#Zawgyi code
မဲမှောင်နေသော ညအချိန်ဖြစ်သော်လည်း လူအများဖြင့် စည်းကားနေသည့် နေရာလေးတစ်ခု။ လူခြေတိတ်ဆိတ်ခါနီးအချိန်ပင် ဖြစ်သော်ငြား မီးရောင်များဖြင့် ထိန်ထိန်လင်းကာ လူတို့၏အံ့သြတကြီးရေရွတ်သံများဖြင့် စည်ကားနေသည့် ဤနေရာသည်ကား 'ဟန်ဆန်း'ဟု လူအများကြားတွင် နာမည်တွင်သည့် ပြဇာတ်ရုံကြီးပင် ဖြစ်သည်။
ဤကဲ့သို့သော ညအချိန်ထိပင် လူအများဖြင့် စည်းကားနေရခြင်း၏ လျို့ဝှက်ချက်ကိုပြောပြရမည်ဆိုပါက ဟန်ဆန်းပြဇာတ်ရုံ၏အတွင်းပိုင်းရှိ ဇာတ်စင်ပေါ်တွင် လှပစွာယိမ်းနွဲ့ဖျော်ဖြေနေသည့် ဇာတ်သမားလေးအား ညွှန်ပြရမည်ပင်။
မိန်းမပျိုလေးများပင် အရှူံးပေးရလောက်အောင် သွယ်လျလွန်းသည့် ခန္ဓာကိုယ်နှင့် မျက်နှာချေများ လိမ်းကျံထားသည့်တိုင် လုလင်ပျိုတို့၏နှလုံးသားတို့အား အလွယ်တကူ ညွှတ်တိမ်းအောင် စွမ်းဆောင်နိုင်သည့် ထိုဇာတ်သမားလေးကြောင့် ဟန်ဆန်း၌ လူပြတ်သည်ဟူ၍မရှိ။
ခြေအထိပင် ပုံကျနေသည့် အဖြူ ရောင်ဝတ်ရံရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်များအား ဆံထိုးများဖြင့် ထိန်းတင်ထားကာ ဆိုးဆေးဆိုးထားသည့် အနီရောင်နှုတ်ခမ်းဖူးနှစ်လွှာကို ဖွင့်ဟရင်း ဇာတ်လမ်းအား ဖျော်ဖြေတင်ဆက်နေသည့် ဇာတ်သမားလေးသည် ယောကျာ်းပျိုတစ်ဦးဖြစ်သည့်တိုင် ပြဇာတ်ရုံအတွင်းရှိ မဒီပျိုများကိုသာမက လုလင်ပျိုများကိုပါ မျက်တစ်ခတ်မျှပင် အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းလှသည်။
အသာတကြည် ယိမ်းနွဲ့သွားသည့် ဖြူ လွှလွှကိုယ်ခန္ဓာငယ်နှင့်အတူ စည်းချက်ညီစွာ စောင်းငဲ့သွားသော ဦးခေါင်းငယ်နှင့် မျက်ဝန်းလွှာတို့ကား ဇာတ်သမားလေး၏ ဇာတ်လမ်းအပေါ် စီးမြောမှုအား သက်သေပြနေသယောင်။
နီရဲရဲနှုတ်ခမ်းဖူးဖူးလေးဆီမှ ထွက်ပေါ်လာသည့် ဇာတ်တေးသံလေးမှာ နံနက်ခင်းတွင်ကြားရသော ငှက်ငယ်တို့၏တေးသံအလား နူးညံ့သာယာလှသည်။
သီဆိုနေသည့် ဇာတ်လမ်းအတက်အကျနှင့်အတူ ပြောင်းလဲသွားလေ့ရှိသော ဇာတ်သမားလေး၏ ခန့်မှန်းရခက်သည့်အရိပ်အယောင်များနှင့် မျက်ဝန်းများသည်လည်း ပွဲလာကြည့်ရှုသူတို့အား ဆွဲဆောင်နေသော အချက်များထဲမှတစ်ခုပင်။
YOU ARE READING
Under the Mask (Jikook) One shot
أدب تاريخي"အို.....ငှက်ငယ်လေးရဲ့ အရှင်သခင်ရေ။ လှောင်ချိုင့်ထဲမှ လွတ်မြောက်သွားတဲ့ ငှက်ငယ်လေးဟာ.....၊ အသင်မရှိတဲ့အရပ်မှာ ပျော်မွေ့နေလိမ့်မယ်လို့၊ အသင်ထင်ပါသလား" Own creation ❗ Fanfic ❗ Written by Park Loyal