ZAWGYI
မြို့နှင့် အလှမ်းဝေးသော နေရာတစ်နေရာမှ ကုန်ပစ္စည်းများ သိုလှောင်ရာဂိုဒေါင်ကြီးတစ်ခု။တစ်နည်းပြောရပါလျှင် မူးယစ် မှောင်ခိုတင်သွင်းသော လုပ်ငန်း၏ လျှို့ဝှက်နေရာတစ်နေရာ သို့မဟုတ် အတောမသတ်နိုင်သည့်လောဘမီးတို့ဖြင့် တူးဖော် ထားပါသော ငွေမဲတို့ပေါက်ဖွားရာ မဟူရာချောက်နက်တစ်ခု။ထိုနေရာတွင် စုရုံးရောက်ရှိနေကြသော လူသားမဟုတ်သည့် လူသားများ။လူသားမှန်ပါလျှင် လူစိတ်ရှိရမည်မဟုတ်ပါလား။ယခုကဲ့သို့ အမျိုးဖျက်လက်နက်မူးယစ်ဆေးအား တရားမ၀င် ရောင်းဝယ်ဖောက်ကားနေသည်ကိုကြည့်ပါလျှင် ထိုသူတို့မှာ လူသားဆန်စိတ်ထက် လောဘစိတ်တို့သာရှိသည့် လောဘ ကြီးသည့်လူသားတို့ပင် ဖြစ်နေပါသည်လေ။
"အလုပ်ကို ဘယ်လိုလုပ်နေကြလို့ ဟိုဘက်က ကောင်တွေက ခြေရာခံမိသွားရတာလဲ..."
ထိုလူများအနက် ခေါင်းဆောင်ဟူ၍ထင်ရသော လူတစ်ဦးက များလှသောလူများအား သူ့ရှေ့၌ ဒူးထောက်စေကာ ခေါင်းပင် မော်မကြည့်ရဲစေသည်အထိ အာဏာကြီးလှပုံပါပင်။တည်ငြိမ် ခန့်ညားသော ရုပ်ရည်ရူပကာနှင့်ကွဲထွက်ကာ မူးယစ်ဂိုဏ်းနှင့် ပတ်သတ်ဆက်နွယ်နေသော ထိုသူ။ယခုလည်းသူ၏အလုပ်၌ အနှောင်အယှက်တစ်ခုကြောင့် ပျက်စီးသွားခဲ့သည်ထင်ပါရဲ့။သူ၏မျက်နှာထားတို့က ခက်ထန်ကာအေးစက်နေပါတော့၏။
"ကျွန်တော်တို့လည်း သေချာမသိပါဘူး...ဟိုဘက်က သတင်းပို့လာလို့ပါ..."
ခေါင်းငုံ့ထားလျက် ဖြေလာသောသူ၏အသံမှာ သိသိသာသာ တုန်ယင်နေလေ၏။အပြစ်လုပ်ထားမိသည်ကြောင့် ထိုအပြစ် အတွက် သူ့အားပြန်ပေးဆပ်ခိုင်းပါလျှင် နည်းလမ်းသည်ကား တစ်ခုတည်းသာ။
"မသိဘူး ဟုတ်လား...အဟက် ကိုယ့်တာဝန်ကိုယ် မကျေတဲ့ မင်းကို ဘာလုပ်သင့်လဲ..."
"တောင်း တောင်းပန်ပါတယ်...အသက် အသက်ကိုတော့ ချမ်းသာပေးပါ..."
ဟုတ်ပါသည်။ထိုအပြစ်အတွက် အလဲအထပ်အနေဖြင့် သူ ပြန်ပေးဆပ်ရမည့်အရာမှာ သူ၏အသက်မှ လွဲ၍တခြားမရှိ။ထိုသို့အပေးအယူမျိုးရှိပါသော်လည်း လစာကောင်းလှသည့် အလုပ်တစ်ခုဖြစ်သည်ကြောင့် မိမိတို့၏ စားဝတ်နေရေးအရ ငရဲတွင်းမှန်းသိသိလျက်နှင့်ပင် မျက်စိစုံမှိတ်ခုန်ချခဲ့ကြသည် မဟုတ်ပါလား။သမာအာဇီဝနည်းဖြင့်လုပ်ရမည့် တစ်နှစ်စာ ၀င်ငွေထက် ငရဲတွင်းမှတစ်လစာ ၀င်ငွေတို့က အဆမတန် ပိုများနေသည်ကြောင့် သာမန်ပုထုဇဉ်လူသားတို့အနေဖြင့် ငြင်းရခက်ခက်ဖြစ်နေပါသည်လေ။သို့သော် ယခုအခါတော့ ကံကံ၏ အကျိုးဆက်အား သူခံစားရတော့မည်ထင်ပါရဲ့။

VOUS LISEZ
Fate Or Fake? (Complete)
FanfictionWhich started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not,...? Written By W