ဟေမန်မြူနှင်းလေးတွေ......ဝဲ

173 16 12
                                    

29.Feb.2020
                 ဂျပန်ပြည်တိုကျိုမြို့(TOKYO City)နရိတ(Narita)လေဆိပ်။
တိုကျိုမြို့ရဲ့အပြည်ပြည်ဆိုင်ရာNaritaလေဆိပ်ကို  ညီညီ ကျောခိုင်းထွက်လာခဲ့ပါပြီ။
                လေယာဥ်ထဲမှာ ဆိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပါလာရပေမဲ့ ဂျပန်ပြည်ကိုချစ်ပါသည်၊အထင်ကြီးလှပါသည်ဆိုတဲ့  ညီညီအတွေးတွေ ကစဥ့်ကလျား လွင့်ပျံနေသည်။
                မြန်မာပြည်ကိုလာဖို့ အချိန်၊ရက်၊နေ့စွဲသတ်မှတ်ကာ ပြန်မည်လို့တေးကာ ပြက္ခဒိန်မှာ မှတ်ထားရသည်မှာပင် အခါခါဖြစ်သည်။
              ဟုတ်တယ်. . . . . .။ပထမအကြိမ် ၂၀၁၉ခုနှစ်က တစ်လတာကျောင်းပိတ်ရက်မို့ ခွင့်ရတာနှင့် အလည်တစ်ခေါက် မြန်မာပြည်သို့ ရောက်လာခဲ့ရပြီး ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်မြို့လေးကို အလည်ရောက်ခဲ့သည်ကိုပင် ပြန်အမှတ်ရလာသည်။
             ဘုရားရေ……။အခုဒီတစ်ခေါက်အိမ်ပြန်ရသည်မှာ ထာဝရ အိမ်ပြန်ရသည်ပင် မဟုတ်ပါလား။ဇာတိချက်ကြွေမြေသို့ ပြန်လည်ခြေချခွင့်ရသည့် အခွင့်ရေးရပါလျက်နဲ့ အဘယ်ကြောင့် မပျော်ဘိရပါသနည်း။
             ညီညီ့ ၏စိတ်ကူးများအကောင်အထည်ဖော်ဖြစ်တော့မည်လို့ မက်ခွင့်ရှိခဲ့သည့် အိမ်မက်ကလေးက နှင်းစက်ပွင့်ကလေးနှင့်အတူ မှုန်ဝါး ပြယ်လွင့်သွားလိမ့်မည်ဟု ဘယ်သောအခါမှ ညီညီ မထင်ခဲ့ဖူးပါရဲ့။
          “ကျေးဇူးပြု၍နားဆင်ပါရှင် လူကြီးမင်းတို့လိုက်ပါစီးနင်းလာသော××××လေယာဥ်သည်  မကြာမီအချိန်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့မည်ဖြစ်ပါသဖြင့်.”ဟုဆိုတဲ့လေယာဥ်မယ်အမျိုးသမီးရဲ့ ချိုသာတဲ့အသံကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ညီညီ့အတွေးတွေ ကစဥ့်ကလျား ကွဲထွက်နေရာမှ ရန်ကုန်ကိုဆင်းသက်တော့မည်ဆိုသည့်အသိ ပြန်ဝင်လာသည်။
     မျှော်လင့်ချက်အားကြီးမားခဲ့ရသည့် ညီညီ့၏ အိမ်မက်အကောင်အထည်သည် မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်ဖြစ် လန်းဆန်းတက်ကြွစွာသွားခဲ့ရသည့် ချယ်ရီတို့ဌာနီ၏ အိမ်အပြန်လက်ဆောင်က ထာဝရ မေ့မနိုင်တော့မည့် ကြီးမားသော အမှတ်တရ ဖြစ်နေလိမ့်မည့်ဟု ညီညီ မထင်ထားခဲ့မိရိုးအမှန်ပါ။
          ခက်ခက်ခဲခဲနဲ့ဖြတ်သန်းခဲ့ရသည့် ညီညီ့ဘဝကို ညီညီမှတစ်ပါး စာနာနားလည်ပေးနိုင်မည့် မောင်ကလွဲ၍လည်း ညီညီ့ဘဝတွင်မရှိတော့ပြီ။
               မသန့်ရှင်းတဲ့ ညီညီ့ဘဝထဲကိုလည်း မောင့်ကို မဆွဲခေါ်လိုပါ။အမှန်ကတော့ အားလုံးညီညီ့၏ အမှားသာဖြစ်၏။မောင့်စကားနားမထောင်မိသည်ကလည်း ညီညီ့အမှား။
              အမှားဆုံးကတော့ မောင့်ထက်ငွေကို ပိုမက်မောမိခဲ့သည့် ညီညီ့၏အမှားပင်တည်း။
              ဘယ်အချိန်ကတည်း ကျ နေမှန်းမသိသည့် ပါးပြင်ထက်က မျက်ရည်စက်များ ကျဆင်းလာသည်ကို လက်ဖြင့်သုတ်၍ ညီညီ့ရဲ့ လက်များကို ခပ်ဖွဖွဆုပ်၍ ကြင်နာစွာနှစ်သိမ့်ဖူးလေသည့် မောင့်ရဲ့ချစ်ခြင်းတရားများကို ဘယ်သောအခါမှ မရနိုင်တော့ဘူးဆိုတာ ညီညီမစဥ်းစားမိခဲ့ပါဘူး။
               မိုမိဂျိတွေဝေဆာတဲ့ ဆောင်းဦးကာလမှာလည်း မောင်နှင့်အတူ လည်ခွင့်မရနိုင်တော့ဘူးဆိုတာ မစဥ်းစားမိခဲ့ပါဘူး။
             ရောင်စုံချယ်ရီပန်းတွေဝေဆာတဲ့ နွေဦးကာလမှာလည်း ချယ်ရီပင်အောက်အတူထိုင်ကာ Green Tea သောက်ခွင့်မရှိနိုင်တော့ဘူးဆိုတာလည်း ညီညီ မစဥ်းစားမိခဲ့ပါဘူး။
              မောင်နှင့်တစ်သက်လုံးခွဲရလျှင် ညီညီ ဘယ်လိုများနေရစ်ခဲ့ရပါ့မလဲဟု နည်းနည်းမျှ မစဥ်းစားခဲ့မိပါဘူး။
            အို မောင်ရယ်မှမဟုတ်ပါဘူး ဘယ်အရာမှ လေးလေးတန်တန် ညီညီ မစဥ်းစားမိခဲ့ပါဘူး။
            တစ်ခါမှာတော့ မောင်က “ဘားက ကောင်တွေက အလကားကောင်တွေ တစ်နေ့ဒုက္ခရောက်မယ်” ဆိုတဲ့ မောင့်ရဲ့ပူပန်စကားမျိုးလည်း နောင်ဘယ်သောအခါမှ ကြားခွင့်မရတော့။မောင့်ရဲ့ စေတနာတွေနားမလည်ခဲ့ပါဘိသနည်းဟု မိမိကိုယ်ပင် အံ့ဩရသည်။မှတ်မှတ်ရရ အဲနေ့က ဆောင်းနှင်းတွေဝေသည်။SevenEleven ရှေ့ နှင်းပွင့်တွေကြားမှာ ရပ်စောင့်နေခဲ့သော မောင့်ကို ထွက်မတွေ့ခဲ့။
               ညီညီဟာ မောင့်ရဲ့ချစ်ခြင်းတရားနဲ့ မထိုက်တန်တော့သည့်သူပါ မောင်ရယ်။

          တစ်ခါမှာတော့ ကမာကူရ(KAMAKURA)  ဘုရားကြီးမှအပြန် ညီညီက မောင့်ကို“ဒေါ်စိန်ကြည် ဒေါ်စိန်ကြည် လင်ယူပက်စက်သည် မစ္စတာကြီး တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန်” ဆိုတဲ့ ဂျာနယ်ကျော်မမလေးရဲ့ “သွေး” စာအုပ်ထဲက ကဗျာလေးကို ရွတ်ပြတော့လည်း မောင်ကနှစ်နှစ်ခြိုက်ခြိုက်ရည်ပါသည်။
               အခုတော့မောင်ဖတ်ချင်သည်ဆိုသော မောင့်ကိုမပေးဖြစ်ခဲ့သည့် ဂျာနယ်ကျော်မမလေးရဲ့ “သွေး”စာအုပ်ကို ညီညီ့ရင်မှာပိုက်၍ ငိုရှိုက်မိပြန်သည်။
                 မောင့်ကိုဆုံးရှုံးလိုက်ရပြီဆိုသည့်အတွေးတွေများကြောင့် ကျဆင်းလာသည့် မျက်ရည်စက်များကို မတားဆီးမိပါ။လွတ်လပ်စွာကျခွင့်ပေးမိသည်။အားပါးတရငိုချင်သည်။နောင်ဘယ်သောအခါမှ မငိုတော့ပါဘူးမောင်ရယ်။
                မောင့်ကိုလူတစ်ကာငေးခွင့်ရသည့် ချယ်ရီပန်းလိုပင်ယံထက်မှာ ဝေဝေဆာဆာနှင့်ဖူးပွင့်စေချင်သည်။ညီညီ့ဘဝကို ခဏတာလောက် လှပစေခဲ့သောမောင့်ကို ထာဝရ ကျေးဇူးတင်နေတော့မှာပါမောင်။
                မငိုပါဘူးဆိုကာမှရယ် ပါးပြင်ထက်သို့ ထပ်လိမ့်ဆင်းလာသည့်မျက်ရည်စက်များကို ဒီတစ်ခါလည်း မသုတ်လိုတော။“ခင်ဗျားပြောတဲ့နေရာရောက်ပြီ”ဟုဆိုကာမှ ရန်ကုန်လေဆိပ်ကနေ ငှားစီးလာခဲ့တဲ့ Taxi Driverကို ကျသင့်ငွေရှင်းပြီး ဆောင်းရန်ကုန်မြေသို့ ခြေချမိသည့်နှင့် အဝါရောင်ဆိုင်းဘုတ်ကြီးက ကြိုဆိုနေ၏။
                အဝါရောင်ဆိုင်းဘုတ်ကြီးမှာရေးထားတဲ့ စာတမ်းကိုဖတ်မိပြန်တော့ ညီညီထပ်ငိုမိနေပြန်ပီဆိုတာ ဘာသာ သိလိုက်တော့သည်။
                လေးလံသောခြေလှမ်းနှင့်အတူ မောင်နှင့် ထာဝရဝေးကြရပြီဆိုသည့်အတွေးက အလျင်စလိုအတွေးထဲဝင်လာခဲ့သည်မို့ ရုတ်တရက်ချောက်ချားအံ့ဩမှုကို ချက်ချင်း ပြင်ဆင်ထိန်းသိမ်းရင်း YANGON-Top-Centerဆီသို့ တည်ငြိမ်သောအမူအရာဖြင့်လှမ်း၍ ဝင်လိုက်မိတော့သည်။
  

 ဟေမန်မြူနှင်းလေးတွေ......ဝဲWhere stories live. Discover now