[Suggested Song - The Butterfly Effect by Before You Exit]
ပထမဆုံးတွေ့ဆုံမှုက အချိန်အခါမဟုတ် မိုးရွာမှုကနေ စတင်တယ်။မိုးရာသီမှာတောင် ထီးဆောင်ထားဖို့ ပျင်းတဲ့ရိပေါ်အတွက်တော့ ပန်းဆိုင်သေးသေးလေးတစ်ဆိုင်ရဲ့ တံစက်မြိတ်ဟာ အနီးစပ်ဆုံးခိုနားရာပဲ။
ကိုယ်ပေါ်ကမိုးရေစက်တွကို လက်နဲ့သပ်ရင်း ကောင်းကင်ကိုလည်း ကျိန်ဆဲဖို့မမေ့။
အစတည်းက မိုးရွာတာကို မကြိုက်တဲ့အတွက် အချိန်အခါမဟုတ်တဲ့မိုးက တော်တော်စိတ်ညစ်စရာကောင်းတယ်။
လမ်းပေါ်မှာ အင်္ကျီတစ်ထည်တည်းကို အတူမိုးပြီးသောက်ပိုတွေလုပ်နေတဲ့အတွဲတွေက ပိုပြီးစိတ်ရှုပ်ဖို့ကောင်းတယ်။
ဘယ်အချိန်မှတိတ်မယ်မှန်းမသိဘဲ သည်းကြီးမည်းကြီးရွာနေတဲ့မိုးကြောင့် မိုးရေထဲဖြတ်ပြေးဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဘဲ ပန်းဆိုင်တံခါးကခေါင်းလောင်းမြည်သံနဲ့အတူ လူတစ်ယောက်ထွက်လာတယ်။
အပြာရောင်ရှပ်အင်္ကျီနဲ့လူဟာ ရိပေါ်ကိုပြုံးပြနေပေမယ့် မျက်ဝန်းတွေကတော့ အညှိုးတကြီးရွာချနေတဲ့ကောင်းကင်ထက်တောင် ပိုပြီးမှိုင်းညှို့နေတယ်။
ရှောင်းကျန့်ဆိုင်အပြင်မှာ မိုးခိုနေတဲ့ကောင်လေးကိုဘာကြောင့်မှန်းမသိ ဆိုင်ထဲမှာမိုးဝင်ခိုဖို့ခေါ်မိတယ်။
အားနာဟန်နဲ့ ငြင်းဆိုနေတဲ့ကောင်လေးကြောင့်ရှောင်းကျန့်အတွင်းခန်းထဲက ထီးအကြည်လေးတစ်ချောင်းကိုထုတ်ပေးမိတယ်။
"ဟိုလေ... နောက်နေ့လမ်းကြုံရင် ပြန်လာပေးလို့ရလား။ customerတစ်ယောက် ကျန်ခဲ့တာဆိုတော့ ပြန်လာတောင်းနေမှာစိုးလို့"
ဘယ်လောက်မှ တန်ဖိုးမရှိတဲ့ထီးလေးတစ်ချောင်းကို ဘယ်သူမှပြန်လာမယူမှန်းသိပေမယ့်လည်း ရှောင်းကျန့်အရဲစွန့်မိတယ်။
ထီးငှားပေးလိုက်တဲ့အစ်ကိုက သူ့ထီးပြန်မရမှာစိုးရိမ်နေပုံရတယ်။ ရိပေါ်ကလည်းလိုလိုလားလား အစ်ကို့ဆီ နောက်တစ်ခေါက်ပြန်လာချင်နေတဲ့အတွက် တော်တော်အဆင်ပြေသွားတယ်။