Zawgyi
ချမ်းစိမ့်နေသော မိုးဝဿန်၏ နေ့တစ်နေ့။
နာကျင်နေသော နှလုံးသားတစ်စုံ၏ စေခိုင်းရာအတိုင်း သက်တံ အချစ်ရဆုံးသူဆီမှ ထွက်ပြေးလာခဲ့ရသည်။
သည်းထန်စွာရွာသွန်းနေသည့် မိုးရေစက်များအောက်တွင်
သက်တံကိုယ်လုံးလေး တဖြည်းဖြည်းနှင့် တိမ်မြုပ်ပျောက်ကွယ်သွားလေ၏။ပါးပြင်ပေါ် စီးကျနေသည့် အရာတို့က မိုးရေလား မျက်ရည်တွေလား မဝေခွဲနိုင်ခဲ့ပါ။ခန္ဓာကိုယ်ရှိ သွေးထွက်နေသော ဒဏ်ရာဒဏ်ချက်များသည်လည်း ပြင်းပြင်းထန်ထန် ရွာကျနေသည့် မိုးစက်မိုးပေါက်များကြောင့် ပို၍ နာကျင်လာသလိုလို။
ခန္ဓာကိုယ်ရှိ ဝေဒနာများထက် ရင်တွင်းဝေဒနာက ပို၍ဆိုးသည်။
သူမရှိရင် မနေတတ်လောက်အောင် ချစ်ခဲ့ပါရက်နှင့် အဝေးဆုံးကို ပြေးထွက်လာရသဖြင့် ရင်ထဲမည်မျှနာကျင်နေကြောင်း စာဖွဲ့၍မရနိုင်။ဖြေရှင်းရခက်သော အချစ်ပုစ္ဆာတွေကြောင့် နှစ်ကိုယ်တူတည်ဆောက်ထားသည့် အချစ်အိမ်လေးတွင် ကံကြမ္မာဆိုးမုန်တိုင်းများ တိုက်ခတ်ခဲ့သည်။အမုန်းမိုးများရွာသွန်းခဲ့ပြီး စကားလေကြမ်းများလည်း တိုက်ခတ်ခဲ့သည်။
ယခုတော့ ပြိုကွဲသွားသည့် အချစ်အိမ်လေးတွင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီ။အချစ်၏ အငွေ့အသက်များလည်း ပျောက်ဆုံး၍ အလွမ်းနှင့်တမ်းတမှု တချို့သာလျှင် အဖော်လုပ်ကျန်ရစ်နေခဲ့တော့သည်။
။……………~×~……………။
လွန်ခဲ့သော ၅ နှစ်ခန့်က
'သက်တံ။'
အနောက်မှ ခေါ်သံကြား၍ သူ ခြေလှမ်းတို့ ရပ်တန့်သွားသည်။
'ကိုသွေး။'
'တစ်ယောက်တည်းမပြန်ဖို့ ပြောထားတယ်လေ။
ဘာလို့ စကားနားမထောင်တာလဲ။'သူလက်ကိုဆွဲကာ ကားပေါ်သို့ ခေါ်လာခဲ့သည်။
'ကိုသွေးမလာလောက်တော့ဘူး ထင်လို့ပါ။'
'မလာစရာလား။လမ်းမှာကားပိတ်နေလို့ နောက်ကျသွားတာ။နောက်ဆို တစ်ယောက်တည်းမပြန်နဲ့။
ကိုယ့်ကိုစောင့်နေ။ကြားလား။'
