- ဝေးမျှော် -
သူ့ကိုသတိထားမိတာ နည်းနည်းတော့ကြာပြီ။ အဝါနုရောင်ဝတ်ရုံနဲ့ဒီဇရပ်ငယ်လေးမှာညနေစောင်းတိုင်းရောက်လာတတ်တယ်။ တရှဲရှဲကြွေကျနေတဲ့ရွက်ဝါတွေနဲ့ သူဟာတစ်သားထဲလို လေနှင်ရာလူးလွင့်နေတဲ့ဆံနွယ်ရှည်တွေက မွှေးရနံ့ကိုတောင်ငါခံစားမိသလိုပဲ။ အနောက်ဖက်လမ်းကိုခပ်ဆွေးဆွေးငေးနေတဲ့ သူနဲ့မလှမ်းမကမ်းမှာငါလည်းပဲထုံးစံအတိုင်းညနေစာအထုပ်လေးကိုချပြီး ဝါးပုလွေနဲ့တေးသွားတွေကိုအဆက်မပြတ်တီးမှုတ်နေလိုက်တယ်။
ရက်သတ္တပတ်အတော်ကြာပြီဆိုပေမယ့် ငါ့ဖက်ကသူ့ကိုစကားမပြောခဲ့သလိုစားပါအုန်းလို့လည်းလောကွတ်မချောခဲ့ဘူး။ တစ်ခါတလေမှာတော့သူလည်းပဲ အရောင်စုံတဲ့ကြွေခရားတစ်အိုးနဲ့တိတ်တိတ်ကလေးထိုင်နေတတ်တယ်။ ငါ့ရဲ့တေးသွားကိုသူနားဆင်သလား နားမဆင်သလားငါမသိဘူး။ တကယ်တော့ ဒါကအရေးမကြီးပါဘူး။ ဘယ်သူ့အတွက်ရယ်လို့ရည်ညွှန်းတီးမှုတ်ထားတဲ့တေးသွားတွေမှမဟုတ်တာလေ။
ဒီနေ့တော့ ငါတေးသွားတစ်ခုပဲတီးမှုတ်နိုင်ခဲ့တယ်။ ငါ့အတွေးတွေကအရင်နေ့တွေကလို မတည်ညိမ်ဘူးလေ။ ဇရပ်လက်ရမ်းမွာမေးလေးထောက်ပြီး ရွက်ဝါကြွေတွေကိုကြည့်ရင်း အဲ့လူအကြောင်းကိုပိုင်စိုးပိုင်နင်းတွေးနေမိတာပေါ့။
"ဘာလို့ဆက်မမှုတ်တော့တာလဲ''
ရုတ်တရက်ထွက်လာတဲ့ သြရှရှအသံကငါ့ကိုအတွေးထဲကဆတ်ခနဲလှုပ်နိုးလိုက်လို့ငါလန့်သွားရတယ်။ ဒါ ငါသူ့အသံကိုပထမဦးဆုံးကြားဖူးတာပဲ ထင်ထားတာထက်ပိုပြီးဆွဲဆောင်မှုရှိနေတယ်။
ငါချက်ချင်းပြန်မဖြေဖြစ်ဘူး။စိမ်းဖန့်ဖန့်ဝါးပုလွေကိုခပ်တွေတွေငေးပြီး ညနေစာအထုပ်ကလေးကိုဆွဲလို့ သူနဲ့မလှမ်းမကမ်းမှာသွားထိုင်လိုက်တယ်။ အနီးကပ်သွားတော့မှ သူ့ခြေထောက်တင်ထားတဲ့ဇရပ်ခုံပေါ်မှာ သူ့လက်ထဲကကရားနဲ့အရွယ်တူကရားလေးတွေအစီအရီအဖုံးဖွင့်ပြီးသားဖြစ်နေတာပဲ။ လက်ထဲကအထုပ်လေးကိုဖြည်ပြီး သူနဲ့ငါ့ကြားကနေရာအလွတ်မှာချရင်း 'စားပါအုန်း' သဘောနဲ့ငါသူ့ကိုကြည့်လိုက်တယ်။
YOU ARE READING
Melting in fantasy [Mini Stories]
Short StoryOwn creation,inspiration and Fanfiction mini stories. Mostly will be ancient Chinese theme.