အခန်း - ၂၀ (လျှို့၀ှက်စာရင်း)

17.5K 2.7K 255
                                    

Unicode version :

[ညဘက်ထောက်လှမ်းရေး သွားလုပ်ကြရအောင်]

ပျောက်ဆုံးသွားသူမှာ ချွမ်းမာန်ဟုအမည်ရှိကာ ယခင်က လူဆိုးလူမိုက်တစ်ဦးဖြစ်ဖူး၏။ သားမယားမရှိ၊ ဆွေမျိုးဉာတကာမရှိ တစ်ကိုယ်တည်းသမားဖြစ်သောကြောင့်  မည်သည့်အချိန်ကတည်းက သူပျောက်ဆုံးနေ​မှန်း မည်သူကမှ သတိမထားမိလိုက်ကြ။

သို့သော် " ဤရက်ပိုင်းအတွင်း မြို့သူမြို့သားတိုင်း မိမိဘေးပတ်၀န်းကျင်ရှိ မူမမှန်သောကိစ္စအ၀၀ကို သတိထား စောင့်ကြည့်ရန် " ဟူသော ရုံးတော်မှကြေညာချက်ကြောင့် ချွမ်းမာန်ပျောက်ဆုံးကြောင်း အိမ်နီးနားချင်းတစ်ဦးက သတင်းသွားတိုင်တော့မှ သူပျောက်နေမှန်း သိကြရလေသည်။

ဧကရာဇ်ကိုယ်တော်တိုင် တာ့ယန့်မြို့၌ စံမြန်းနေတော်မူသဖြင့် ဆူချူးကျိုးလည်း မည်သည့်တာ၀န်၀တ္တရားကိုမှ လုံး၀မပျက်ကွက်ရဲ။ ယနေ့ ရုံးတော်သို့ ချူယွမ် ကြွရောက်လာတော့ ရဲမက်များလည်း မုဆိုးမငယ်တစ်ဦးကို ခေါ်ဆောင်လာနှင့်ပြီးဖြစ်သည်။ အနှီမုဆိုးမငယ်လေးမှာ ရုပ်ရည်တင့်တယ်ပြီး ရုံးတော်ရှေ့ ထိုင်ခိုင်းသောနေရာ၌ပင် ကြောက်လန့်စွာ တုန်ယင်နေလျက်။ ဧကရာဇ်ကိုယ်တော်တိုင် ကြွရောက်လာသည်ဆိုသော် ပို၍ပင် တုန်လှုပ်နေကာ ခေါင်းလုံး၀မဖော်ရဲတော့၊ နှုတ်မှလည်း "မတရားခံရတာပါ"ဟုသာ ရေရွတ်နေရှာ၏။

မြို့သူမြို့သားများကတော့ ချွမ်းမာန်နှင့် ဤ မုဆိုးမငယ်လေးတို့မှာ ရင်းနှီးကျွမ်း၀င်ကြကြောင်း အရင်ကတည်းက သိထားကြသော်လည်း မိမိတို့နှင့်မဆိုင်သောကြောင့် အတင်း၀င်ရှုပ်ခြင်းမရှိ။ အလွန်ဆုံးရှိ စားပြီးသောက်ပြီး အပျင်းပြေစကားစမြည်ပြောလျှင် သူတို့အကြောင်း အနည်းငယ် အပျင်းပြေ ယူပြောကြရုံမျှသာ ။ ယခု ချွမ်းမာန်ပျောက်ဆုံးသွားကြောင်းသတင်းကြားတော့ လူတိုင်းက ဤအမှုမှာ ဒီအမျိုးသမီးနှင့် ပတ်သက်နေမည်ဟုသာ ယူဆကြလေသည်။

စစ်ဆေးမေးမြန်းခြင်းတစ်၀က်မျှပြီးသွားသော် လာရောက်နားထောင်နေသောရွာသားများထဲမှတစ်ဦးက ယမန်နေ့တုန်းက ချွမ်းမာန်ကို တွေ့လိုက်ရသေးကြောင်း ၊ လမ်းဘေးစျေးသည်ဆီမှ ဆံထိုးတစ်ချောင်း၀ယ်ယူနေကြောင်း တွေ့လိုက်ခြင်းဖြစ်ပြီး ထိုနေ့နောက်ပိုင်း မတွေ့ရတော့ကြောင်း ပြောပြလာ၏။ ထိုမုဆိုးမငယ်လည်း ထိုညက ချွမ်းမာန်နှင့် တွေ့ဆုံရန် ချိန်းဆိုထားသေးသည်မှန်သော်လည်း သူရောက်မလာခဲ့ကြောင်း တုန်ယင်စွာဖြေဆိုလာ၏။ မီးလောင်မှုဖြစ်ပွားသည်ဆိုသောကြောင့် မီးလောင်သောနေရာသ်ု့ ချွန်းမာန် သွားကြည့်သဖြင့် ရောက်မလာခြင်းဖြစ်တန်ရာသည် ၊ အရင်တုန်းကလည်း ထိုသို့ ရောက်မလာတတ်သောအဖြစ်မျိုးလည်းရှိဖူးသဖြင့် သူမလည်း စိတ်ထဲ အရေးထားမနေ ၊ သူမကိုယ်တိုင်လည်း ဤမျှသာ သိထားလေသည်ဟု ထွက်ဆို၏။

ဧကရာဇ်ဗျူဟာWhere stories live. Discover now