Zawgyi
မိုးစက်မိုးပေါက်တို့၏ အထိအတွေ့ကြောင့် သင်းပျံ့နေသော မြေသင်းရနံ့က မနက်ခင်းဝေလီဝေလင်းအချိန်အား ပြီးပြည့်စုံစေသည်။ ခြောက်နာရီကျောင်းတက်ခေါင်းလောင်း မထိုးမီ ကျောင်းသို့အမှီသွားရသောကြောင့် အချိန်အားဖြင့် ငါးနာရီခွဲကျော်ကျော်သာ ရှိသေးသည်။ ကြည်ပြာရီဝေနေသော ကောင်းကင်ကြီးသည် နေမထွက်သေးသောကြောင့် အမှောင်ရိပ်မပျောက်ချင်သေးပေ။ ယခင်နေ့က အိပ်ယာထနောက်ကျ၍ Ezraတစ်ယောက် ကျောင်းနောက်ကျကာ အမှိုက်ကောက်ခဲ့ရသည်။ ထို့ကြောင့် ဒီနေ့နောက်မကျချင်ပေ။ အတန်းသူအတန်းသားများ ရှေ့တွင် အမှိုက်ကောက်ရခြင်းကို သူအလွန်ရှက်၏။ လှောင်ပြောင်နေသော မျက်ဝန်းများအား ရင်ဆိုင်ရသည်မှာ သူ့အတွက် အခက်ခဲဆုံးအလုပ်ပင်ဖြစ်ပေသည်။
ကျောင်းသို့သူရောက်သည့်အချိန်တွင် ကျောင်းစောင့်ဦးလေးကြီးသာ တံမြက်စည်းလှည်းနေသည်ကို တွေ့ရ၏။ Ezra သည် ဒီနေ့သူ့အသင်းတာဝန်ကျရာ နေ့မဟုတ်ပေမယ့် အတန်းထဲရောက်သည်နှင့် ဘုရားသောက်တော်ရေလဲသည်။ ဘုရားပန်းအိုးကို ရေသန့်စင်အောင်ဆေးကျောကာ အသင့်ဝယ်လာသော ဂန္ဓမာပန်း သုံးလေးပွင့်ခန့်ကိုထိုးလိုက်သည်။ ခရစ်ယာန်ဘာသာဝင် ဖြစ်သည့်အတွက် ဘုရားရှင်အားဦးခိုက်ခြင်းအမှုကိုတော့ သူမပြုခဲ့ပေ။ သို့သော် ဘုရားပန်းဝယ်ခြင်းကိုမူ နေ့တိုင်းတာဝန်ယူပေးခြင်းဖြင့် ကုသိုလ်ယူ၏။
စာသင်ခန်းတစ်ခုလုံးသန့်စင်အောင် တံမြတ်စည်းလှည်းပြီးချိန်တွင် တစ်ယောက်စနှစ်ယောက်စဖြင့် တော်တော်များများ ရောက်လာချေပြီ။ သူငယ်ချင်းဖြစ်သူ ချစ်စု မှာလည်း အမောတကောဖြင့် အတန်းထဲသို့ဝင်လာ၏။
"ဟဲ မောလိုက်တာ Ezra ရယ် ငါနောက်ကျပြီထင်လို့ ပြေးလာတာ"
"ကျောင်းတက်ခေါင်းလောင်းထိုးဖို့ ဆယ်မိနစ်တော့ လိုပါသေးတယ်"
ကျောက်သင်ပုန်းပေါ်ရှိ တိုင်ကပ်နာရီကိုလှမ်းကြည့်ကာ Ezra ပြောလိုက်သည်။ ချစ်စုကတော့ လွယ်အိတ်ကိုအုန်းခနဲ ပစ်ချကာ ဘေးကိုဝင်ထိုင်နေပြီ။ မိန်းကလေးများအတူထားလျှင် စကားများသောကြောင့် အတန်းပိုင်ဆရာမသည် ယောက်ျားလေးမိန်းကလေး ရောထိုင်းခိုင်းသည်။ သူငယ်ချင်းအပေါင်းအသင်းမရှိသော ကျောင်းသားအသစ် Ezra မှာ ရှစ်တန်းနှစ်စကပင် ထိုသူငယ်ချင်းမလေး ချစ်စုနှင့် အတူထိုင်ရာမှ အတိုင်းထက်အလွန် ခင်မင်ရင်းနှီးခဲ့ပါတော့သည်။ ချစ်စု၏ သူငယ်ချင်းဖြစ်သူ B ခန်းမှ ဧကရီဆိုသည့် ကောင်မလေးနှင့်လည်းခင်မင်ခွင့်ရခဲ့သည်။
YOU ARE READING
Once in my life [short story]
Short StoryIt's hard to say good bye to what you want forever ♥ (Novelyze writing challenge) Complete!