ပထမနှစ် အောင်စာရင်းတွေ ထွက်တော့ သူရော ကျွန်မရော အောင်ပါတယ်။ အပြန်အလှန် စာတွေ ပို့ကြပြီး ပျော်နေတုန်းမှာပဲ ဝမ်းနည်းစရာအကြောင်းတစ်ခု သူပြောပါတယ်။ သူ မေဂျာရွေးပြီးပြီတဲ့။ ကျွန်မ မလိုချင်တဲ့ မေဂျာကို သူရွေးထားတာပါ။ ကျွန်မလည်း သူ မကြိုက်တာကို အတင်းရွေးဖို့ မတိုက်တွန်းမိပါဘူး။
ကျောင်းစဖွင့်တဲ့နေ့ ကျွန်မ သူ့ဆီ အရင်ဖုန်းဆက်မိတယ်။ သူ ကျောင်းရောက်နေပြီဆိုတော့ ကျွန်မလည်း အပြေးပေါ့။ သူက မေဂျာတူ သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်။ ကျွန်မကို မြင်ဝောာ့ အားရဝမ်းသာနဲ့ ပြောတာက "ငါတို့အခန်းချင်းကပ်လျက်ပဲ" တဲ့။ ဟုတ်ပါတယ်။ ပျော်လိုက်တာဆိုတာ တကယ်ပါ။ ကျောင်းစဖွင့်တဲ့ရက်မှာ ထုံးစံအတိုင်း စာမသင်ရတော့ ကျောင်းကြီးကို တစ်ပတ် ပတ်တယ်။ မောသွားတော့ ထောင့်တစ်နေရာမှာ ထိုင်ရင်း သီချင်းနားထောင်ကြတာပေါ့။
"စာသင်ချိန်တစ်ချိန်ပြီးတိုင်း ဒီလို တွေ့လို့ရတယ်၊ အဲ့ဒါ ဝမ်းသာ" လို့ သူပြောပါတယ်။ ဒါပေမယ့် နောက်ရက်တွေ မတွေ့ဖြစ်တာ များလာတယ်။ သူလည်း ခင်ရာဆွေမျိုးဖြစ်ပြီး ကျွန်မလည်း အခန်းဖော်သူငယ်ချင်းတွေနဲ့ ထမင်းမြိန်မြိန်စားတတ်လာပါတယ်။ ပထမနှစ်က သူကြော်ကျွေးဖူးတဲ့ ပဲပင်ပေါက်များများနဲ့ ကြက်ဥကြော်ကိုလည်း သူနဲ့ တွေ့တိုင်း ပူဆာတတ်ပေမယ့် ပူဆာရုံပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူ့ကို သတိရတယ်။ အခန်းရှေ့က ဖြတ်သွားတတ်တဲ့သူက ကျွန်မကို မတွေ့တွေ့အောင်ရှာပြီး ပြုံးပြတတ်တယ်။ သူ့အပြုံးတွေက ကျွန်မအတွက် မရှိမဖြစ်ပါပဲ။ တစ်ရက်တစ်လေတော့ ကျွန်မ သူ့အခန်းကို သွားလည် နေကျ။ အတန်းနားချိန် နောက်ဆုံးခုံတန်းမှာ စကားတွေ ပြောရင်း စာကြည့်ရင်းပေါ့။ မေဂျာ မတူပေမယ့် IELTS ကတော့ တူတယ်လေ။ စာသင်ရတာ အဆင်မပြေတဲ့အကြောင်း၊ အပေါင်းအသင်းတွေနဲ့ အမြင်မတူကြောင်းတွေ ကျွန်မ ပြောရင် ရယ်နေတတ်ပြီး "ငါနဲ့ကျ ဘာလို့ အဆင်ပြေလဲ" တဲ့။ ကျွန်မလည်း မသိပါဘူး။ ကျွန်မ စိတ်ညစ်ရင် သူ့ပုခုံးပေါ်မှီပြီး စကားတွေ ဖောင်ဖွဲ့နေတတ်တယ်။ သူကတော့ စာကြည့်မပျက်ပါဘူး။ "ဘာလို့ ကျောင်းစာအမြဲ ကြည့်နေလဲ" မေးတော့ "ငါတို့သင်ရတာတွေက နင်တို့လို မလွယ်ဘူး" တဲ့။
YOU ARE READING
follow your heart, little jess
Short Storylife ain't always good but it always gives a truth