614 Days

2.7K 317 15
                                    

614 Days

Part-1

ထိုင်နေကျနေရာလေးမှာ ဘယ်သူမှ ရှိမနေတာမို့  စိတ်သက်သာ သွားရသည်။ လွယ်လာတဲ့ကျောပိုးအိတ်ကို ချလိုက်ပြီး သတင်းစာ နှစ်ခုကို ထပ်ချကာ ဖင်ထိုင်လိုက်သည်။ ၀တ်ထားတဲ့ ဘွတ်ဖိနပ်ကြိုးတွေကို အနည်းငယ် ဖြေချချွတ်ယူလိုက်ပြီး ခြေအိတ်နှစ်ဖက်လုံးကိုပါ ချွတ်ကာ ဖိနပ်ထဲ ထိုးထည့်ထားလိုက်သည်။ ထိုင်နေတဲ့ ဖိနပ်ကို ဘေးနားမှာ ချထားပြီး ခြေထောက်ကို မျက်နှာချင်းဆိုင်က ကြည်လင်နေသော ရေထဲကို စိမ်ထားလိုက်သည်။

ဘေးနားချထားမိတဲ့ ဖုန်းကို ယူကြည့်လိုက်တော့ ၄နာရီ ၁၅ မိနစ်။ ဒီအချိန်လောက်ဆို Cheonggyecheon မှာ လူသိပ်မများသေး။ လူသိပ်မများသေးဆို ကြားရက်ဖြစ်တာလဲ ပါတာပေါ့လေ။ ပိတ်ရက်ဆိုရင်တော့ အစောပိုင်းနေ့ စမ်းချောင်းမှာ လူစည်နေလောက်ပြီ။

ဆိုးလ်မြို့ ရဲ့  အနောက်မှ အရှေ့ ကို ဖြတ်စီးဆင်းနေတဲ့  ဒီစမ်းချောင်းဟာ လူအပန်းဖြေရာ နေရာတစ်ခုအဖြစ် နာမည်ကြီးတော့ ပြည်သူတွေရော နိုင်ငံခြားသားတွေပါ တော်တော်လေးလာကြသည်။ ညနေဆို ဒီစမ်းချောင်းဘေး စကားပြောကြသူတွေ အခုလို ခြေထောက်ကို ရေလာစိမ်တဲ့သူတွေ များကြသည်။ များသောအားဖြင့်တော့ အပေါင်းအဖော်နဲ့ လာတာများပြီး ချစ်သူရည်းစား အတွဲတွေကိုလည်း တွေ့ ရတတ်သည်။

ဒီစမ်းချောင်းမှာ သူများတွေဘာလို့ ခြေထောက်လာစိမ်ကြလဲ သေချာမသိပေမယ့် ကျွန်တော်ကတော့ အညောင်းပြေလို့ စိမ်ဖြစ် မိတာ။ တစ်ချိန်လုံး ပူသိပ်သိပ် ဘွတ်ဖိနပ်ထဲ ပိတ်မိနေသော ခြေထောက်လေးကို ခြေအိတ်ပါ ချွတ်ပြီး ရေစိမ်လိုက်ရတဲ့ အရသာက အေးစိမ့်ပြီး ပြောမပြတတ်အောင် ကောင်းလွန်းလှသည်။ အခုလို ခြေထောက်လေး ရေစိမ်ရင်း စာဖတ်ရတဲ့အရသာက ပိုပြီး သာလွန်ကောင်းမွန်ပေသည်။

ကျောပိုးအိတ်ထဲက ထုတ်ယူထားတဲ့ ဖတ်လက်စ စာအုပ်ကို ဖွင့်လိုက်ပြီး မှတ်ထားသာ ကြိုးအနီစလေးကို ဖယ်ကာ ရောက်ရာ စာမျက်နှာကို ဆက်ဖတ်နေလိုက်သည်။ များသောအားဖြင့် ရွေးထိုင်ဖြစ်တဲ့ နေရာက တံတားနဲ့  ဝေးတော့ အနီးအနားမှာ လူကပ်ရပ်တွေ သိပ်မရှိ။ တံတားနားနဲ့  တံတားအောက်က လူအရမ်းအထိုင်များတာမို့ မျက်စိနောက်တတ်သော သူ့ အဖို့ တော့ တံတားနဲ့ ဝေးဝေး နေရာက ပိုအဆင်ပြေသည်။

614 Daysحيث تعيش القصص. اكتشف الآن