ဖြစ်ချင်တော့ ဒီနေ့မှ Bishop Briggs ရဲ့ River ကို စိတ်လိုလက်ရ အခေါက်ခေါက်အခါခါ နားထောင်နေမိတာ။ စာအုပ်ပုံထဲကနေ ဆွဲထုတ်လိုက်တာက ဝယ်ပြီး မဖတ်ဖြစ်သေးတဲ့ ကိုစစ်ငြိမ်းရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာ။ ချက်ချင်း လက်တွေတုန်လာပြီး အသက်ရှုမဝသလိုဖြစ်လာတာ။ ဗိုက်ဆာလို့ မဟုတ်ဘူးမှန်းသေချာသိတယ်။ ကြည့်နေရင်းကို အိမ်က ပိတ်လှောင်သွားသလိုမျိုး။ စာတွေ ချရေးချင်လာပေမယ့် အဆက်အစပ်မရှိဘူး။ ပြောလက်စ စကားတွေကို တိခနဲ ရပ်ချပြီး ငူငူငိုင်ငိုင်ကြီးရယ်။
မိသားစု၊ ဘဝ၊ စားဝတ်နေရင်း နောက်တော့ ချစ်ခြင်းဘာညာ တကယ်တော့ ဘယ်ဟာမှ ရေရေရာရာ မပြည့်ဝနေ။ လူစိမ်းတစ်ယောက်ကို ချစ်မယ်၊ သူကမချစ်လည်း ရတယ် အပိုတွေပြောရင်း အဲဒီလူဆီက အစစအရာရာ မျှော်လင့်နေမယ်။ စောက်ရူးပဲ။ အခါခါ ဆဲရေးနေရင်း ဆာလောင်မှု တစ်ခု မွတ်သိပ်လာ။ ဘာမှန်း သေချာမပြောနိုင်ဘူး။ မွန်းကြပ်လိုက်တာ ထွက်ပေါက်မဲ့။
ကော်ဖီ၊ အရက်၊ ဆေးလိပ် တစ်ခုမှ မဟုတ်တဲ့ ချဥ်ခြင်းမျိုး ဟာ မသိဘူးကွာ စိတ်ရှုပ်လိုက်တာ။ အပြင်ကိုပြေးထွက် ဝန်းခတ်ထားတဲ့ ခြံတစ်ခုကြား ခြေတစ်လှမ်းတောင် မရွေ့နိုင်။ သစ်ရွက်ကြွေကျလာတာကို တစ်ချက်ငေးကြည့်တယ် သူကျတော့ ကောင်းလိုက်တာ သူ့ထွက်သက်ကို သူရွေးလို့ရတယ်။ ငါကရော သေချင်နေတာလား။ ဟင့်အင်း မဟုတ်ဘူးပဲ ရှင်သန်ခြင်းလွန်းလို့ တပ်တပ်မက်မက် ခိုကပ်နေတာ မဟုတ်လား။ ဘယ်တုန်းကမှ ခုန်ချဖို့ မတွေးမိဘူးလေ ထွက်ပြေးချင်တာ ရှိပေမယ့် ဖတ်လက်စစာအုပ်ထဲကလို တကယ်ပဲ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိတယ်ဆိုတဲ့ စိတ်ကလေးပဲ။ မသေချင်ဘူး လူ့ဘဝက အဖိုးတန်တယ်လို့ ထင်တာလည်း မဟုတ်ပြန်ဘူး ဒီတိုင်း ရသမျှ ယူပစ်ချင်နေတာလည်း ဖြစ်နိုင်တယ် ငါက နောက်ဘဝကို မယုံဘူးလေ။
ငါက ရှင်ချင်လွန်းလို့ဆိုပြီး သေချင်နေတဲ့လူတွေကို နားမလည်တာလည်း မဖြစ်ဖူးဘူး။ ရှင်ချင်စိတ်တောင် ရှိသေးတာပဲ သေချင်စိတ်ဖြစ်တာ ဘာထူးဆန်းလဲ။ ဒါပေမယ့် ငါ အားတော့ မပေးပါဘူး။ ဒါက ငါ့အတ္တပဲလည်း ဖြစ်ချင်ဖြစ်မယ်လေ ငါမှမကျန်ခဲ့ချင်တာကွာ ဟုတ်တယ် မဟုတ်လား။ ချန်ခဲ့ချင်စိတ်လည်း မရှိဘူး လူက ဘဝတစ်ခုစီ၊ တစ်ကန့်ဆီ ပိုင်းကန့်ထားပြီးသားပဲ။
ငါတကယ် ရင်တွေတုန်နေတာ။ အဲဒီစာအုပ်ကိုလည်း ဆက်မဖတ်ဖြစ်တော့ပါဘူး။ အသက်ရှင်နေတဲ့လူရဲ့ မွန်းကြပ်မှုတွေ ငါမလိုချင်ဘူး။ ငါ လူတစ်ယောက်ကို ချက်ချင်းပြေးမြင်လာ၊ ပို အသက်ရှုကြပ်လာ။ ဖြစ်နိုင်ရင် အဲဒီလူကို ရပ်ထားတဲ့ စကားတွေ စ ပြောမိချင်တော့တာ။ သူမပြောချင်ဘူးထင်လို့ ငါခဏရပ်ထားတာ။ မဟုတ်သေးဘူး သူနဲ့ငါက အဝေးကြီးလည်း မဟုတ်ဘူး နီးတော့လည်း မနီး။ ဟာ စောက်ရူးထလာပြန်ပြီ ဘာတွေလဲကွာ။ အဲဒီကောင်မကလေး ပြုတ်ကျတုန်းကရော နာနေမလား သွေးတွေက ရဲခနဲလေ။ shit ငါကြောက်လာပြန်တယ်။ အဲဒီလူကိုတော့ ငါတားချင်နေတာ။
အိပ်ရေးဝဝ၊ ထမင်း သုံးနပ်၊ သုံးစရာအဆင်သင့် အတန်အသင့် ပြည့်ဝခြင်းတွေ ဒါတောင် ငါက ဘာတွေ ထထဖြစ်နေတာလဲ။ တစ်ယောက်က အရင်ကပြောဖူးတယ် ခင်ဗျားက Replace လုပ်နေတာတဲ့။ ပြီးတော့ သူလည်း ပျောက်သွားတာပဲ သိပ်အထူးအဆန်းလည်း မဟုတ်ပါဘူး။ ဒီလိုပဲ လူတွေ သိပ်ပျောက်ကြတာပဲ မဟုတ်လား။ တစ်နေရာမှာတော့ ရှိနေမှာ၊ ရှင်သန်နေမှာ တစ်ခုခုပေါ့ ငါအသေအချာတော့မသိ။ သိစရာလည်း မလိုတော့ဘူးထင်တယ် ထားပါ။
ငါကြောက်နေတာပဲထင်ပါတယ်။ အမြဲကြောက်နေတာပဲလေ။ မချစ်မှာ၊ အဆင်မပြေမှာ၊ မပျော်ရမှာ၊ ဆုံးရှုံးလိုက်ရမှာ အော် ငါ့နှယ် လောဘကြီးလိုက်တာ။ ငိုချင်နေတာလည်းမဟုတ်၊ ပျော်ချင်နေတာလည်း မဟုတ်၊ ပုံမှန်အနေအထားကိုပြန်ရချင်တာလည်း မဟုတ်။ ငါ့စိတ်ထဲ ဝုန်းဆိုရောက်လာတဲ့ အထွေးလိုက်ကြီးကို နားမလည်တော့တာ။ အာရုံပြောင်းလည်း မရတော့ဘူး "တစ်ခုခုဆို တစ်ယောက်ယောက်" ဆိုတဲ့ စကားလုံးကြီး မျက်လုံးထဲက ဖျောက်မရ။ အင်းလေ တစ်ခုခုဆို တစ်ယောက်ယောက်ပေါ့။ အခုတောင် ငါဖြစ်နေတာကို တစ်ယောက်ယောက်ကို ပြောပြချင်နေတာလေ။ ဒါပါပဲ။
ဗလာဖြစ်နေတာရော အခုလို သိပ်ခံစားနေရတာရောက ငါ့အတွက် အစွန်းရောက်စရာတွေချည်းပဲ ထင်ပါတယ်။ စောက်ပြသနာပါပဲ။