Hlwanaung
ငရဲအတု ---။
နွေဟာ ငါခေါင်းပေါ်
တဖြုတ်ဖြုတ်ကြွေကျ
အဆင်မပြေခဲ့သော အဝါရောင်နေ့များ
ပိတောက်အသေတွေလို လှုပ်ရှားမှုများ
လျှောက်ရမယ့်လမ်းတွေ အငွေ့ပျံသွား
မနေ့ကရော ဒီနေ့ရော
အချင်းချင်းလည်း အဆက်သွယ်ပြတ်တောက်
မျက်ဝန်းအသေများနဲ့
ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်များ
ပျော်ရွှင်ခြင်း ဘယ်နှစ်ခန်းလောက်
လက်လွတ်ခဲ့ရပြီလဲ ---။
တစ်ခါတလေ မေးခွန်းပေါင်းများစွာ
တစ်ခါတလေ ပိုးမွှားတွေများစွာ
တစ်ခါတလေ အိပ်မပျော်ခြင်းများစွာ
တွေးထားတာတွေ တကယ်ဖြစ်လာခဲ့
မကောင်းဘူးလို့ တွေးနေတာဟာ
မကောင်းပါဘူး တဲ့
မကောင်းတဲ့ တွေးတောမှုတွေဟာ
တကယ်ဖြစ်လာခဲ့ ဒီလိုပါပဲ ဘဝဆိုတာ
ကြည်နုမှုမရှိဘဲ နှုတ်ခမ်းဟာ
ပြုံးရယ်တတ်သွားတယ် ---။
လမ်းတစ်ဝက်မှာ ခဏတဖြုတ်
တစ်ခါတစ်ခါ ငါတို့ အကြာကြီး
အတိတ်က ရွှင်လန်းခြင်းများ
တုတ်ကလေးကိုင်ပြီး
ပြေးလိုက်လာလေမလား
ရပ်စောင့်ကြေကွဲရပြန်တယ်
သိပ်မကြာတော့ပါဘူး
တစ်နေ့နေ့တစ်ချိန်ချိန်ပေါ့ တဲ့ ---။
အိမ်နဲ့ဝေးပြီးကတည်းက
အိပ်မက်တွေ မခမ်းနားတော့တာပါ
တစ်စုံတစ်ဦးဆီက ပြန်စာတွေမျှော်လင့်မိ
အစစအရာရာ အဆင်ပြေကြောင်းလေး ---။
ငရဲပဲလား မသန်မာတဲ့စိတ်နဲ့
ပိတ်မိနေခဲ့သော ရက်လပေါင်းလည်းများ
ဒီလက်နှစ်ဖက်က ဘာကိုများ
ခုခံကာကွယ်နိူင်ခဲ့လို့လဲ
ညံ့ဖျင်းမိခဲ့လေသမျှ
ပါရမီ ---။
ကံကောင်းရင် ငရဲဆိုတာလည်း
တစ်ရက်ခရီးပေါ့
ငါ့မှာကျ အရာရာမှာ ခက်ခဲတင်းကျပ်
သေဖို့ရော ရှင်ဖို့ရော
လေးလံလို့ ဒီလိုနဲ့
လ္ဘက်ရည်တစ်သောင်းပြည့်ခဲ့တယ် ---။
သေချာဖြစ်ဖြစ်မြောက်မြောက်
တွေးကြည့်ပါသေးတယ်
သေချာခဲ့ပါတယ်
အလိုမတူပဲ ဖြတ်ချခံရဲ့တဲ့ လက်သည်းခွံတွေ
အလိုမတူပဲ ညှပ်ခဲ့ရတဲ့ ဆံပင်ရှည်တွေဟာ
ငါပါပဲ ---
ရူးသွားရင်ကောင်းမှာပဲလို့ တွေးပြီး
ရူးသွားခြင်းမှာလည်း ပျော်စရာရှိမနေခဲ့
ရှက်စိတ် ကြောက်စိတ်နဲ့သာ
လူတောထဲ တိုးဝင်ခဲ့ရခြင်းမှာ
မျက်နှာဖုံးဟာ ကွာကျခဲ့ပြန်တယ် ---။
#ရူးလူ၂၀၀၄ #Myanmarpome#sadpome#life