မြင်နေသော်လည်းဘဲ

24 3 0
                                    

အောက်တိုဘာ ၃၀ရက်၊ ၂၀၁၉

Invitation Program နဲ့ ကိုရီးယားကို ၉ရက်တာ ခရီးစဉ် ရောက်ရှိနေတာ ၆ ရက်မြောက်နေ့။

ဖိတ်ခေါ်တဲ့ အစီအစဉ်နဲ့ လာရတာဆိုတော့ တနေ့လုံး အစီအစဉ်အတိုင်း သွားနေရတာပေါ့။

ခုတော့ ညရောက်ပြီ ကိုယ်ပိုင်အချိန်လေးပေါ့ မနေ့ညကလည်း သူငယ်ချင်းတွေနဲ့ ဟုန်းဒဲ သွားဖြစ်တယ်။ ဒီနေ့တော့ မဖြိုးနဲ့ နမ်ဆန်တာဝါ သွားမယ်။ အရမ်းကို သွားချင်နေတာ။

ရေမိုးချိုးပြင်ဆင်ပြီးတော့ မဖြိုးကို ဖုန်းဆက်၊ မရ ဖုန်းမကိုင်ဘူး။ ပင်ပန်းပြီး အိပ်ပျော်နေလားမသိပါဘူး။

အဲဒါနဲ့ ရောက်တုန်းရောက်ခိုက်လေး မသွားလိုက်ရမှာလည်း စိုးတယ်။ အစက အစီအစဉ်ထဲ နမ်ဆန်တာဝါ ပါရဲ့သားနဲ့။ ခုကျ မပါဘူးရယ်။ အိပ််လိုက်ရမှာလည်း နှမြောတယ်။ တစ်ယောက်တည်းပဲ ထွက်လာခဲ့တယ်။

ဘယ်သူ့ကိုမှလည်း မမေးနေဘူး။ ကိုယ့်ကိုယ်ကို ကိုရီးယားလို အရမ်းတွေ ယုံကြည်ချက်ရှိနေတော့က

ဖုန်းကို ဖွင့် ဝယ်ထားတဲ့ အင်တာနက်ကတ်လေးနဲ့ လိုင်းကို ဖွင့်၊ အဲတုန်းက Naver လည်း သုံးရဲ့သားနဲ့ Naver map ကိုတော့ မသုံးဖြစ်ဘူး Google map ကို ဖွင့်လိုက်တော့ နမ်ဆန်တာဝါကို သွားဖို့ ကိုယ့် ဟိုတယ် အနီးက မှတ်တိုင်ကနေဆို ၃၊ ၄မှတ်တိုင်ပဲ သွားရမှာတဲ့။ သွားစီးရမယ့် မှတ်တိုင်ကလည်း လမ်းကူးပြီး လမ်းဆုံကနေ ဘယ်ဘက်ကွေ့ ရမယ် ပြထားတယ်။ ပြထားတဲ့အတိုင်း လမ်းလျှောက်သွားတာပေါ့။ အော် ပြီးတော့ map မှာ ဘယ်နံပါတ် စီးရမယ်ဆိုတာက အစ ပါတယ်။ မှတ်တိုင်ရောက်တော့ လူတော့ မရှိနေဘူး အနားမှာလည်း LED နဲ့ မှတ်တိုင်နားမှာ ပြပေးထားတယ် ဘယ်နံပါတ်ကတော့ ဘယ်နမိနစ်နေရင် လာပါမယ်ပေါ့။ ကားလမ်းကြောင်းပြတဲ့ မြေပုံမှာလည်း ဖြတ်တဲ့ ကားနံပါတ်တိုင်းရဲ့ မှတ်တိုင်နဲ့ လမ်းကြောင်းကို မြှားလေးနဲ့ ပြပေးထားတယ်။ ဟိုကြည့် ဒီကြည့်နဲ့ google map က ပြထားသော်လည်း သေချာအောင် ကြည့်ရတာပေါ့။ ခဏနေတော့ ကားလာပါလေရော။ တက်လိုက်ပြီး ကတ်လေးနဲ့ ဖြတ်လိုက်တယ်။

ပြီးတော့ ၃မှတ်တိုင်တည်း စီးရမှာမလို့ မထိုင်တော့ဘဲ မတ်တပ်ပဲ ရပ်နေလိုက်တယ်။ ၃မိနစ်လောက်နေတော့ ရောက်ရော။ ရောက်တော့လည်း ကားပေါ်က ဆင်းမယ်လုပ်တော့ ရှေ့က လူက ကတ်ကို ထပ်ဖြတ်တယ်။ အဲဒါနဲ့ ကိုယ်လည်း ထပ်ဖြတ်ရမယ်ထင်တယ်ဆိုပြီး ဖြတ်လိုက်တယ်။ ရောက်တယ်ဆိုတာ နမ်ဆန်တာဝါကို မဟုတ်ဘူးရယ်။ မြေပုံထဲ ပြထားတဲ့ အတိုင်း မှတ်တိုင် ကို ရောက်သွားတာ။ အဲဒါနဲ့ နည်းနည်း လမ်းထပ်လျှောက်လိုက်တော့ နမ်ဆန် ပန်းခြံ ဆိုပြီး တွေ့တယ်။

တာဝါကို မြင်တော့ မြင်နေရတယ်။ အဲဒါနဲ့ ကားဆက်သွားတဲ့ လမ်းအတိုင်း လျှောက်တာပေါ့ အချိန်ကလည်း ၁၁နာရီ ကျော် ၁၂ ထိုးခါနီးလေး။ စိတ်ကလည်း သွားချင်နေတာပဲ သိတော့ လျှောက်တာပေါ့။ လမ်းမှာလည်း လူတစ်ယောက်မှ မရှိဘူး။ ဖြတ်သွားတဲ့ ကားကလည်း ခပ်ရှားရှား။ အတော်လေး လျှောက်သည့်တိုင်အောင် တာဝါကို မြင်နေရပေမဲ့ သေချာမြင်ရတာမဟုတ်ဘူး။ မြေပုံကြည့်တော့လည်း တောင်ပေါ် ထပ်တက်ဖို့ လိုသေးကြောင်းပြတယ်။ ဆက်သွားရင်ကလည်း ဘယ်ဘက်ကို ကွေ့ရတော့မှာ ခရီးက အတော်လေး ဝေးလာပြီ။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို မသင်္ကာတာနဲ့ နောက်ပြန်လျှောက်လာခဲ့တယ်။ နောက်ပြန်လျှောက်တော့ အသက် မတိမ်းမယိမ်း ကျောင်းသား ၃၊၄ယောက် လောက် ဟိုဘက် ကားလမ်းမှာ ရှိနေတယ်။ လူတွေ့တာ ပျော်ပဲ ပျော်ရမလား သတိပဲ ထားရမလားတော့မသိဘူး။ ခပ်သွက်သွက်လေးပဲ လျှောက်လိုက်ပါတယ်။ လျှောက်လာရင်း ခုနက နေရာ ( ပန်းခြံ ) ပြန်ရောက်လာတယ်။ ပန်းခြံဘေးမှာတော့ တောင်တက်လမ်း ရှိတယ်။ အဲကနေ ကားတစီးတော့ ဆင်းလာတယ်။ လူတွေ အတက်အဆင်း လုပ်နေတာတော့ မတွေ့ဘူး။ ဟူး နောက်လည်း ကျနေပြီ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်တာကောင်းမယ် ထင်ပါတယ်။

အဲဒါနဲ့ ပြန်မယ့် မှတ်တိုင်လေးကနေ နမ်ဆန်တာဝါလေးကို လှမ်းမျှော်ကြည့်ပြီး ကားစောင့်နေလိုက်တယ်။

ခုနက အလာတုန်းက စီးလာတဲ့ ကားနံပါတ်အတိုင်းပဲ စောင့်စီးလိုက်တော့ တန်းတန်းမတ်မတ်ပဲ ဟိုတယ်ကို ပြန်ရောက်လာတယ်။ ဟိုတယ်နားက စတိုးမှာ ငှက်ပျောသီးနွားနို့ဘူးလေး ဝယ်ပြီး ပြန်လာလိုက်တယ်။

ဘာပဲဖြစ်ဖြစ် မပြန်ခင်တော့ နောက်တစ်ခေါက် နမ်ဆန်တာဝါထိ ထပ်ကို သွားဉီးမယ်ဆိုပြီး စိတ်ကို လျော့ပြီး အိပ်လိုက်ပါတယ်။ နက်ဖြန်ကလည်း စောစောထရမှာ။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 25, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

နမ်ဆန်ဆီသို့ လှမ်းမျှော်၍Donde viven las historias. Descúbrelo ahora