(Unicode)
သစ်ပင်ကလေးတွေအမြဲစိမ်းလန်းနေပုံရတဲ့တောတန်းကလေးမှာ
ကျနော့်ကိုယ် ကျနော်ပျောက်ရှခဲ့ရတယ်။
သစ်ပင်လေးတွေ စိမ်းမြနေတာ မြင်ရပြန်ရင်တော့
စိတ်ဟာ ပျော်ချင်လာတယ်။
သစ်ပင်လေးတွေရော ကျနော်တို့လိုပဲ
ဝမ်းနည်းတတ်သလားဟင်လို့မေးရင်
မင်းကိုယ်တိုင် သစ်ပင်ကလေးဖြစ်ရင်သိမှာပေါ့လို့
သူက ခပ်ဖွဖွရယ်ရင်းဖြေရှာတယ်။ အဲ့ဒီနေ့က
သစ်ပင်ကလေးတွေအကြောင်းချည်းပဲ သူ့ကို
ကျနော် ထပ်ခါထပ်ခါ မေးနေမိတယ်။နယ်ကအိမ်လေးဆီ ခဏပြန်ရောက်ဖြစ်တုန်း
အိမ်ရှေ့က သစ်ပင်ကြီးတွေကို မတွေ့မိတော့
စိတ်ထဲမယ် ဝမ်းနည်သလိုလို ဖြစ်လာတယ်။
လမ်းမီးတိုင်တွေနဲ့မလွတ်လို့
ခုတ်ပစ်လိုက်ရတာလို့ အမေကပြောတယ်။
မျက်ရည်ကလေးအဝိုင်းသားနဲ့ နားထောင်ရင်း စိတ်ထဲမှာ သစ်ပင်ကလေးတွေကို အစီအရီ
ပြန်စိုက်နေမိတော့တယ်။မနက်ခင်းအိပ်ရာနိုးလာတော့ မီးလှုံရင်း
အမေနဲ့ အဖေ့အကြောင်းတွေပြန်ပြောဖြစ်ကြတယ်။
အဖေက ကျနော့်ကို စိတ်နာနေမလားမသိဘူးနော်
လို့ဆိုတော့ အမေကရယ်လို့...။
မောင်နှမတွေအားလုံးက အဖေ့ထက်စာရင်
အမေ့ကိုပဲပိုချစ်ကြတာကိုး။ အဖေ့ကိုကျတော့
ကြောက်စိတ်တစ်ခုတည်းနဲ့ အားလုံးက
မနွေးထွေးခဲ့ကြတာလည်းဖြစ်မယ်ထင်တယ်။
မှတ်မှတ်ရရ အဖေရယ်နေခဲ့တဲ့နေ့ဆိုတာ
ကျနော် မတွေ့ဖူးသလောက်ပဲ။ နောက်တော့
အမေပြန်ပြောမှသိရတာက နင်အမြဲအရွဲ့တိုက်တိုင်း
ကွယ်ရာကျရင် နင့်အဖေက ပြောပြောပြီး
ရယ်နေတာတဲ့။ အခုဆိုရင် အိမ်ရှေ့က
အခုတ်ခံရတဲ့သစ်ပင်ကလေးတွေနောက်
အဖေရဲ့ရယ်သံတွေရော ရောပါသွားခဲ့ပြီလား။ အဲ့ဒီလိုမှမဟုတ်ရင် အဖေကိုယ်တိုင်က
သစ်ပင်ကလေးတစ်ပင်ဖြစ်ပြီး
ဟိုးတောင်တန်းညှို့ညှို့ထဲမှာ တစ်ယောက်တည်းများ ရယ်နေဖြစ်မလားဆိုတာ သိချင်နေမိတယ်။ပျော်တယ်လို့ မခံစားရတဲ့အခါ
သစ်ပင်ကလေးတွေကို ရေလောင်းပေါင်းသင်လုပ်ရင်း
စကားတွေအများကြီးကို စိတ်ထဲမှာပဲပြောဖြစ်တယ်။
အတွေးထဲမှာ ခဏခဏ ပေါ်ပေါ်လာတာက
Prayers for bobby ဇာတ်ကားထဲက
Bobby ဆိုတဲ့ကောင်ကလေးပေါ့။
တံတားပေါ်က သူခုန်ချလိုက်ရင်
ဘာဖြစ်မယ်ဆိုတာ သူလည်းသိတယ် ကျနော်လည်းသိတယ်။ ဒါပေမယ့်လို့
ကျနော် အကြိမ်ကြိမ် ဆုတောင်းနေမိခဲ့တယ်။
သူ့အစ်မ ဖုန်းကိုကောက်ကိုင်လိုက်ချိန်မှာတော့
ကျနော့်ဆုတောင်းတွေ လွဲချော်သွားပြီဆိုတာ
သိလိုက်ရတယ်။ တကယ်လို့ Bobby သာ
သစ်ပင်ကလေးတစ်ပင်ဖြစ်ခဲ့မယ်ဆိုရင် သူ့အမေကိုဘယ်လောက်ထိချစ်ကြောင်း ပြောပြချင်နေရှာတဲ့ အသံတွေဗလပွနဲ့ သစ်ပင်ကလေးတစ်ပင်ဖြစ်နေခဲ့မလားပဲ။
YOU ARE READING
Pieces by Pieces
Short Storyပိုအေးတယ် ပိုနက်တယ် ဒါပေမယ့်လည်း ကျနော်က အမှောင်တွေကိုချစ်တယ်လေ..