ပျော်ရွှင်စရာနေ့ရက်တွေဟာ.... ကုန်လွယ်သတဲ့။
ဘဝရဲ့ တိုက်ပွဲဟာ စတင်ခဲ့ပြီ။
အနာဂါတ်ရဲ့ လမ်းဆုံမှာ အားလုံး ရုန်းကန်ရတော့မယ့် အချိန်ပေါ့။
ပိုပိုတို့ တက္ကသိုလ်ဝင်တန်းကို ရောက်ပါပြီ။
မနှစ်ကလိုပဲ ရေချမ်းက ကျောင်းစဖွင့်တဲ့နေ့မှာ ရောက်မလာခဲ့ပြန်ဘူး။
" နင့် ရေအိုးစင်က ရောက်မလာပြန်ဘူး... ကျောင်းဖွင့်တာ ၂ရက်ရှိပြီ..."
နိုရာစကားကြောင့် ပိုပိုမျက်နှာလေး ရှုံ့တွလျက်...
" မနှစ်က သူ့အဖွားဆုံးလို့မလာတာဆို... ဒီနှစ် သူ့အဖိုးဆုံးလို့လား.... "
စိတ်ညစ်နေတာတောင် သူရအောင် စကား ကြောင့် ပျောက်ချင်သည်။
" သူရအောင်.... နင် ဟာလေ... "
နိုရာမွန်ရဲ့ လက်ဆပြင်းပြင်းနဲ့ ကျောကို အုံးကနဲ့ချလိုက်ပုံက... အောက်က ကောင်ခမျာ ကျောကိုကော့လို့....
" နိုရာ.... နင်ဟာလေ.... မိန်းကလေးတန်မဲ့ အကြမ်းပတမ်းပဲ.... "
ပိုပိုက သဘောကျပြီး တဟားဟား ရယ်သည်။
" မရယ်နဲ့.... နင်ရော... ကြည့်အုံး နင့်ကိုယ်နင်.... ဆံပင်က ကွေးကောက်ပြီး ဖွာလန်ကျဲနေတာ... ခြင်္သေ့ကျနေတာပဲ... စုပိုပိုနိုင်မဟုတ်ဘူး... စုခြင်္သေ့နိုင်... မိန်းကလေးနဲ့ကိုမတူဘူး.... ရယ်လိုက်ရင်.... "
သူရအောင်စကားကိုကြားပေမယ့် ပိုပို ဒေါသမထွက်မိ။ ပြောတာဟုတ်နေတာကို.... သူမက ဘီစကစ်ထုတ်ထဲက မုန့်တစ်ချပ်ကို ပါးစပ်ထဲ ထိုးထည့်တော့ သူရအောင် လက်ညှိုးထိုးကာ...
" ကြည့်... ကြည့်.... ပါးစပ်ပေါက်လေးသေးသေးလေးကို မုန့်ကို တစ်ချပ်လိုက်ထည့်တာ... ကိုက်မစားပဲနဲ့.... အေးပါကွာ.... ငါ ဘယ်လိုလူတွေနဲ့ သူငယ်ချင်း ဖြစ်နေမိသလဲ မသိတော့ဘူး.... ဟိုကောင် ရေချမ်းကလည်း နေနိုင်လိုက်ပုံများ.... ဖုန်းကိုမဆက်ဘူး.... "
" ချမ်းချမ်းကို မ ပြောနဲ့.... ဆရာဝန်ဦးလေးက ပြောတယ်... လာမှာတဲ့.... ဒီနေ့မဟုတ်ရင် မနက်ဖြန် ရောက်မှာတဲ့.... "