Make a Wish!

10 1 0
                                    

သူငယ်ချင်းသံယောဇဉ် မပါတဲ့ အချစ်တစ်ခုဟာ သဲသောင်ပြင်ပေါ်မှာ ဆောက်ထားတဲ့ အခြေမခိုင်တဲ့ ရဲတိုက်တစ်ခုလိုပါပဲ။
~Ella Wheeler Wilcox
ကျွန်မဟာ ကောင်လေးတွေနဲ့ပက်သက်လာရင် ဘယ်တုန်းကမှ ကံကောင်းတယ်ဆိုတာမရှိခဲ့ဘူး။ လူဆိုးလေးတွေ၊ ခပ်ပွေပွေလေးတွေ ဒါမှမဟုတ် ဘာကိုမှသိပ်အလေးအနက်မထားတတ်တဲ့ ခပ်ပေါ့ပေါ့လေးတွေနဲ့ပဲ ချာချာလည်နေတော့တာ။ ကျွန်မအသည်းနှလုံးတစ်ခုလုံးနဲ့ စိတ်ရောကိုယ်ပါ ပုံအပ်မိသမျှတွေဟာ နောက်ဆုံးတော့လည်း သဲထဲရေသွန်ဖြစ်ရတာချည်းပဲ။ ကျွန်မဟာ အမြဲတမ်းလိုလို ရသင့်တာထက် ပိုပေးနေရတဲ့လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ကျွန်မက အထီးကျန်တတ်တဲ့သူလို့ ရှင်တို့ထင်ချင်ထင်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်မဘဝထဲရောက်လာတဲ့သူတိုင်းကို အလွယ်တကူ တွယ်ကပ်မိနေသလိုပဲ။ ကျွန်မအနားမှာရောက်နေတဲ့သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်မနားလည်ဖို့တောင် အချိန်မရလိုက်ဘူး။
သူ့နာမည်က Ashton တဲ့။ ကျွန်မထက် တစ်နှစ်ငယ်တယ်လေ။ ကျွန်မတို့လမ်းထဲမှာပဲနေပြီး တကယ်ချစ်ဖို့ကောင်းတဲ့ကောင်လေးရယ်။ တကယ်လို့ ကျွန်မ တစ်ယောက်ယောက်နဲ့ အပြင်ထွက်လည်ရတော့မယ်ဆို သူ့ကိုပဲ အမြဲခေါ်သွားလေ့ရှိတယ်။ ကျွန်မအနေနဲ့တော့ သူ့ကို အကောင်းဆုံး ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ အမြဲသတ်မှတ်ထားခဲ့တာ။ ဘယ်တုန်းကမှ ဒီ့ထက်မပိုခဲ့ဘူး။ ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်တွေရောက်လာပြီး ကျောင်းတွေပိတ်တော့ သူနဲ့ကျွန်မနဲ့လည်း ခွဲမရအောင် တတွဲတွဲဖြစ်လာခဲ့တော့တာပဲ။ ကျွန်မတို့နှစ်ယောက်လုံးရဲ့ အချစ်ဆုံးသူငယ်ချင်းမလေး Stacey ကတော့ အရှိကိုအရှိအတိုင်းပြောတတ်တဲ့ သူ့ရဲ့ဝသီအတိုင်း ကျွန်မတို့ရဲ့ ခိုင်မြဲလွန်းတဲ့ သူငယ်ချင်းဆက်ဆံရေးကို မရိုးမရွ ဖြစ်နေပြီလေ။
တစ်နေ့မှာ Stacey က ပြောလာတယ်။ "ဟဲ့၊ လုပ်စမ်းပါ Jess ရယ်၊ နင် သူ့ကို သဘောကျနေမှန်း ငါသိပါတယ်" တဲ့။ ကျွန်မကတော့ နှာခေါင်းတွန့်ပြီး ခေါင်းပဲရမ်းပြနိုင်တယ်။
"သူက ငါ့အတွက်တော့ အကောင်းဆုံးသူငယ်ချင်းပဲလေ Stance ရယ်။ ငါသူ့ကို ကြိုက်မနေဘူး။ ဘယ်တော့မှလည်း ကြိုက်လာမှာမဟုတ်ဘူး" ကျွန်မကတော့ အိပ်ရာပေါ်ပစ်လှဲချရင်း ခေါင်းမာမာနဲ့ပဲ ဆက်ငြင်းမိတယ်။ တစ်ချိန်လုံး ကျွန်မဘူးခံငြင်းနေတဲ့ ကျွန်မကို Stacey ကတော့ အတော်လေး မကျေမချမ်းဖြစ်နေပါပြီ။
"ကောင်းပြီလေ၊ ဒါဆို သူ့ဘက်ကရော ဘယ်လိုတွေသဘောထားလဲဆိုတာ ငါသွားမေးမယ်" ဆိုပြီး သူ့ဖုန်းကို ဟန်ပါပါနဲ့ ဝှေ့ရမ်းပြတယ်။
"သူကလည်း ငါ့အပေါ်မှာ ဘာခံစားချက်မှမရှိပါဘူးလို့ပဲ ပြောမှာပေါ့။ နင်ကလည်း သက်သက်အချိန်ကုန်အောင်။ သူဘာပြန်ဖြေလဲ နင်တွေ့ပါလိမ့်မယ်။" ကျွန်မကတော့ ခေါင်းမာမာနဲ့ပဲ ဆက်ငြင်းမြဲငြင်းစဲပေါ့။ ဒါပေမယ့် Stacey က ကျွန်မကို လျစ်လျူရှုပြီး စာဆက်ပို့ဖို့ လုပ်တာပါပဲ။ ကျွန်မပြောတဲ့စကားကို Stacey အရေးစိုက်မယ်လို့ထင်နေတဲ့  ကျွန်မကလည်း အရူးပဲ။
အဲဒီအငြင်းပွားချင်စရာ စာပို့ပြီးတဲ့နောက်မှာတော့ Stacey နဲ့ကျွန်မဟာ နာရီအတော်ကြာ ရေပူစိမ်နေကြတယ်။ တကယ်ကို လှပတဲ့ နွေဉီးရဲ့ညလေးတစ်ညပါပဲ။ ကောင်းကင်ထက်မှာလည်း ကြယ်တွေစုံလို့။ မှောင်စပြုနေတဲ့ လောကကြီးကို ထွန်းလင်းပေးနေကြတာ။ Stacey က လောလောလတ်လတ်ခေတ်စားနေတဲ့ သတင်းတစ်ခုကို ပေါက်ပေါက်ဖောက်နေ‌လေရဲ့။ ဒါပေမယ့် ကျွန်မကတော့ သူ Ashton ကို ပို့လိုက်တဲ့ စာကိုပဲ အာရုံရောက်နေမိတယ်။ "နင် Jess အပေါ်မှာ ခံစားချက်တွေရှိနေတယ်မလား" ဆိုတဲ့ မေးခွန်းဟာ ကျွန်မနဲ့ Ashton ရဲ့ ဘဝကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အချိုးအကွေ့ကြီးတစ်ခုလို ထင်လာမိတယ်။ အစကတော့ ကျွန်မလည်း ဒီကိစ္စကို ခေါင်းထဲထည့်မထားမိတာအမှန်ပဲ။ ဒါပေမယ့် ကျွန်မတို့ ရေစိမ်တာကြာလာလေလေ သိချင်စိတ်တွေကလည်း တဖွားဖွားတိုးလာလေပါပဲ။ ရေပူစိမ်ပြီးသွားတဲ့အခါ ကျွန်မ အိပ်ခန်းထဲကိုပြန်ဝင်လာပြီး အိပ်ရာပေါ်ကို ခုန်တက်လိုက်တယ်။ ကျွန်မပြုံးပြီး မျက်စိမှိတ်ထားပေမယ့် စူးခနဲအော်လိုက်တဲ့အသံကြောင့် ရုတ်တရက်ကြီး အာရုံပျက်သွားတယ်။ Stacey ပဲပေါ့။
"အမလေး Jess ရေ" လို့ အော်ပြီး Stacey က ထခုန်ထိုင်လိုက်တယ်။ သူဘာကိုပြောနေတာလဲ ကျွန်မသိသွားတဲ့အချိန်မှာတော့ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်ပြီး မျက်လုံးပြူးမိပါတော့တယ်။ Stacey က သူ့ဖုန်းကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်လို့။
"သူက yes! တဲ့ဟယ်၊ အားး  . . သူ နင့်အပေါ်မှာ ခံစားချက်တွေရှိနေတာပဲ" Stacey ကတော့ ကျွန်မခုတင်ပေါ်မှာ အော်ဟစ်ပြီး ခုန်ပေါက်မြူးတူးနေတယ်။ "ဒီမှာ ကြည့်ပါလား" ဆိုပြီး သူ့ဖုန်းကို ကျွန်မမျက်နှာနားထိ အတင်းတိုးကပ်ပြတယ်။ ဖုန်းမျက်နှာပြင်ပေါ်က Y-E-S ဆိုတဲ့ စကားလုံးသုံးလုံးဟာ အသေအချာပေါ့။
ဝမ်းသာလွန်းလို့ ကျွန်မလည်ပင်းဝထိဆို့တက်လာတဲ့ ပျော်ရွှင်မှုအစိုင်အခဲကို မနည်းမျိုချထားရတယ်။ ကျွန်မစိတ်တွေလည်း လုံးဝကိုပြန့်ကျဲပြီး ယောက်ယတ်တွေခတ်ကုန်ပြီ။ ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းက ကျွန်မကိုချစ်နေသတဲ့လား။ ဗိုက်ထဲက မအီမလည်နဲ့ မူးနောက်နောက်တောင်ဖြစ်လာတယ်။ တကယ်ကို ပရိယာယ်များလွန်းတဲ့ အခြေအနေတစ်ခုနဲ့ ကျွန်မအခု မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်နေရပြီလေ။ ဒီစာကို မဖတ်ခဲ့မိသလို ဟန်ဆောင်ပြီး Ashton နဲ့ သူငယ်ချင်းတွေလိုပဲ ဆက်နေရမလား။ ဒါမှမဟုတ် အခွင့်အရေးကို အသုံးချ၊ Ashton နဲ့တွဲပြီးတော့ပဲ အကောင်းဆုံးသူငယ်ချင်းဆိုတာကို  လက်လွှတ်ခံရမလား။  အခိုင်မြဲဆုံးအတွဲတွေဟာ သူငယ်ချင်းသံယောဇဉ်ကနေ ပေါက်ဖွားလာတယ်လို့တော့ အများစုက ပြောကြတာပဲ။ ဒီကောင်လေးအပေါ်ထားရှိတဲ့ ခံစားချက်အစစ်အမှန်တွေကို မြိုသိပ်ပြီး ဒီအတိုင်းရှေ့ဆက်ဖို့ရော ကျွန်မ သတ္တိရှိရဲ့လား။
နောက်အပတ်လောက်မှာတော့ ကျွန်မသူ့ကို ရှောင်နေမိပါတော့တယ်။ ဒါပေမယ့် ဖုန်းထဲမှာ စာတွေပိုပို့ဖြစ်ပြီး အရင်ကထက်စာရင် စကားတွေအများကြီး ပြောဖြစ်ကြတယ်လေ။ ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုလုံးကို မသိဟန်ဆောင်ဖို့ ကျွန်မက ကြိုးစားနေမိတာပေါ့။ ကံကောင်းထောက်မစွာနဲ့ပဲ Stacey က ကျွန်မသူ့ခံစားချက်တွေသိနေပြီဆိုတာကို ဖုံးထားပေးပါသေးတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့လည်း အမှန်တရားဆိုတာ ပေါ်သွားခဲ့ပါတယ်။ တစ်ပတ်လောက်အကြာမှာတော့ Ashton နဲ့ ကျွန်မ တွေ့ဖြစ်ခဲ့တယ်။ သိပ်ကိုလှပတဲ့ ညလေးပေါ့။ လေကလည်း လတ်ဆတ်ပြီး‌ နွေးထွေးလို့။ ကြယ်တွေကလည်း စုံလိုက်တာဆိုတာ၊ ညတောင် မမှောင်တော့သလိုပါပဲ။ ကျွန်မတို့အိမ်ရှေ့က တောင်ကုန်းလေးပေါ်မှာ ထိုင်ရင်း ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ပြောနေခဲ့ကြတယ်။ ပြောစရာစကားတွေအားလုံး ကုန်သွားပြီလို့ ထင်ရတဲ့အခါမှာတော့ နှစ်ယောက်သား ငြိမ်သွားမိကြတယ်။ အချိန်အတော်ကြာသွားပြီး အနေခက်လာတဲ့ တိတ်ဆိတ်မှုကြီးကို သည်းမခံနိုင်တဲ့အဆုံးမှာတော့ သူက ခပ်တိုးတိုးစကားစလာတယ်။ "ဒီမယ်ကြည့်၊ Jess ငါ . . နင့်ကို . . ပြောစရာရှိတယ်" ပြီးတော့ ခဏလောက် ငြိမ်သွားပြီးမှ သူ ဆက်ပြောတယ်။ "ငါ . . နင့်အပေါ်မှာ ခံစားချက်တွေ ရှိနေပြီ။ ပြီးတော့ ငါဒီလို ခံစားနေရတာလည်း နည်းနည်းကြာနေပြီ" ပြောလည်းပြီးရော သူက ခေါင်းကြီးငုံ့ထားပြီး ရှက်နေတယ်။
ကျွန်မလည်းသူ့ကို ပြုံးပြီး ကြည့်နေမိတယ်။ မှောင်နေပေမယ့်လည်း ရှက်လွန်းလို့ သူ့မျက်နှာလေး နီရဲနေတယ်ဆိုတာ ကျွန်မသိနေတယ်။ အံ့ဩချင်ယောင်ဆောင်ဖို့ ကျွန်မကြိုးစားပေမယ့်လည်း ရယ်ပဲရယ်နေမိတယ်။ "ငါသိတာပေါ့ဟာ" လို့ပဲ ရှက်ရှက်နဲ့ ပြောလိုက်ရတော့တယ်။ သူကတော့ ကျွန်မကို ကြည့်ပြီး ပြုံးနေရင်းက ထရပ်လိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း လမ်းလျှောက်ပြီး ကျွန်မအိမ်ရှေ့ထိ ပြန်လိုက်ပို့ပေးတယ်။
ကျွန်မတို့အိမ်ရှေ့ဆင်ဝင်အောက်ရောက်တယ်ဆိုရင်ပဲ သူက ကျွန်မကို မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး "ကောင်းသောညပါ Jess" လို့ ကျွန်မလက်မောင်းကို ဖျစ်ပြီး တိုးတိုးလေးပြောသွားတယ်။ ပြုံးနေလိုက်တာဆိုတာလည်း ပါးစပ်က နားရွက်တက်ချိတ်မိတော့မလိုပဲ။ နောက်တော့ ကျွန်မရှေ့ကို သူ့ရဲ့ကိုယ်လေးကိုင်းလာတယ်။ ကျွန်မနှုတ်ခမ်းလေးတွေပေါ်မှာ အနမ်းခြွေသွားပြီးတဲ့နောက်မှာတော့ သူ့အိမ်ဘက်ကို ဒရောသောပါး လှည့်ပြန်သွားတော့တယ်။ ကျွန်မကတော့ အိမ်ထဲကိုဝင်လိုက်မိတဲ့အချိန်ထိ ပြုံးနေမိတာကို ဘယ်လိုမှရပ်လို့မရတော့ပါဘူး။ အပျော်လွန်ပြီး မှောက်လျက်လဲတော့မလိုတောင် ဖြစ်လိုက်သေးတယ်။
နောက်ရက်သတ္တပတ်အနည်းငယ်မှာတော့ ကျွန်မတို့ဟာ ပိုနီးစပ်လာကြပြီး ပိုလို့လည်းချစ်လာခဲ့ကြပြီ။ နေ့ဘက်တွေဆိုရင်လည်း အတူတူဖြတ်သန်းကြပြီးတော့ ညတိုင်းလည်း မိုးလင်းပေါက်ထိ ကြယ်တွေ အတူကြည့်ကြတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာတော့ သူက 'ကိုယ့်ရဲ့မိန်းကလေးဖြစ်ပေးနိုင်မလား'လို့ မေးလာခဲ့ပြီး ကျွန်မလည်း ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူခဲ့တာပေါ့။
Ashton နဲ့ ကျွန်မတို့မှာ ည 11:11  အချိန်ကိုရောက်တိုင်း "ဆုတောင်းကြမယ်" ဆိုပြီး ဆုတောင်းတဲ့အကျင့်တစ်ခုရှိကြတယ်။ သူငယ်ချင်းဘဝကတည်းက လုပ်ခဲ့ကြတဲ့အကျင့်ဆိုပေမယ့်လည်း ကျွန်မတို့တွဲဖြစ်ခဲ့တဲ့အချိန်မှာတော့ အများကြီး အဓိပ္ပာယ်ရှိလာတယ်။ ကျွန်မတို့ ချစ်သူတွေမဖြစ်ခင်ကဆို 'ကျွန်တော်တို့ ကျွန်မတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးတစ်ခုကို ဘုရားသခင် ဖန်ဆင်းပေးနိုင်ပါစေ'ဆိုပြီး တိတ်တိတ်လေး ဆုတောင်းခဲ့ကြတယ်။ အခုလို ဆုတောင်းပြည့်လာတဲ့အတွက်တော့ ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလား။ 11:11  ဆုတောင်း အပေါ်မှာထားရှိတဲ့ ကျွန်မတို့ ယုံကြည်မှုကပဲ ပြင်းထန်လို့လားတော့ ကျွန်မတို့ မပြောတတ်ကြပါဘူး။ အခုအချိန်မှာတော့ ကျွန်မတို့နှစ်ယောက်ဟာ မခွဲအတူရှိနေခဲ့ပြီ။ အရာအားလုံးက ပြီးပြည့်စုံနေသလို ကျွန်မတို့နှစ်ယောက်လုံး ခံစားနေရပါပြီ။ သူငယ်ချင်းတစ်ယောက်ကို ချစ်မိတဲ့အတွက် ဘယ်လိုအကြောင်းနဲ့မှ နောင်တမရနိုင်တော့ဘူးဆိုတာ ကျွန်မအတွက်တော့ သေချာသွားခဲ့ပါပြီ။
~Jess Bunbury

(Chicken Soup for the Soul: Just for Teenagers စာအုပ်မှ Make a wish ကို ဘာသာပြန်ထားပါသည်)

Make a Wish!Where stories live. Discover now