[Unicode]
ဒေါက် ဒေါက် ဒေါက် …
“အာရုံစိုက်ပေးပါခင်ဗျ”
သူ့ရှေ့က စားပွဲပေါ် လက်နဲ့ခေါက်ပြီး ဆရာဝန်က သတိပေးသည်။ ဤသို့ သတိပေးရလောက်အောင် သူ့စိတ်တွေပျံ့လွင့်နေပြီ။
“သူ ကိုယ့်ကြောင့် သေရတာပါ။ အကုန်လုံး ကိုယ့်ကြောင့်ပါပဲ”
“ခင်ဗျားလက်နဲ့ ကိုယ်တိုင်သတ်လိုက်တာလား”
“ဟင့်အင်း အဲ့လိုတော့ မဟုတ်ပါဘူး”
“ဒါဆိုရင် နှုတ်နဲ့သေစေအောင် ကျူးလွန်ခဲ့သလား”
သူဖြည်းညှင်းစွာ ခေါင်းခါရမ်းလိုက်သည်။ နှုတ်နဲ့ သေစေနိုင်လောက်တဲ့အထိတော့ ထိုအချိန်က သူတစ်လုံးတစ်ပါဒမှ မပြောခဲ့ရိုး အမှန်ပါပဲ။ မဟုတ်သေးပါဘူး။ ပြောခဲ့တာပေါ့။ သေချာပေါက် နာကျင်သွားအောင် မကြာခဏ ပြောခဲ့မိသည်ထင်။ ဒါဆို နာကျင်သွားစေဖို့ရော ရည်ရွယ်ပါသလား။ ဘယ်ဟုတ်ပါ့မလဲ။ သူနာကျင်ပါစေဆိုပြီး ရည်ရွယ်ခဲ့တာမဟုတ်။
“ကိုယ့်နှလုံးသားက သူ့ကို သေစေဖို့ တွန်းအားပေးခဲ့မိတာပါ”
“ဘယ်လိုမျိုးလဲ ပြောပြနိုင်မလား”
“သူ့ကို အဝေးရောက်သွားအောင် တွန်းထုတ်မိနေခဲ့တယ်။ သူကိုယ့်နားမှာရှိရင် အဆင်မပြေဘူးလေ။ တကယ်တော့ အချစ်ခံရတာ သိပ်ပင်ပန်းပါတယ်”
စကားစဖြတ်ပြီး သူပြောနေတာ နားထောင်နေသလား တစ်ချက် မျက်လုံးလှန်ကြည့်သည်။ မျက်ခုံးအစုံ ပင့်မြှောက်သွားပုံအရ သူရူးနေတယ်လို့များ ထင်နေပြီလား။ အိုဟို ရူးနေလို့ ဒီကိုရောက်လာတာပဲလေ။ အရူးပါလို့ ကင်ပွန်းတပ်ခံရမှာ ကြောက်မနေတော့ပါဘူး။
“အချစ်ခံရတာ ပင်ပန်းပါတယ်။ သူပေးတဲ့အချစ်နဲ့ ထပ်တူကျ ပြန်မပေးနိုင်တဲ့အခါမျိုးမှာပေါ့”
“ခင်ဗျားကြောင့်သေတာတော့ လုံးဝမဟုတ်ပါဘူး။ ခင်ဗျားမှာ အပြစ်မရှိပါဘူး ဂျေ”
“ တကယ်ပဲ အဲ့လိုထင်သလား”
“ဒါပေါ့ဗျ”
ဒီလူယုံရပါ့မလား စူးစမ်းကြည့်သည်။ မျက်နှာထားက တင်းမာနေတာမျိုး မဟုတ်သော်လည်း နူးညံ့ညင်သာနေတယ်လည်း မဆိုသာ။ ဒီလိုမျက်နှာထားမျိုးကို တည်တံ့တယ်လို့ခေါ်မလား။ မျက်လုံးထဲ မျက်နှာတည်တဲ့သူကို မြင်ယောင်လာမိပြန်ပြီ။ ကြောက်စရာကောင်းလိုက်တာ။
“သူ ကိုယ့်ကို ခွင့်လွှတ်လိမ့်မယ်လို့ ထင်သလား”
“အဓိကက ခင်ဗျားကိုယ်ခင်ဗျား ခွင့်လွှတ်ရမှာပါ ဂျေ။ ခင်ဗျားမှာ အပြစ်မရှိကြောင်း ခင်ဗျားကိုယ်တိုင်က လက်ခံမှ ဝန်ထုပ်ဝန်ပိုးတွေ လျော့ပါးသွားမှာပဲ”
ဆွေးနွေးခန်းက အပြန် သူဆွေးနေခဲ့သည်။သည်နေ့က ခရစ္စမတ်နေ့။ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၄နှစ် သည်လို ခရစ္စမတ်နေ့မှာပဲ သူ့ကိုစတွေ့ခဲ့သည်။ ဒါဟာ ကံကြမ္မာဆိုးတစ်ခုပဲလား။ မဟုတ်ဘူး သူ့ကို ကံကြမ္မာဆိုးလို့ လုံးဝ မသတ်မှတ်ချင်ပါ။
ထိုနေ့က နှင်းမိုးရွာနေခဲ့သည်။ မေးရိုးတွေ တခိုက်ခိုက်တုန်သည်အထိ ချမ်းအေးလွန်း၏။ ကုန်တစ်ဝက်ပါလာသော ဒိုင်နာကားထဲတွင် သူတစ်ယောက်သာရှိနေခဲ့သည်။ ပူတာအို မရောက်မီ ကားကတုံ့ခနဲ ရပ်သွား၏။ ခဏအကြာ ကားပေါ် လူတစ်ယောက်တက်လာသည်။ သူက တစ်ချက် ဝေ့ဝဲကြည့်ပြီး ဂျေ့ဘေးနားလာထိုင်သည်။ ကိုယ့်အပူနှင့်ကိုယ်မို့ စကားမပြောချင်၍ တဖက်လူ စကားလာပြောမှာ စိတ်ပူသည်။ သို့သော် တစ်ဖက်လူက ဘာမှကိုမပြောချေ။
နှင်းမိုးတွေက တစ်ချက်တစ်ချက် လာရောက်ဖြန်းပက်နေပြီး လေတိုးလွန်းသော ဒိုင်နာကားထဲတွင် သက်ပြင်းသံ အကျယ်ကြီး ကြားလိုက်ရသည်။ ဒါ ဂျေ့ဆီကလား။ မဟုတ် ဘေးနားထိုင်တဲ့သူဆီက ထွက်လာခြင်း။ ညှိုးငယ်နွမ်းလျကာ ခြေထောက်အောက်က ကုန်စိမ်းအိတ်တွေကိုသာ စိုက်ကြည့်နေသောသူသည် ဂျေ့ထက်ပိုပြီး စိတ်ဆင်းရဲနေပုံပေါ်သည်။ သည်လောက် ချမ်းအေးနေတဲ့ ကချင်ပြည်နယ်ရဲ့ ဆောင်းရာသီတစ်နေ့မှာ ရှပ်လက်ရှည်နဲ့ ဂျင်းဘောင်းဘီရှည်ကိုသာ ဝတ်ထားသည်။ သည်လောက် ရာသီဥတုဆိုးနေတာကိုရော သူသိပါရဲ့လား။ ဂျေ အနွေးထည်နှစ်ထည်ပေါ်က ထပ်ခြုံထားတဲ့ ချည်စောင်အထူကြီးကို ဆွဲဖယ်ပြီး သူ့ခန္ဓာကိုယ်ပေါ် လွှမ်းပေးလိုက်သည်။ နွေးမသွားရင်တောင် အနည်းဆုံး အအေးဓာတ်တွေ လျော့ပါးသွားပါစေလေ။ နှလုံးသားထဲက ပူလောင်နေသော်ငြား ခန္ဓာကတော့ ရာသီဥတု၏ အအေးဓာတ်ကို ခံစားနေရပေဦးမည် မဟုတ်လား။
“ ဒါလေးခြုံထားလိုက်ပါ။ မင်းကိုကြည့်ရတာ သိပ်ချမ်းမယ့်ပုံပဲ”
“ Chyeju Kabar Sai”
ထိုအချိန်က ဂျေပြောတဲ့စကားတွေကို ကျေးဇူးတင်ပါတယ် တစ်ခွန်းထဲနဲ့ တုံဏှိဘာဝေ တုံ့ပြန်ခဲ့သော်ငြား နောက်ပိုင်းတွင် သူဟာ စကား အလွန်များတတ်သူဖြစ်ကြောင်း သိခဲ့ရသည်။
ထိုနေ့က ဂျေကွာရှင်းတဲ့နေ့ဖြစ်ပြီး သူ့အမေ ကွန်လွန်တဲ့နေ့လည်း ဖြစ်သည်။ ထို့နောက် မြု့ပြင်တစ်နေရာတွင် သူနဲ့ပြန်ဆုံခဲ့သည်။ သူကလုံးဝ မမျှော်လင့်ဟန် အံ့ဩသွားပြီး ပထမတစ်ခေါက်တွေ့ဆုံခြင်းနဲ့မတူဘဲ ရွှင်ရွှင်ပျပျ ပြုံးပြသည်။
နှင်းရေစိုစွတ်နေတဲ့ မြေပြင်ပေါ်ထိုင်ချ ပုလင်းထဲက အဖြူရောင်အရည်တွေကို မကြာခဏ သောက်နေသည်။ အရက်လည်းမဟုတ်။ ဘာတွေလဲ ဂျေသိချင်လာ၍ ဒုတိယအကြိမ် ဂျေ့ဘက်ကစပြီး သူ့ကို စကားစမြည်ပြောခဲ့သည်။
“အဲ့ဒါဘာလဲ”
“ခေါင်ရည်လေ။ ခေါင်ရည်တည်ရတာတော့ ဒီလိုမဟုတ်ဘူး။ ကျွန်တော်က သယ်ရလွယ်ကူအောင် ဒီလိုထည့်လာတာ။ သောက်ကြည့်မလား အချမ်းပြေတယ်”
“ဪ တော်ပါပြီ”
“ကျွန်တော့်နာမည် မရန်ဆိုင်းနော် ပါ”
“ငါ့ကို ဂျေလို့ ခေါ်လို့ရတယ်”
ထိုနေ့က သူနဲ့ဂျေ စကားတွေအများကြီး ပြောဖြစ်ခဲ့သည်။ သူ ဧဝရက်တောင်ထိပ်ပေါ် ရောက်နေချိန်မှာ သူ့အမေဆုံးပါးသွားကြောင်း မချိတင်ကဲ ရေရွတ်ပြောဆိုနေခဲ့သည်။ ဂျေကရော…။ ကွာရှင်းလိုက်မိတဲ့ အိမ်ထောင်ဖက်ဟောင်းနဲ့ ၄နှစ်အရွယ် သမီးလေးအကြောင်းပဲ ပြောခဲ့တာ ဖြစ်မှာပေါ့။
“ကျွန်တော်က တကယ့်ကို သားသမီးဆိုးပါပဲ ဂျေ ရာ”
“မင်းကသာ သားသမီးဆိုးဆိုရင် ငါက မိဘဆိုးပေါ့။ လူတွေက အမြဲကောင်းနေတာမျိုး မဟုတ်ပါဘူး”
“သားသမီးစောင့်ရှောက်ခွင့်မရလို့ နောင်တရနေလား”
“ငါ သမီးကို ပျိုးထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိပါဘူး”
“ဂျေ”
“အေး…”
“တတိယအကြိမ် ပြန်တွေ့ကြရင် ကျွန်တော် ခင်ဗျားနားမှာ နေလို့ရမလား။ ဒုက္ခမပေးဘူးလို့ အာမခံပါတယ်”
ထိုအချိန်ကသာ ခေါင်းငြိမ့်လက်ခံခြင်း မပြုခဲ့လျှင် သူတို့ကံကြမ္မာက လွဲဖယ်သွားနိုင်မလား။ သူလည်း ကမ္ဘာပတ်ပြီး တောင်တွေတက်။ ဂျေလည်း အလုပ်မှာပဲ စိတ်နှစ်ထားပြီး အချိန်ကုန်သွားရမှာ။
သူနဲ့စကားပြောခဲ့သည့် ခရစ္စမတ်ညမှာပဲ ဂျေတည်းတဲ့အိမ်ရှေ့မှာ ခရစ်ယာန်အသင်းက လူငယ်တွေ သီချင်းလာဆိုကြသည်။ လူဆယ်ယောက်ကျော်ကြားက ဂစ်တာတီးနေတဲ့သူ့ကို မြင်မြင်ချင်း အံ့ဩရသည်။ သူသည်လည်းပဲ အံ့ဩနေပုံပါ။
“တတိယအကြိမ်မြောက် တွေ့ဆုံခြင်းပဲနော် ဂျေ”
ဒေသသံမပျောက်သေးတဲ့ ကချင်ကောင်လေးရဲ့ စကားဝဲဝဲလေးက ခရစ္စမတ်ညရဲ့ ကောင်းချီးတေးသံတွေထက်ပင် ပိုမိုချိုမြနေသယောင်။ ထိုညက သူ့အဖွဲ့နဲ့ ဆက်လိုက်မသွားဘဲ ဂျေနဲ့ နေခဲ့သည်။ ဂျေသိလားဟု အစချီပြီး ဂျေမသိသောအကြောင်းများကို ကရားရေလွှတ် တောက်လျှောက်ပြောတော့သည်။ ထိုညက ဂျေ တစ်ခုသိခဲ့သည်။ သူ့အနား ရှိနေချိန်တွင် ဂျေစိတ်ရှုပ်သမျှ၊ စိတ်ပင်ပန်းသမျှ အရာရာ မေ့ပျောက်သွားသည်ပင်။ ဂျေ့အနားတွင် သူ့ကို လိုအပ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချမိခြင်းသည်က ဂျေလုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားများ ဖြစ်နေမလား။
ထိုညကစပြီး သူက ဂျေနှင့်အတူ ရန်ကုန်လိုက်လာသည်။ အတူနေသည်။ အတူနေသည်ဆိုသော်ငြား ဂျေ့အိမ်အနောက်ဘက်က တန်းလျားဆောင်မှာ ညအိပ်တာမျိုး၊ တစ်လမှာ ရက်၂၀ လောက် ခရီးထွက်ပြီး တောင်တက်နေတာမျိုးပါ။ ဂျေ ကျွေးမွေးထားရသည်လည်း မရှိ၊ ထောက်ပံ့ရသည်လည်းမရှိ။ သူကလည်း အိမ်ငှားခရယ်လို့မပေး။ ဂျေတို့ ဆက်ဆံရေးကို ဘယ်လို ခေါင်းစဉ်တပ်ရမှန်းကို မသိပါ။ မိသားစုလည်း မဟုတ်။ အလုပ်ရှင်နဲ့ အလုပ်သမားလည်း မဟုတ်။ အိမ်ရှင်နဲ့ အိမ်ငှားလည်း မဟုတ်။ မြွေမြွေချင်းခြေမြင် ဆိုတာမျိုးပေါ့ ဂျေဘယ်လိုခံစားရလဲ သူဘယ်လိုခံစားရလဲ ဆိုတာကိုတော့ ထုတ်မပြောဖြစ်ပေမယ့် သိနေကြသည်။
သူနှင့်ဂျေက ဘယ်နေရာမှမတူ သူက တောင်တက်အားကစားကို ခုံမင်သည်။ ဘယ်လောက်မြင့်တဲ့တောင်ကိုမဆို ခြေဖဝါးအောက်ရောက်သွားသည်အထိ တက်နိုင်သည်ဟူ၍ ဂုဏ်ယူနေသူ။ တိမ်ပင်လယ်က အလှဆုံးဟု ကြွေးကြော်တတ်သည့် စိတ်ကူးယဉ်ဆန်သူ။ ဂျေက ကုမ္ပဏီ အလုပ်စားပွဲပေါ်က စာရင်းစာရွက်တွေနဲ့သာ နပန်းလုံးပြီး အမြတ်ငွေကိုသာ တွက်ချက်တတ်သည့် လက်တွေ့ဆန်သူ။ သို့သော် နိုင်ငံပေါင်းစုံမှ သူပို့လိုက်သော ပို့စကဒ်များကိုတော့ ထူးဆန်းစွာ အမြတ်တနိုး သိမ်းဆည်းထားမိသည်။
သူက တောင်တက်ခရီး ဘယ်လောက် ကြမ်းတမ်းကြောင်း၊ အန္တရာယ်များကြောင်း စိတ်လှုပ်ရှားစရာကောင်းကြောင်း ရွှန်းရွှန်းဝေအောင် ပြောနေသည့်အချိန်မှာ ဂျေက ထိုအင်အားတွေကို လုပ်ငန်းမှာ အသုံးချသင့်ကြောင်း၊ မွေးရပ်ဒေသ စည်ပင်လာအောင် ဘယ်လိုထောက်ပံ့ကူညီသင့်ကြောင်း ပြန်ပြောမည်။
သူတို့နှစ်ယောက် ငြင်းခုံကြတိုင်း အဆုံးသတ်မှာ အလျှော့ပေးသူက ဂျေမဟုတ်ခဲ့။ သူကစကားဝိုင်း၏ အဆုံးသတ် စကားလုံးကို Nang Phe Ngai Tsawra ai ဖြင့် ပိတ်ကားချမြဲ။ သမီးလာလည်သည့်နေ့တွေမှာတော့ 'စောရအိုင် ဂျေ’ ဆိုတာ ဘာကိုဆိုလိုတာလဲ အန်ကယ် ဟု မေးတတ်သည်။ သူက 'တောင်ပေါ်လိုက်ခဲ့ချင်လား' မေးတာဟု ပြန်ဖြေသည်။ ဟုတ်သည် သမီးကသူ့ကို မိဘအရင်းဖြစ်သည့် ဂျေ့ထက်ပင် ပိုမိုခင်တွယ်သည်။ တစ်လတစ်ခါ သမီးကို ဂျေ့ဆီ အကြိုအပို့ လုပ်သူမှာ သူသာဖြစ်သည်။ ဘယ်နိုင်ငံရောက်နေနေ လစဉ်၂၃ရက်မတိုင်ခင် အိမ်ပြန်လာတတ်သည်။ ခရစ္စမတ်ကိုတော့ သူအနှစ်သက်ဆုံးဖြစ်သည်။ ဂါဝန်နီနီဝတ်ထားတဲ့ သမီးက ဆန်တာကလော့ဝတ်စုံ ဝတ်ထားသော သူ့ဆီမှာသာကပ်သည်။
ထိုနေ့က သူနဲ့တွေ့တာ ၂နှစ်တင်းတင်းပြည့်သည့်နေ့။ ရောင်စုံမီးကြိုးများကို သမီးလက်ညှိုးညွှန်ရာ သူချိတ်ဆွဲပေးနေသည်။ မှိတ်တုတ်မှိတ်တုတ်မီးလင်းသည့် ခေါင်းစွပ်နီနီကလေးနှင့် သမီးက အစွမ်းကုန်ချစ်ဖို့ကောင်းနေသည်။ သူတီးခတ်နေသည့် ဂီတာသံစဉ်နှင့် စီးမျော ကခုန်နေသော သမီးငယ်လေး၊ သည်အခြေအနေကို ရပ်ကြည့်နေရင်း ဂျေ အချိန်တွေကို ရပ်တန့်လို့ရရင် ၏ရပ်တန့်ပစ်ချင်သည်။
“ဂျေ …”
“အင်း”
“ကျွန်တော့်ကို အခွင့်အရေးမပေးတော့ဘူးလား”
“ဒီတိုင်းပဲ အဆင်ပြေနေတယ်လေ။ မင်းက ဘယ်လိုဖြစ်ချင်နေတာလဲ”
“လူတွေသိမှာ ကြောက်နေတာမလား”
“အဲ့ဒါလည်းပါတာပေါ့။ ငါ့ပခုံးပေါ်မှာရှိတာ ငါ့သမီး ငါကိုင်တွယ်နေရတဲ့ ကုမ္ပဏီ ငါ့လက်အောက်က အလုပ်သမားပေါင်းများစွာ။ ငါ့ခံစားချက်ကို မင်းနားမလည်နိုင်ပါဘူး။ ပြီးတော့ မင်းက ဘာကိုမှမတွယ်တာတတ်တဲ့ လေလွင့်နေတဲ့သူတစ်ယောက်ပဲလေ”
သူ့ဆီက ဘာတုံ့ပြန်မှုမှ ပြန်မလာ။ ဂျေ သူ့ဘက်လှည့်ကြည့်တော့ သူ့မျက်ဝန်းက စိုလဲ့နေသည်။ သူ မျက်ရည်ဝဲနေတာလား။ ဂျေမကြိုက်တာ အဲ့ဒါတွေပဲ။ အခုအခြေအနေမှာလည်း အားလုံး ပျော်ရွှင်နေတာပဲလေ။ တစ်လတစ်ခါ သမီးလာလည်မယ် သူလည်းပြန်လာမယ်၊ ဂျေက သူတို့မရှိတဲ့ ရက်တွေမှာ အလုပ်ကို အင်တိုက်အားတိုက်လုပ်ပြီး လကုန်ရက်တွေမှာ သူတို့နှစ်ယောက်နဲ့ အချိန်ကုန်ရဖို့ ကြိုးစားမည်။ ပါးစပ်က ချစ်တယ်လို့ ဖွင့်မပြောရုံကလွဲပြီး သူတို့အပေါ် ချစ်ချင်းမေတ္တာ အပြည့်ရှိနေတာကို သူမသိဘူးလား။ အခုရော မိသားစုနဲ့မတူလို့လား။
“ဘယ်သူ့ကိုမှ မပြောလို့ရပါတယ်။ ဒါပေမယ့် ဂျေ ကျွန်တော်တို့ သမီးကို ဖွင့်ပြောကြမလား။ အနည်းဆုံး သမီးကတော့ သိသင့်…”
သူက ဂျေ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပြောလက်စ စကားလုံးတို့ ရပ်တန့်သွားသည်။ ဂျေ ဘာပြန်ပြောရမည်လဲ။ ထိုအချိန်ကတော့ ဂျေ သူပြောမည့်စကားတို့ကို ကြောက်လန့်နေခဲ့သည်။ သူပြောသမျှ ပြုံးပြီးကြည့်နေနိုင်တော့တဲ့ အခြေအနေလည်း မဟုတ်။
“သမီး စိတ်ထဲခုသွားမှာကို ငါလက်မခံနိုင်ဘူး။ ငါက ကောင်းတဲ့မိဘတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘဆိုးတော့ မဖြစ်ချင်ဘူး”
“ဂျေက ဒီလိုဆုံးဖြတ်မယ်ဆိုတော့လည်း ကျွန်တော် ဘာမှမပြောတတ်တော့ပါဘူး”
ထိုနေ့ကစ၍ သူ့ကို လုံးဝမမြင်မတွေ့ရတော့ပေ။ လကုန်ရက်တိုင်းမှာ သူ့အစား မတူညီသော ပို့စကဒ်လေးတွေသာ ရောက်လာခဲ့သည်။ တစ်ခါတစ်ရံ Fuji တောင်ပေါ်မှာ၊ တစ်ခါတစ်ရံ အာဖရိကမှာ တစ်ခါတစ်ရံ သူဘယ်တောင်ပေါ်ရောက်နေမှန်းမသိ။ ကိုယ့်နိုင်ငံ တောင်တက်အဖွဲ့တွေနဲ့ သွားသလို၊ သူနဲ့ရင်းနှီးတဲ့ တခြားနိုင်ငံက တောင်တက်သမားများနှင့်လည်း သွားတတ်သည်။
“ချစ်လှစွာသော ဂျေ
ဒီတစ်ခေါက် တက်မယ့်တောင်က ကြမ်းတမ်းခက်ခဲမှာမို့ လအနည်းငယ်လောက် ပို့စကဒ်တွေ ပို့ဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။ Email ပို့ဖို့လည်း မသေချာတော့ဘူး။ အစားမှန်မှန်စားပါ။
မင်းရဲ့/မရန်ဆိုင်းနော်
သည်စာကို ဂျေ ဖတ်နေတာ တစ်မနက်လုံး ရှိပြီ။ ဇွန်လကတည်းက ပို့လိုက်သည့်စာက အခု ဩဂုတ်လရောက်နေပြီ။ ဇူလိုင်လကတည်းက သူ့ဆီ Email ပို့ခဲ့သော်လည်း သူ့ဘက်က ဘာမှမတုံ့ပြန်ပေ။ သမီးကလည်း “ခရစ္စမတ်ကျရင် အန်ကယ် လာမှာလား” ဟု တွင်တွင်မေးနေပြီ။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူမရှိမှသိရသည် ဆိုသည်မှာ တကယ် မှန်ပါရောလား။ ဂျေ့ဘဝရဲ့ အကြီးမားဆုံးကျဆုံးချိန်တွင် ဘေးနားမှာသူမရှိ။ သူရှိရင်ရော ဘာတွေများ ပြောင်းလဲသွားမှာလဲ။ အနည်းဆုံး သူ့မေတ္တာတွေက ထွက်လာတဲ့ အနွေးဓာတ်တော့ရလိမ့်မှာပေါ့။
“ဂျေ…”
သူ့အကြောင်းတွေးနေတုန်းမှာပဲ သူက ဂျေ့ရှေ့ကို ရောက်လာခဲ့သည်။ အေးစက်နေတဲ့ ကော်ဖီခွက်ကိုင်ထားတဲ့ ဖရိုဖရဲ ဖြစ်နေသည့် ဂျေဆီကို သူက ကျော့မော့ရှင်းခန့်စွာ ရောက်လာခဲ့သည်။ စိတ်ထင်တာများလား။ ဘုရားသခင်က သနားသောအားဖြင့် ဂျေ့ဆီလွှတ်လိုက်တဲ့ နတ်သားများလား။
“ဆိုင်းနော် လား”
သူကဘာမှပြန်မဖြေ။ လက်နှစ်ဖက်ကို ဖြန့်ကားလျက် ကြိုဆိုသည်။ စိတ်ကူးပဲဖြစ်ဖြစ် အမှန်တကယ်ဖြစ်ဖြစ် အငွေ့အသက်လေးဆိုရင်တောင် သည်ရင်ခွင်ကျယ်မှာ ဂျေ ခဏတော့ ခိုနားမိချင်သည်။ တဆိတ်လောက်… ဒီခဏတာမှာ ငါရူးသွပ်မိုက်မဲပါရစေ။
“ငါကျရှုံးသွားပြီ။ ငါ့လက်နဲ့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဖန်တီးထားတဲ့ ကုမ္ပဏီကို ငါလက်လွှတ်လိုက်ရတော့မယ် ဆိုင်းနော်”
နွေးထွေးကျယ်ပြန့်သော ရင်ခွင်ကျယ်ကြီးကို တင်းတင်းကြပ်ကြပ်ဖက်တွယ်၍ ကလေးတစ်ယောက်လို သူ့ဆီ တိုင်တန်းနေမိသည်။ သူက ဂျေ့ခန္ဓာကိုယ်ကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်လေသည်။ ဆိုင်းနော်က အေးစက်သွားတဲ့ ကော်ဖီတစ်ခွက်လိုပဲ သွန်ပစ်ရမှာလည်း နှမြောစရာကောင်းသည်၊ အရသာကို မြည်းစမ်းကြည့်ဖို့လည်း မဝံ့ရဲ။
“ဂျေ ကျွန်တော်နဲ့ တောင်ပေါ်အတူတက်ချင်လား။ စိတ်ပြေလက်ပျောက်”
ဂျေ ခေါင်းညိတ်မိသည်။ သူ့အနားမှာ ရှိခွင့်ရဖို့ တခြားဘယ်နည်းလမ်းမှာမရှိ။ ဂျေ ဘာများတတ်နိုင်မှာလဲ။ တဖြည်းဖြည်း သူ့အနား တိုးကပ်ကြည့်ရုံပေါ့။
သူနဲ့အတူသွားဖို့ဆုံးဖြတ်ပြီးနောက် သူနဲ့ ပထမဆုံးအကြိမ် gym သွားရသည်။
“တောင်ပေါ်နဲ့ ဒီဘက်က လေဖိအားက မတူဘူး ဂျေရ။ training mask နဲ့ လေ့ကျင့်ယူရမယ်။ အမောခံနိုင်ဖို့ ကြံ့ခိုင်ဖို့ ပြီးတော့ တောင်ပေါ်တက်နိုင်ဖို့ မတက်ခင် training လုပ်ကိုလုပ်ရမယ်။ ဘာနဲ့တူသလဲဆိုတော့ ဂျေ့ကုမ္ပဏီ မဖြစ်လာခင် ဂျေကြိုတင်ပြင်ဆင်မှုတွေ လုပ်ရသလိုပေါ့”
သူ တက်တက်ကြွကြွ ရှင်းပြတာကို နားထောင်ပြီး ပြုံးနေမိသည်။ သူနဲ့အနီးကပ် ရှိနေတာတောင် ထပ်တိုးကာ လွမ်းရသည်။ ဂျေ ဘာလို့များ သူ့ကို အဝေးတွန်းထုတ်မိနေခဲ့တာလဲ။
တစ်ခါတစ်ရံ gymကို သမီးလိုက်လာသည့် နေ့များမှာတော့ သူက သမီးနားပဲကပ်နေပြီး မရိုးနိုင်တဲ့ တောင်တန်းတွေအကြောင်း တိမ်ပင်လယ်တွေအကြောင်း ပြောပြလေ့ရှိသည်။
“အန်ကယ်က ဘာလို့ တောင်အမြင့်ကြီးတွေပေါ် တက်တာလဲဟင်”
“ကောင်းကင်ဘုံနဲ့ နီးလို့ပေါ့။ တောင်ပေါ်က မတော်တဆပြုတ်ချခဲ့ရင်လည်း ဘုရားသခင်ဆီ တန်းရောက်သွားရော”
“မရန်ဆိုင်းနော်…ကလေးကို မဟုတ်တာတွေမပြောနဲ့။ ကလေးဆိုတာ လူကြီးပြောသမျှ မှတ်ထားတယ် ဆိုတာ မသိဘူးလား”
ထိုအချိန်က နည်းနည်းပိုဆူခဲ့သင့်တာ။ မဟုတ်ဘူး အများကြီး ဆူခဲ့ရမှာ။ ကလေးသာမက လူကြီးသည်လည်း ပြောသမျှ မမေ့ပျောက်တတ်ပါ။
တောင်တက်ဖို့ဝတ်စုံတွေကို သူကပဲဝယ်ပေးသည်။ ဂျေ training လုပ်ရင်း အချိန်တွေကုန်ဆုံးကာ စိတ်ပျက်အားလျော့မှုတွေ မကျေနပ်မှုတွေ ယူကျုံးမရဖြစ်မှုတွေ အားလုံး မေ့မေ့ပျောက်ပျောက် ရှိလာသည်။
ဘယ်တော့မှ မပေ့ပျောက်နိုင်တဲ့ ဒီဇင်ဘာလရဲ့ နေ့တစ်နေ့…။
ဂျေ training တွေလုပ်ပြီး အနိမ့်ပိုင်း တောင်တွေကို တက်ကြည့်ခဲ့တာ တစ်နှစ်ကျော်ရှိခဲ့တဲ့ အချိန်။ ဂျေ သူနဲ့ ရေခဲတောင် တက်ကြဖို့ ဆုံးဖြတ်ချက် ချပြီးတဲ့အချိန်။
အစက သာမန် ပေ၆၀၀၀၊၇၀၀၀ဝန်းကျင် တောင်ကိုတက်ဖို့ စီစဉ်ထားပေမယ့် ခါကာဘိုရာဇီတက်မည့် အဖွဲ့ထဲကတစ်ယောက် ကျန်းမာရေးမကောင်းသောကြောင့် သူကအစားထိုး လိုက်ရမည်။
“တစ်လကျော်ကြာမယ့်ခရီးဖြစ်နိုင်တယ် ဂျေ။ ပြန်လာမှပဲ သွားကြတာပေါ့”
“ငါလည်းလိုက်ချင်တယ် ဆိုင်းနော်။ တိမ်တွေ ခြေထောက်အောက်ရောက်နေတာကို ငါလည်းမြင်ချင်တယ်”
မရန်ဆိုင်းနော်က အကြိမ်ကြိမ်ငြင်းပေမယ့် နောက်ဆုံးမှာ အနိုင်ရလိုက်သူက ဂျေပဲဖြစ်သည်။ ဇွတ်အတင်း အနိုင်ယူပြီး သူ့နားရှိချင်နေခဲ့တာကို နောင်တရတာပေါ့။ တကယ်လို့ ဂျေသာ အတင်းတွယ်ကပ်မနေခဲ့ဘူးဆိုရင် ကံကြမ္မာက ပြောင်းလဲကောင်း ပြောင်းလဲမည်ဟု မျှော်လင့်ပြီး အကြိမ်ကြိမ် အလီလီ နောင်တရနေဆဲပါပဲ။
ပူတာအိုကို ဒုတိယအကြိမ်မြောက် ရောက်ခဲ့တော့ အရင်လောက်အေးမနေတော့ပါ။ ဂျေ့ဘေးနားမှာ အနွေးဓာတ်လေး တစ်ခုကို အမြဲခံစားနေရသည်။ ပူတာအိုကနေ မိုင်ပေါင်းများစွာဝေးတဲ့ base camp ရွာကို ခက်ခဲကြမ်းတမ်းစွာ သွားရသည်။ ခါကာဘိုရာဇီ မရောက်မီ မျှော့တွေ၊ ကျွတ်တွေ၊ မြွေတွေ ပေါသည့် တောအုပ်ကို ဖြတ်ရပေဦးမည်။ တောထဲမဝင်မီ ရွာမှာ သူတို့ပြောတာကြားပြီး ကြက်သီးထမိသည်။ ဂျေလိုက်ခဲ့တာ များမှားပြီလား။ မဟုတ်တာ ဘာကြောက်စရာရှိလဲ ဘေးနားမှာ ဆိုင်းနော် ရှိနေမှာပဲ။
YOU ARE READING
တိမ်ပင်လယ်ထဲက နှင်းဒဏ္ဍာရီ
Romanceတောင်တက်သမားကောင်လေးတစ်ယောက်နဲ့ အိမ်ထောင်ပြိုကွဲထားတဲ့သူတစ်ယောက် တွေ့ကြသည့်အခါ ...... ရေခဲတောင်ပေါ်က ခရီးတစ်လျှောက်မှာ ဖွဲ့သီထားတဲ့ ချစ်မေတ္တာကြိုးတစ်ချောင်း ...... ဖတ်ပြီးရင် နောင်တမရစေရဘူးလို့ အာမခံပါတယ် 💙 ဒီဝတ္တုတိုလေးဖတ်ရင်း ရေခဲတောင်ဆီက အအေးဓာ...