Memories Erasing System(M.E.S)

604 74 15
                                    

" လမ်းခွဲရအောင် ။ "

အငွေ့သေစ ပြု၍ အေးလာပြီဖြစ်တဲ့ ကော်ဖီခွက်လေးကိုကြည့်ရင်း ပြောလာသည့် ဤစကား ။
ခပ်ငြိမ့်ငြိမ့် ဖြစ်နေသည့် ဆိုင်တွင်းက သီချင်းသံလေးက လက်ရှိအခြေအနေနဲ့လိုက်အောင် ဆွတ်ပျံဖွယ်ကောင်းလှသည် ။ သည်းစပြုလာသည့် မိုးရေစက်တို့က မှန်နံရံလေးကို ထိရိုက်ခိုက် သူသည်လဲ ထိုမိုးစက်တွေနဲ့ အတူ မျက်ရည်စက်တို့ မကျစေဖို့ရာ မျက်ဆံတို့ကို ဟိုဘက်ဒီဘက်ရွေ့ရင်း မျက်တောင်တို့အကူဖြင့် ထိန်းနေရသည်။ ထိုမျက်ရည်တို့သည် သူ့မာနဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လွယ်လင့်တကူ ကျခွင့်မပြုနိုင်ပါ။

တစ်ချိန် ဒီစကါး ကြားရမှာ သိလဲ မပြင်ဆင်နိုင်ခဲ့သူက သူဖြစ်သည် ။ အေးစက်စပြုနေသည့် ဆက်ဆံရေးကို ကနဦးအစကလို နွေးထွေးအောင် လုပ်နိုင်စွမ်း သူမတက်စွမ်းခဲ့ပါ ။

ပြောစရာရှိသေးလား ဟူသည့် နောက်ဆုံးနှုတ်ဆက်စကားဆန်သည့် ယင်းအမေးကို သူအဖြေတစ်စုံတစ်ရာမပေးနိုင်ခဲ့ ။ လုံးဝအေးစက်သွားသည့် ကော်ဖီခွက်ကိုသာ ငေးကြည့်နေခဲ့သည် ။

နာကျင်ရပေမယ့် မကျေမနပ်မဖြစ်မိတာက သူ့အမှားဖြစ်ခဲ့မှန်း သိကောင်းသိ၍ဖြစ်နိုင်သည် ။ အချိန်မပေးနိုင်ခဲ့ခြင်း ဆိုသည့် အရာက သူတို့အေးစက်သွားခြင်းရဲ့ တရားခံဖြစ်လိမ့်မယ် ။ ယခုချိန်ရောက်မှတော့ တောင်းပန်ပါတယ်အရာအားလုံး ငါ့အမှားပါဆိုတဲ့ ဆင်ခြေဆန်ဆန် စကားတွေမသုံးချင်တော့ဘူး ။

ထထွက်သွားသည့်သူအား တစ်ကိုယ်ကောင်းဆန်ဆန် ဆွဲထားလိုက်ဖို့ရာလဲ သူ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး။
တရွေ့ရွေ့ ထွက်သွားသူ၏ ကျောပြင်ကိုသာ ငေးရင်းမျက်ဝန်းအိမ်က မျက်ရည်စတို့ကို လွတ်လပ်ခွင့်ပြုလိုက်သည် ။

ဒီနေ့ဟာ သူ မျက်ရည်စများနှင့်အဖော်ပြုခြင်း ပထမနေ့ ...။

-
-
-
ဖြတ်သန်းနေကျ ပုံမှန်နေ့တွေလို လုပ်နေကျအလုပ်တွေ မလုပ်ဖြစ်တော့ဘူး ။ အပြင်လောကနဲ့လဲ အဆက်ဖြတ်ထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ။ သန့်ရှင်း ရှင်းလင်းနေကျ ဧည့်ခန်းထဲလဲ ဘီယာခွံ့နှင့် ဆိုဂျူပုလင်းလွတ်များက အလဲလဲ အကွဲကွဲ ။ စက်ပိတ်ထားသည့် ဖုန်းလေးက ဆိုဖာခုံပေါ်ရဲ့ တစ်ထောင့်တစ်နေရာမှာ ငြိမ်သက်လို့နေသည်။ တစ်အိမ်လုံးတွင်မှ ရောက်တက်ရာရာလိုင်းဖွင့်ထားသည့် တီဗီမှ ထွက်နေသော အသံသာ ကြီးစိုးနေသည် ။

Memories Erasing System (M.E.S)Where stories live. Discover now