ဖေဖော်ဝါရီလ ၁၄ရက်
အတိအကျပြောရရင် ရိပေါ်လေးသူ့ဆီပြန်ရောက်လာတာ ရက်ပေါင်း ၃၈၅ရက်ရှိသွားပြီ။
ခါးမှာလည်းအေပရွန်အစိမ်းလေးစည်းထားပြီး ကောင်တာအနောက်မှာမတ်တပ်ရပ်နေတဲ့ baristaသူ့ကောင်လေးကို မလှမ်းမကမ်းဝိုင်းကနေထိုင်ကြည့်နေတာ။
ရှောင်းကျန့်ရဲ့ကောင်လေး။
ကော်ဖီခွက်ကမ်းလိုက်တိုင်း အလင်းရောင်ထဲမှာတဖြတ်ဖြတ်လက်နေတဲ့ လက်သူကြွယ်ကလက်စွပ်လေးက ကြည်နူးမှုဒီဂရီလှိုင်းကိုပိုတက်စေတယ်။
⛄❄⛄❄
ရိပေါ်သူ့ဆီပြန်ရောက်လာတဲ့နေ့။
တစ်နည်းအားဖြင့် ခြောက်နှစ်အကြာမှာဆီးနှင်းတွေပထမဆုံးပြန်ကျတဲ့နေ့...။
လမ်းမထက်မှာတစ်ယောက်ကိုတစ်ယောက်လွတ်ထွက်သွားမှာစိုးတဲ့အလားဖက်ထားတဲ့ကောင်လေးနှစ်ယောက်။
နှစ်ယောက်လုံးနှုတ်ဖျားကထွက်လာတဲ့ တောင်းပန်တိုးလျှိုးစကားသံတွေ။
ရှောင်းကျန့်အိမ်ကိုဘယ်လိုပြန်ရောက်လာလဲမမှတ်မိတော့။
သူတစ်လမ်းလုံးရိပေါ်ကိုပဲကြည့်နေခဲ့တာ။ မျက်တောင်ခတ်ရမှာတောင် အရမ်းစိုးရွံ့နေမိတာ သူကိုယ်တိုင်အသိဆုံး။ မျက်တောင်ခတ်လိုက်တဲ့အချိန်အတွင်းမှာ အရင်အခေါက်တွေလိုပဲ ရိပေါ်သာပုံရိပ်ယောင်တစ်ခုလိုထပ်ပျောက်ကွယ်လွင့်ပြယ်သွားခဲ့ရင်။ မခြောက်သေးတဲ့ပါးပြင်ထက်မှာ မျက်ရည်စက်တွေကအသစ်တစ်ဖန်ကျလာပြန်တယ်။
"ကျွန်တော့်မှာအိမ်ဆိုလို့ကောပဲရှိတော့တာ ကောကတစ်သက်လုံးတာဝန်ယူရမှာ နှင်ထုတ်ရင်တောင်ထွက်မသွားဘူး"
ရှောင်းကျန့်ဆည်ကျိုးသလိုကျနေတဲ့မျက်ရည်တွေကြားကနေ ငိုသံစွက်ကာ...။
"ဘာလို့နှင်ထုတ်ရမှာလဲ ရိပေါ်ထွက်သွားမယ်ဆိုရင်တောင် ကောကမင်းနောက်ကိုကုတ်ကပ်တွယ်တက်ပြီးလိုက်လာမှာ"
ရိပေါ်ဒီစကားတစ်ခွန်းပဲလိုအပ်ခဲ့တာ။ သူကျန်တာဘာမှမလိုတော့ဘူး။ ဒါပေမယ့်မပြီးပြတ်သေးတဲ့ပြဿနာတစ်ခုတော့ရှိသေးတယ်။