ဖွင့်ခါ တရှိန်ထိုး မော့ချလိုက်သည်..။
အသံပေါင်းစုံ ဖြစ်နေတော့ အနားက လူတွေကို အားနာပေမဲ့ သူကတော့ ဂရုမစိုက်စွာပင် စားလိုက် ရေသောက် လိုက် ရုပ်ရှင်ကြည့် ကိုယ့်အိမ်မှာလိုနေနိုင်သည်..။
အဲဒါပဲ..ဆန်းသော် နဲ့ သီသီ က ဘာဆို ဘာတစ်ခုမှ ကို မတူတာ…။
ကိုယ်က ကော်ဖီ မကြိုက်သော်လည်း…သူက ကော်ဖီ တစ်ခွက်ဖြင့် ပုံမှန် နိုးထသည်..။
ကိုယ်က ပေါင်မုန့်မီးကင် ကြွပ်ကြွပ်လေး ကြိုက်ပေမဲ့ သူက ပေါင်မုန့်ကို နူးညံ့အိဖက်နေမှ ကြိုက်သည်..။
ကိုယ်က အစပ်နဲ့ ကမ္ဘာ့ရန်ဆိုပေမဲ့ သူက အစပ်မပါရင် စားမဝင်သူတစ်ယောက်…။
ကိုယ်က တည်တည်ငြိမ်ငြိမ်ကြိုက်ပေမဲ့ သူက ငြိမ်ငြိမ်နေရရင် သေသွားနိုင်သည် ဆိုပဲ…။
ကိုယ်က သပ်သပ်ရပ်ရပ် ဘောင် တစ်ခုနဲ့ နေရစားရတာ ကြိုက်ပေမဲ့ သူက လွတ်လပ်မှု မရှိရင် နှာခေါင်းပိတ်နေသလိုပဲတဲ့လေ..။
အခုလည်းကြည့်ပါလား..ရုပ်ရှင်ကြည့်နေတာက သရဲကား…
သရဲကားတောင်မှ ထိုင်းသရဲကားလို ဟာသ ရောပါ တာ မဟုတ်ပဲ ကြောက်စရာကောင်းပါသည်လို့ နာမည်ကျော်နေတဲ့ အရုပ်သရဲကား..။
ဒါကိုသူက စားလိုက် ရေသောက်လိုက် တစ်ချက် တစ်ချက် ထရယ်လိုက် လုပ်နေတော့ ဆန်းသော် သက်ပြင်းချမိတာ မှားမလား..။
"သေ်ာ.."
"ပြော.."
"အဲဒီ့ အရုပ်ကလေးတွေ ရောင်းလား ရှာကြည့်စမ်းပါ.."
"ဘာလုပ်ဖို့လည်း.."
"ချစ်စရာလေး…ခေါင်းလေးက ..ဒီလို…ဒီလို…."
ခေါင်းကို သရဲကားထဲ အတိုင်း ဘယ်ညာ ချိုးပြတော့ ဆန်းသော် ဘေးခုံတွေကို လိုက်ကြည့်ရင်း အားနာနေမိသည်..။
တစ်ခုံက လူကတော့ မျက်နှာ မှုတ်ကြုတ်ကြုတ်ဖြင့် ကြည့်နေသည်မို့ စိတ်လည်း ညစ်ရပါသည်..။
တစ်ချို့ဆို အရူးလား ဆိုတဲ့ ပုံစံ မျိုးဖြင့် မျက်ခုံးတောင် ပင့်နေကြပြီလေ..။
"ကောင်းကောင်းကြည့်စမ်းကွာ.."
"ငါက ဘယ်လို ကြည့်နေလို့လည်း.."
"တော်ပြီ…နင်မကြည့်ရင် ပြန်မယ်.."
"အဟဲ..ဟဲ…တိတ်နေပါ့မယ်ကွာ…တကယ်ပဲ စိတ်တိုနေလိုက်တာ..နားဖျားတွေတောင် နီနေပြီ.."
"မျက်နှာလည်း ပူနေပြီကွ…"
"ရှူး….တိတ်ပြီ…"
လက်ညိုးတစ်ချောင်းထောင်ပြီး ပြောခါ ရှေ့ကိုပဲ ကြည့်နေတော့ ဘေးတိုက် မြင်ရတဲ့ သူ့မျက်နှာကို ငေးကြည့်နေမိသည်..။
ဟုတ်ပါတယ်…ဒီမျက်နှာလေး ကို ဒီလို တည်တည်ငြိမ်ငြိမ်လေး ငေးနေတက်တာကို တွေ့ပြီး ကိုယ့်မှာ စွဲလမ်း ရူးသွပ် သွားခဲ့တာလေ..။
အပျာရောင် ဆန်ဒေး တစ်ရက် မှာပေါ့..။
အပျာရောင် ဆန်ဒေးဆိုတာ ကောင်းကင် ပြာပြာ ကြီးနဲ့ သာယာ ကြည်လင်နေသော တနင်္ဂနွေ အားလပ်ရက်ကို ဆိုလိုသည် မဟုတ်..။
တနင်္ဂနွေ မှ တက်ရသည့်သင်တန်းကို စားသောက်ဆိုင်က အပြန် အပြေး အလွှား ပျာပျာလောင်လောင် ပြေးရသည့်နေ့…။
"ဘုတ်.."
"……."
ဆန်းသော် နာရီဝက် နီးပါး နောက်ကျနေသည်မို့ တံခါးပေါက်နဲ့ နီးစပ်ရာ ခုံမှာ ဝင်ထိုင်လိုက်မိသည်..။
"ဟယ်…အမလေး…ကုန်ပါပြီ…"
"ဟင်.."
"ထ…ထ….နင်-င်ကြီးဖယ်စမ်း.."
"အယ်…."
"ဝါး..ဟား..ဟား…"
ထိုသောအခါမှ လက်မောင်းကို ထုပြီး အော်နေတဲ့ ကောင်မလေးက ပါးစပ်ကို လက်နဲ့ အုပ်ပြီး ခေါင်းငုံ့သွားတော့သည်..။
ဆန်းသော်လည်း ကြောင်တောင်တောင် ဖြင့် ပြန်ထတော့ ထိုင်ခုံပေါ်မှာ နေကြာစေ့ အခွံနွှာပြီးသားတွေက အပုံလိုက်ကလေး…။
ပိုက်ဆံပေးတက်ရတဲ့ ကွန်ပျုတာ သင်တန်းကို လာပြီးတော့များ  နေကြာစေ့ ထိုင်ခွာနေရတယ်လို့..။
ကိုယ့်ဗီဇလေး တစ်ချက်ပေါ်လာတော့ အနားက ကောင်မလေးကို စိတ်မကြည်မလင်ဖြစ်သွားရသည်..။
စတွေ့ကတည်းက သီသီ ဆိုတာ ဒီလို နှုတ်ကြမ်း လူကြမ်း မိန်းမ ဆိုတာ မှတ်ထားဖို့ ကောင်းပါသည်..။
သင်တန်းပြီးတဲ့ အချိန်ထိ ခေါင်းလှည့်မလာတော့တဲ့ သူမ ကို ဆန်းသော်လည်း အာရုံမထားမိခဲ့ပါဘူးလေ..။
"ကောင်လေး…စလပ်က ဘယ်ဥစ္စာလည်းဟေ…."
ဆန်းသော် မှုန်ကြုတ်ကြုတ်ဖြင့် လှည့်ကြည့်လိုက်တော့ မျက်မှန်ကို ပင့်ပြီး မေးငေါ့ ပြပြန်သည်..။
လူကိုများ ကောင်လေး တဲ့…သူ့ကြည့်တော့ ကလေးမသာရုပ်လို့ ဆန်းသော် အားမနာတမ်း စိတ်ထဲမှာ ဝေဖန်လိုက်မိသည်..။
"ဟင်..စလပ်…စလပ်…"
ဆန်းသော်ရဲ့ အမူအယာကို အကဲ မခတ်တာလား…။
မျက်လုံးပဲ မှုန်နေတာလား သေချာ မသိပေမဲ့ ထပ်မေးလာတဲ့ မေးခွန်းကြောင့် ခုံကို နည်းနည်း ဆွဲခါ သူ့ ကွန်ပျူတာ က မောက်စ်ကို လှမ်းကိုင်လိုက်ရတော့သည်..။
"ဒီမှာ မတွေ့ဘူးလား…Select .."
ဆန်းသော် က အမြင်မကြည်သူမို့  စိတ်မရှည်သလို ရေရွတ်ရင်း ပြလိုက်တော့ သူက ခေါင်းညိတ်မှတ်သားပြီး မောက်စ်ကို လှမ်းကိုင်ချိန် ရင်တုန်သွားရသည်..။
အေးလိုက်တဲ့ လက်….။
အေးသောလက်ဆိုပေမဲ့ နူးညံ့မှုနဲ့ အတူ ရင်ခုန်သံ လိှိုင်းအသင့်အတင့် ဖြစ်သွားခါ ကိုယ့် ကွန်ပျူတာဆီကို ပြန်ရွေ့လာရသည်..။
"ဝစ်တူး ဆိုတာ ဘာလည်း ကောင်လေး.."
"….."
တစ်နေ့ တစ်မျိုး မရှင်းသမျှကို ဆရာမ မမေးပဲ ကိုယ့်ချည်း လက်ကုတ်နေတာ စိတ်တိုသလို…။
လူကို ကောင်လေး ခေါ်ပြီး အမိန့်ပေးနေတာလည်း မကျေနပ်နိုင်..။
ဒီနေ့တော့ နားကြပ်ယူပြီး နားကြပ်ပဲ ထိုးထည့်ထားလိုက်တော့သည်..။
"ဟယ်…ဒီမှာ ဝစ်တူး ဆိုတာ..ဘာလည်း ဆို…"
"……"
"အိုး…မကြားဘူး…ဟ.."
ဆန်းသော် သတိထားမိပေမဲ့ မသိချင်ယောင် ဆောင်နေရင် ငြိမ်သွားမယ် ထင်ခဲ့တာ ….နားကြပ်ကို ဆောင့်ဆွဲချွတ်လိုက်တော့ ဒေါသဖြစ်ရသည်..။
သူနဲ့ ကိုယ်က သင်တန်းတူတူ တက်ပေမဲ့ သူငယ်ချင်းလိုတောင် သဘောထားခဲ့တာ မဟုတ်..။
ရင်းရင်းနှီးနှီး ပြောဆိုတာတောင် မရှိခဲ့ပဲ ပိုင်ဆိုးပိုင်နင်း ဆန်နေတော့ မခံနိုင်တော့ပါ..။
"ကျစ်…ဘာလုပ်တာလည်း..ခင်များ.."
ဆန်းသော် ဒေါသထွက်ထွက်ဖြင့် ပိတ်အော်လိုက်တော့မှ မျက်လုံးလေး ပြူးကြောင်ရင်း ပြန်ကြည့်နေသည်..။
သင်တန်းတစ်ခုလုံး က အားလုံး အာရုံစိုက်လာသလို ဆရာမလည်း အနားကိုရောက်လာသည်မို့ နားကြပ်ကို ဆွဲချွတ်ပြီး ဘေးကို ချထားလိုက်ရသည်..။
"ဘာဖြစ်တာလည်း..သီသီ…"
"မဖြစ်ပါဘူး..မဖြစ်ပါဘူး…နားကြပ်ဆွဲပြီး စလိုက်မိလို့ပါ…အဟဲဟဲ.."
"ဟွင်း.."
"ဆောရီးပါ…သီ က ခင်လို့ စလိုက်ပါ..ဆောရီးနော်.."
ကိုယ်တိုင်က အော်ပြီးခါမှ လွန်သွားပြီလားလို့ နောင်တရနေချိန် သူက ရယ်ကြဲကြဲ နဲ့ ဘာမှ မဖြစ်သလိုပြောလာတော့ ပိုလို့ စိတ်ပျက်သွားသည်..။
ဘယ်လို မိန်းကလေးပါလိမ့်..။
အရှက် အကြောက်တရား မဲ့လိုက်တာလို့ စိတ်ထဲမှာ တွေးမိသည်..။
"ဟင်.."
ဒီနေ့တော့ အနားက ခုံမှာ လူမရှိတော့ ဆန်းသော် အေးဆေး နေလို့ရပြီ ဆိုတဲ့ အတွေးဖြင့် ခုံမှာ ဝင်ထိုင်လိုက်သည်..။
အမှန်တကယ် တစ်ယောက်တည်း အေးအေးဆေးဆေး ရှိနေပေမဲ့ ဘေးခုံလွတ်နေတာ ကိုယ့် ပယောက မကင်းသလို ခံစားရပြန်သည်..။
ထို့နောက် ရက်သတ္တပတ် တစ်ခုလုံးကို အပြစ်မကင်းသလို ခံစားရင်း သင်တန်းမှာလည်း စိတ်မကြည်မလင်  ဖြစ်နေမိသည်..။
တစ်ပတ်ကြာပြီးနောက် သင်တန်းကို ရောက်တဲ့ အချိန် ဆန်းသော် မျက်နှာက မရည်ရွယ်ပဲ ပြုံးမိပြီး ဝဲဘက် ရင်အုံကလည်း လှိုက်ခနဲ့ အခုန်မြန်လာတော့သည်..။
သူမလေးက ထုံးစံအတိုင်း နေကြာစေ့ ကိုက်ရင်း ထိုင်နေပြီလေ..။
ဆန်းသော် အနားက ခုံမှာ မထိုင်တော့လို့ မရှုပ်တော့ဘူး  ဆိုပေမဲ့ အခုတော့ သူ့ အနားက ခုံမှာ ကိုယ်က ပြန်ထိုင်ချင်နေသည်..။
ကိုယ့်ဘက်ကို တစ်ချက်တောင် လှည့်မကြည့်တော့ ဘေးတိုက် အနေအထား သူ့မျက်နှာလေးကိုပဲ  ခိုးကြည့်မိသည်..။
"သီသီ.."
"ဟယ်…ကိုကို…လာပြီ…လာပြီ.."
သင်တန်းဆင်းချိန် ကိုယ့်အနားက ဖြတ်ကျော်သွားခါ ကားအနားမှာ ရပ်နေတဲ့ လူ တစ်ယောက်ဆီ ပြေးသွားတော့ ဘာရယ်မဟုတ်ပဲ လိုက်ငေးနေမိပြန်သည်..။
ကားအနက်ရောင်က အရိပ်ပေါ်နေပြီး အမှတ်တံဆိပ် မာစီတီးကို ကြည့်ခါ တစ်ချက်ငိုင်သွားမိသည်..။
ကိုယ်နဲ့ ဘာဆိုင်လို့လည်း ဆိုတဲ့ အတွေးဖြင့် ကျောခိုင်းခဲ့ပေမဲ့ ရင်ထဲမှာ လှိုက်မောသလို ဖြစ်နေပြီလေ…။
သင်တန်းမှာ မေးထူးခေါ်ပြော အဆင့်တောင် မရောက်ခဲ့ပေမဲ့ သူ့ရဲ့ ဘေးတိုက်မျက်နှာလေးကို ခိုးကြည့်ရတာပဲ အရသာ တွေ့နေသည်..။
ထိုထက်ပိုပြီး စကားပြော မိတ်ဆက်ဖို့ ကျတော့ ကိုယ့်ဘက်က လွန်ထားသည်မို့ မုန်းများနေမလား ဆိုတဲ့ အတွေးလည်း ရှိနေသည်..။
.
"ဟိတ်.."
"ဟင်…"
"စိတ်ဆိုးတုန်းလား.."
"ဟင်.."
သင်တန်းသုံးလ လယ်ဗယ် ပြီးခါနီး နှစ်ပတ်အလိုမှာ သင်တန်းဆင်းချိန် ပခုံးလှမ်းပုတ်ခါ ပြောတော့ ရင်ခုန်သလို မယုံနိုင်လည်း ဖြစ်နေရသည်…။
ကိုယ်လချီပြီး ခိုးကြည့်ရင်ခုန်ခဲ့ရတဲ့ ကောင်မလေးက တရင်းတနှီး အရင် နှုတ်ဆက်လာသည်မို့ ရင်ခုန်သင့်ပါသည်..။
"သြော်..ဆောရီးနော်..ပြန်ပြီ.."
ဆန်းသော် ကြောင်နေမိတဲ့ တစ်ခဏ အတွင်း ကျောခိုင်းထွက်သွားပြီမို့ ပြေးပဲ လိုက်ရမလား…ရပ်ပဲ ကျန်ခဲ့ရမလား မဝေခွဲနိုင်ဖြစ်ရသည်..။
ထို အချိန်က ကြိုက်မရှက် ပုံစံဖြင့် ပြေးလိုက်သွားမိတာကြောင့် အခုလို ဘေးချင်းယှဉ်ထိုင်ပြီး စိတ်ညစ်နေရတော့တာပေါ့လေ…။
"သော်.."
"အင်း…"
"နင် ဘယ်လို ပုံစံ ကောင်မလေးမျိုး ကြိုက်လည်း.."
သူငယ်ချင်း မိတ်ဆွေ ဖြစ်ပြီး သုံးလကြာသောအခါ သူမေးလာတဲ့ အမေးစကား တစ်ခုကြောင့် ချစ်သူ ဘဝကို ရောက်သွားရတော့သည်..။
ဆန်းသော် တစ်ယောက် ဘာလို့များ "နင့်လို ပုံစံ "လို့ ရူးကြောင်ကြောင် ဖြေပေးမိပါလိမ့်..။
ထိုအချိန်တုန်းကတည်းက သီသီ ဆိုတာ ဆန်းသော်နဲ့ အတွဲ မညီတဲ့ စရိုက် ပုံစံ ရှိမှန်း သိနေခဲ့ပါပြီ..။
ဒါပေမဲ့ ဘာဖြစ်လို့များ ချစ်ပါတယ်လို့ ပြောမိပါလိမ့်..။
အချစ်စကားမှာ မုသား မပါဝင်ခဲ့သည်မို့ ထိုအချိန်က တကယ့်ရင်ခုန်သံ အစစ်များဖြင့် ချစ်ခွင့်ပန်ခဲ့ခြင်းသာ ဖြစ်သည်..။
ချစ်သူဖြစ်ပြီး ကိုးလ အကြာ ရန်ဖြစ်လိုက် ပြန်တည့်လိုက်ဖြင့် အချိန်တွေကို ရင်ခုန်လိုက် ခေါင်းကိုက်လိုက်ဖြင့် ဖြတ်သန်းခဲ့ရသည်..။
ကိုးလဆိုတဲ့ အချိန်မှာ ရင်းနှီး ပြောင်းလဲ သွားတဲ့ နှစ်ယောက်သား ဆက်ဆံပုံတွေအရ တစ်ယောက်အကြောင်း တစ်ယောက် သိတာတွေ များလာသည်..။
ထိုကြောင့် စကားပြောအဆင်မပြေ ဖြစ်လာသလို…။
စိတ်တိုင်းမကျတိုင်း အသေးအမွှားလေးတွေက အစ နှစ်ယောက်သား စကားများ ရန်ဖြစ်စရာတွေ ဖြစ်လာသည်..။
"သီသီ…နင့် ကို ငါ ပြောတာ တစ်ခါ မဟုတ်ဘူး..ဆယ်ခါ မဟုတ်ဘူးနော်…"
"ဘာလည်း..သော်ရာ…ပြော.."
"နင့် အရွယ်က ကလေး တစ်ယောက်လို ဂိမ်းကစားရမဲ့ အရွယ်လား.."
"ဘာလည်း…ဆန်းဒေး အားတုန်းဆော့တာလေကွာ…"
"ဆန်ဒေး ကို ငါ နဲ့ ချိန်းထားတယ်…ချိန်းတဲ့ နေရာမှာ တစ်နာရီကျော်လောက် အချိန်ကုန်စောင့်လိုက်ရပေမဲ့ နင် က အင်တာနက်ဆိုင် ရောက်နေတာ ထည့်ပြောလေ.."
"အဟဲ..ဟဲ…ဆောရီး.."
" ဆောရီးတွေ အရမ်းများတယ်..သီသီ…ထပ်ခါ ထပ်ခါ အကြိမ်ကြိမ် ပဲနော်..ငါ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား ဟင်.."
"ကျစ်..ဘာဖြစ်နေတာလည်း သော်ရာ..နှစ်ယောက်တွေ့တိုင်း သီ တို့ စကားများနေကြတာ မဟုတ်သေးဘူး…ဘာလည်း ရန်ဖြစ်ဖို့ ချိန်းနေတာလား..ပြီးခဲ့တာတွေ ဘာလို့ အစဖော်နေတာလည်း..ဖုန်းနဲ့လည်း ပြောပြီးပြီလေ…ထပ်ခါထပ်ခါ နားကို နှိပ်စက်နေတာ သော်ပဲ…"
"တောက်…နင် နဲ့ ငါက ဘာလည်း…ဒီဂိမ်းက ငါ့ထက် အရေးကြီးနေလား.."
"ဟုတ်တယ်…ကြီးတယ်…စိတ်ကုန်ဖို့ကောင်းတဲ့ ဆက်ဆံရေးမျိုးကို ငါ စိတ်ရှုပ်တယ်…ငါတို့ လမ်းခွဲ မယ် သော်…"
"ဘာ.."
"ဒါပဲ.."
ပခုံးတွန့်လက်ခါပြီး ပြောခါ ကျောခိုင်းထွက်သွားတော့ ဆန်းသော် ဒေါသဖြင့် ကျောက်ခဲကို လွဲကန်ပစ်လိုက်ရသည်..။
ထိုအချိန်ကသာ လမ်းခွဲခဲ့တာ အတည်ယူလိုက်ရင် အခုလို စိတ်ကုန်စရာ အိမ်ထောင်ရေးမျိုး ဖြစ်လာမယ် မထင်..။
စိတ်ဆိုး စိတ်ကောက်တိုင်း ခံစားမှုကို ဦးစားပေးပြီး လမ်းခွဲမယ် ပြောတက်တဲ့ သူနဲ့ ဘဝကို လက်တွေ့ကျကျ အစီအစဉ် ဆွဲပြီး ဖြတ်သန်းချင်တဲ့ ဆန်းသော် တို့ မှာ  တစ်ပတ်ထက် ပို၍ စိတ်ဆိုးလို့ မရတာ က ခက်သည်..။
ထိုအချိန်တုန်းကလည်း တကယ်ပြတ်ပြီ…မေ့နိုင်ပြီလို့ ကိုယ့်ကိုယ်ကို စိတ်တင်းထားပေမဲ့ ဆယ်ရက်ကျော်တော့ သတိရတမ်းတတဲ့ စိတ်ကို မခံစားနိုင်တော့ပါ…။
ထို့အတူ သူကလည်း လွန်ထားသည်မို့ အလုပ်ကို ဖုန်းဆက်သွယ်ပြီး ချိန်းနေကျနေရာမှာ တွေ့ဖို့ပြောသည်..။
ထိုနေ့က သီသီ တစ်ယောက် တော်တေ်ာလေး သပ်သပ် ရပ်ရပ် ဖြစ်နေခါ သူ ဝတ်နေကျ တီရှပ်မဟုတ်ပဲ ဂါဝန်ဝဲ မိုးပြာရောင်လေး ဝတ်လာခဲ့သည်..။
သူမ ကို ပြေးဖက်ချင်စိတ်ကို မြိုသိပ်ထား၍ မျက်နှာထားတည်တည် ဖြင့် ပင် ခုံမှာ ဝင်ထိုင်လိုက်သည်..။
"သော်…သီ့ကို မလွမ်းဘူးလား.."
"…….."
"ဆောရီးပါ သော်…အခုလို ခေါ်တွေ့ရတာက သီ့ဘက်က တစ်ဖက်သတ် ခံစားချက်မျိုးလား ဆိုတာ သေချာ ချင်လို့ပါ…..သော် တကယ်ပြတ်လား ဟင်…ဘယ်လိုမှ မခံစားရဘူးလား.."
"ဟင်း…"
ဆန်းသော် သက်ပြင်း တစ်ချက် ပေါ်တင် ချရင်း ရှေ့က ဆန်းကစ်ဘူးကို ဖောက်ခါ သူ့ခွက်ထဲ ငှဲ့ထည့်ပေးမိနေသည်..။
ပေါ်ပေါ်တင်တင် ဝန်ခံဖို့ ကျပြန်တော့ သူလွန်ခဲ့တာမို့ ကိုယ့်မာန က တင်းခံနေပြန်သည်..။
"သီ တို့ တကယ် မပြတ်သေးဘူးနော်…ဟုတ်တယ်မလား.."
"နင့်ကို ဘယ်လို နားလည်ရမလည်း ..သီသီ…ငါ က ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ တစ်ယောက်တည်း ဖြစ်ချင်တာ..ဘဝကို တစ်သက်လုံး တူတူ ဖြတ်သန်းချင်လို့ဆုံးဖြတ် ကြိုးစားနေချိန် နင် က တစ်ပတ်အတွင်း လမ်းခွဲမယ်ဆိုတဲ့ စကားမျိုး လေးကြိမ်လောက်ပြောနေတာ …ငါ ဘာဆက်လုပ်ရမလည်း.."
"ဆောရီး..ဆောရီး…ဟုတ်ပါတယ်…သီမှားတာပါ…ချစ်သူဘဝဆိုတော့ စိတ်ရှုပ်လာတိုင်း ဒီစကားကိုပဲ အဆုံးသတ် သုံး နေမိတာပါ…."
"…….."
"သော်…အဆောင်ပြင်ဖို့ ရှိလို့ ပြောင်းရရွေ့ရဦးမယ်ဆို…"
"ဟုတ်တယ်…"
"သီ့ ဆီမှာ လာနေပါလားဟင်…"
"ဘာ.."
"ချစ်သူတွေပဲ သော်ရာ….အတူနေတော့ ဘာဖြစ်လည်း.."
"ကျစ်…"
"သီ…လည်း..သော်နဲ့ မခွဲနိုင်တာ သေချာ သွားပြီလေ…အဲတော့ အနှေးအမြန်တူတူနေရမှာပဲမလား..ခုကတည်းက နေကြမယ်လေနော်…"
"လက်မထပ်ပဲ အတူတူနေတာ…စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်တွေ…မိန်းမကို လူသိရှင်ကြား လက်မထပ် နိုင်တဲ့ ကောင်တွေ…မိန်းမတစ်ယောက်ကို တာဝန်မယူနိုင်ပဲ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တဲ့ ကောင်တွေ….အဲ့အထဲမှာ ငါ မပါဘူး သီသီ…ငါ့လက်ထပ်မှာ မင်းပဲ ..ဒါပေမဲ့ ခုမဟုတ်ဘူး..ခု ငါ့မှာ အိမ်လည်း မရှိဘူး…အလုပ်ကလည်း စားသောက်ဆိုင် မန်နေဂျာ…မင်းကို ဘယ်လို တာဝန်ယူပေးနိုင်မှာလည်း..တစ်နှစ် နှစ်နှစ်လောက်တော့ စောင့်ပါ သီသီ…ငါ ကြိုးစားနေပါတယ်.."
"စောင့်လို့မရတော့ဘူး…သော်…သီ..သော့်ကို အရမ်းချစ်တယ်…သော်နဲ့ မခွဲနိုင်ဘူး.. ကိုကိုကလည်း သဘောၤတက်သွားပြီ….အခု..မေမေစိုး က တစ်ယောက်တည်း နေတာ မသင့်တော်ဘူး ဆိုတဲ့ ရှေးရိုးစကားကြီးနဲ့ ပြန်ခေါ်ဖို့ လုပ်နေပြီ…ဘယ်လို လုပ်ရမှာလည်း…သီ..ပြန်ရမှာလား…"
"ဟင်…"
သီသီရဲ့ အဖေ နဲ့မိထွေးက ထိုင်းမှာ နေခါ အဖေ မရှိတော့တဲ့နောက် မိထွေးကပဲ သီသီရဲ့ပိုင်ဆိုင် မှု အပါအဝင် အစစအရာရာ ကြည့်ရှု့စောင့်ရှောက်ပေးထားသည်..။
သီသီ ကတော့ သူ့ အကိုဝမ်းကွဲ ရှိတာ ကို အကြောင်းပြပြီး မြန်မာ နိုင်ငံကို ပြန်လာခါ ပြန်မသွားတော့ပါ..။
သူ့အလုပ်နဲ့ သူ အဆင်ပြေသလို အကိုနဲ့ နေပါသည် ဆိုပြီး ရောက်ကတည်းက သူ တစ်ယောက်တည်း တိုက်ခန်းဝယ်နေသည်..။
အကို ကလည်း မိန်းမ နဲ့ ကလေး မို့ နေရတာ အဆင်မပြေလို့ ဆိုတဲ့ အကြောင်းပြချက်ကို သူ့ မိထွေးကလည်း လိုလို လားလား လက်ခံချင်ပုံမရ…။
သမီး အရင်းလို သဘောထားသောကြောင့် စိတ်မချတာလည်း ပါလိမ့်မည်…။
သီသီ က သူ့အကို နဲ့ တည့်သော်လည်း ယောက်မ နဲ့ မတည့်တော့ သူ့အကို အိမ်ပြန်ရောက်နေချိန်တောင် သူ့ အိမ်ကို လာတွေ့မှ စကားပြော ဖြစ်သည်တဲ့..။
အဓိက အကြောင်းအရင်း မှာ   ဆယ်ရက်ကလေး ဝေးတာတောင် အရူးမီးဝိုင်းလို ခံစားရတာ ဝေးဖို့ အကြောင်း တွေးကို မတွေးချင်…။
ဘာနည်းလမ်းကများ အကောင်းဆုံး ဖြစ်လာမှာလည်း…။
"လူသိရှင်ကြား မရှင်ကြား သီစိတ်မဝင်စားဘူး..သီ သိတာ သီချစ်တဲ့သူနဲ့ အတူတူ နိုးထပြီး အတူတူ အိပ်ယာ ဝင်ချင်တာပဲ သိတယ်…အတူတူစားမယ်…အလုပ်မတူရင် တောင် အတူတူနေချိန်တော့ ပိုရှိလာမှာပဲ….သော်ကရော သီလိုမျိုး အတွေး မရှိဘူးလား.."
"ရှိတာပေါ့…တစ်ချိန်လုံး စိတ်ကူးနေမိပေမဲ့…အလှမ်းဝေးနေတုန်းပဲလေ…"
"လင့်ဗင်းတူဂဲသား ကို သော် အရမ်းမုန်းတာ နားလည်ပါတယ်..တာဝန်ယူချင် စိတ်ရှိတဲ့ ယောင်္ကျားမို့ လေးစားပါတယ်..အဲဒါ ကြောင့် လက်ထပ် စာချုပ်ပါ ယူလာတယ်.."
"ဘယ်လို.."
ဆန်းသော် မယုံနိုင်ဖြစ်နေပေမဲ့ သီသီကတော့ ယူလာတဲ့ စာချုပ်လှလှလေး နှစ်ခုကို ခုံပေါ်တင်ပြီး ဖွင့်လိုက်သည်..။
"ဒီမှာ..သော် ထိုးရမယ်…"
"နေစမ်းပါဦး..ရှေ့နေ ရှေ့ရပ်တို့..တရားရုံးတို့.."
"ဒီမှာ လက်မှတ်ပါပြီးသားပါ သော်ရယ်.."
"ဘာအချိန်တုန်းကတည်းက ဒါတွေ စီစဉ်ထားတာလည်း…သီသီ…ဒါ မိန်းကလေးဘက်က စတင် စီစဉ်ထားရမဲ့ ကိစ္စလို့ မင်းထင်နေတာလား…"
ဆန်းသော်ရဲ့ မထူးဆန်းတဲ့ ခပ်မာမာ စကားတစ်ခွန်းကို သီသီ က မျက်ရည်ကျလောက်အောင် ခံစားသွားတော့ ရင်ထဲစို့သွားရသည်..။
ဘယ်လောက်ပဲ ပြောပြော သီသီ က နာတက် မှတ်တက်သူ မဟုတ်တဲ့ အပြင် မျက်ရည်မလွယ်သူ တစ်ယောက်လည်း ဖြစ်ပြန်တော့ နှလုံးသားကို ကိုင်လှုပ်သလိုသာ ခံစားမိသည်..။
"ဆောရီး.."
"အဟမ်း..ရပါတယ်…သီ..သော် နဲ့ မခွဲနိုင်ဘူးဆိုတာ သေချာသွားတဲ့နောက်..မြန်မြန်တူတူနေချင်တာပဲ သိတယ်…အဲဒါကြောင့် မနေ့ကမှ စီစဉ်လိုက်တာပါ…သော်…လည်း…သီ လို ခံစားရမယ် ထင်ခဲ့တာ…သော် ပြတ်တယ်ဆိုရင်လည်း..သီ..လက်ခံပါတယ်…"
စားပွဲပေါ်က တစ်ရှူးကို ခပ်စပ်စပ် ဆွဲယူ၍ မျက်ရည်တွေကို တို့ဖယ်သုတ်ခါ လမ်းဘက်ကို ပြန်ငေးနေတော့ ဆန်းသော် သက်ပြင်းချရသည်..။
ဒါကြောင့် သူ့ ဒီနေ့ မိန်းကလေးဆန်ဆန် အတော်လှပနေတာကိုး..။
လက်ထပ်ဖို့ ကိစ္စကို ဘယ်သောအခါမှ လွယ်လွယ်ကူကူ ဖြစ်ဖို့ စိတ်မကူးခဲ့ပေမဲ့ ….
ထိုနေ့က အအေးဆိုင်လေး မှာ အသိသက်သေ တရားသူကြီး မပါပဲ လက်မှတ် ထိုး လက်ထပ်လိုက်တော့သည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

ဒဏ်ရာရဦးနှောက်Where stories live. Discover now