မောင့် စိတ်ကလေး ပျက်စီးသွားတယ်
အကြောင်းအရင်းကိုတော့ သိပ်နားမလည်ခဲ့။
သေချာတာတစ်ခုကတော့ အဲ့ဒီည နှုတ်ဆက်ခြင်းက မောင်ဟာ တစ်ဘဝစာလုံးရည်ရွယ်ခဲ့တယ်ဆိုတာပဲ။ သူဟာ အသေချာဆုံးသော လမ်းကို ရွေးခဲ့ပြီးမှ ချွတ်ချော်မှု တစ်စုံတစ်ရာနဲ့ တိုးမိခဲ့တာ။
ကျွန်မဟာ မောင့်ရဲ့ ဝင်သက်ထွက်သက်တွေနဲ့ ဝေးရတော့မလို့ လက်တစ်ကမ်းအလို...။
မောင့် အခန်းထဲက အိပ်ဆေးဘူးကလေးကို တော့ မောင်မသောက်ဖြစ်ခဲ့။
သည်းနေတဲ့မိုးတွေကြားက အရှိန်ပြင်းတဲ့ ကားတစ်စီးကို ကျေးဇူးတင်ပါရဲ့...အနည်းဆုံးတော့ စိတ်ကလေးကိုပဲ သတ်ပေးလို့။
ဟိုအမျိုးသမီးလေးကတော့ unknown contact ကတစ်ဆင့် ရှိုက်ရင်း ငိုရင်း ကျွန်မကို သတင်းပေးဖော်ရလေတယ်။
၂ရက်ကြာအောင် တွေဝေခဲ့ပြီးနောက် မာနတွေ သိက္ခာတွေဟာ မောင့်ရဲ့အနောက်ကိုရောက်ခဲ့တယ်။
မောင့်မျက်နှာလေးဟာ မို့ဖောင်းနေတာပဲ။ သွေးစို့နေတဲ့ နေရာလေးတွေကလည်း မျက်နှာတစ်ခုလုံးနီးပါးအပြည့်။
လက်တစ်ဖက်က ကျောက်ပတ်တီးက မောင့်ကိုမသက်မသာဖြစ်စေပုံရတယ်။
မောင့်မျက်လုံးတွေက လှုပ်ရှားမှုမရှိ မျက်နှာကြတ်အဖြူရောင်ဆီမှာ ငြိမ်သက်လျက်။
နဖူးက ပတ်တီးစတွေကို ခပ်ဖွဖွထိတွေ့မိတော့ မောင်က မျက်ရည်ဝဲရှာတယ်။
"နာသလား မောင်"
မောင် ပြန်မဖြေခဲ့။
"အကို...ဒီ အစ်မကို မှတ်မိတယ်မလား"
ထိုအမျိုးသမီးရဲ့ အမေးမှာ မောင်က ငြင်သာစွာခေါင်းငြိမ့်တယ်။
"နာမည် ဘယ်သူတဲ့လဲ အကို"
"လာဗင်ဒါ"
"ဒီအစ်မ နာမည်က ဆူး လေ။ အကိုပြောတော့ မှတ်မိတယ်ဆို။"
မောင်က သက်ပြင်းညင်းညင်းလေးချတယ်။ ကျွန်မ မျက်နှာကိုငေးတယ်။ ပြီးတော့ ပြုံးတယ်။ မျက်ရည်တွေလည်းကျတယ်။
"လာဗင်ဒါပန်းခင်းကြီးက လှရဲ့လား"
မောင်က ပြုံးရင်း ကျွန်မ အမေးကို ခေါင်းငြိမ့်ရှာတယ်။
"ခရီးတစ်ခုကို သူမှတ်မိနေတာ"
ထိုအမျိုးသမီးလေးက မျက်ရည်ဝဲလျက်...
"အော်...သူက ညီမကိုတော့ ဘာကြောင့်နဲ့မှ မမှတ်မိရှာဘူး။ အနည်းဆုံးတော့..."
မောင်ကတော့ မျက်နှာကြတ်ကိုငေးမြဲ...။
#way
YOU ARE READING
သူနှင့်ဆိုင်သော အစိတ်အပိုင်းများ
Romanceချစ်ရသူနှစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်း။ ဝတ္ထုတော့မဟုတ် သို့သော် စာစုအတိုများနဲ့ ဒဏ်ရာအသေးစားများ။ ထို့နောက် သေရာပါ အမာရွတ်များ။