Unicode
ရှန်ဟိုင်းကို ရှောင်းကျန့် ပြန်ရောက်လာပြီ ။ တိုက်ခန်းကျဥ်းကလေးဆီ ပြန်လာရတဲ့ ခံစားချက်က အရင်နဲ့ မတူတော့ဘူး ။
ခြောက်လပဲ ။
ခြောက်လ သည်းခံလိုက်ရင် အရာအားလုံး ပြီးဆုံးသွားမှာ ။လူတစ်ယောက်ရဲ့ အချစ်ခံရအောင် ကြိုးစားခြင်းထက် အမုန်းခံရအောင် ဖန်တီးခြင်းက ဘယ်လောက်တောင်များ လွယ်ကူလိမ့်မလဲ ။
ရှောင်းကျန့် ပြုံးလိုက်မိတယ် ။
အမှန်ဆို ခြောက်လတောင် မဟုတ်ဘူး ။ သူ ခြောက်ရက်လောက်ပဲ အချိန်ယူသင့်တာမလား ။စာချုပ်ကို တရားဝင် ဖြစ်အောင် ကြိုးပမ်းလိုက်နိုင်ရင် ရှောင်းကျန့်အတွက် သိန်းငါးဆယ်က bonus ။ မရရင်လည်း ကိစ္စရယ် မရှိ ။ အခုနေနေတဲ့ တိုက်ခန်းကို အေးအေးဆေးဆေး ပြန်ရောင်းထုတ်နိုင်မယ့် အချိန်ကို ရမယ် ။ ကံကောင်းရင် ရှောင်းကျန့်ရဲ့ ပန်းချီကားတွေကလည်း ဒီကြားထဲ ရောင်းထွက်ရင် ရောင်းထွက်သွားအုံးမှာ ။
အပျော်တွေနဲ့ မြူးလာတာကြောင့် ရှောင်းကျန့်ရဲ့ မျက်နှာက သာမာန်ထက် ပိုပြီး နုနယ်လာသလိုတောင် ထင်ရတယ် ။ အဲ့တာကို အတည်ပြုဖို့ရာ အတွက် ခုတင်ဘေးနားက မှန်ကို ကြည့်လိုက်တယ်။
အဲ့တော့မှပဲ တစ်စုံတစ်ရာကို သတိရတော့တယ် ။
ရှောင်းကျန့် ဖုန်းကို ထုတ်လို့ block list ထဲက နံပါတ်တစ်ခုကို ဖယ်တယ်။ ပြီးတော့ အဲ့ဒီနံပါတ်ဆီ message တစ်စောင် ပို့လိုက်တယ် ။
["ဖုန်းအသစ်တစ်လုံးနဲ့ မှန်တစ်ချပ် ဝယ်ပေးလိုက်စမ်း ဝမ်ရိပေါ်"]
........
မစ္စတာဝမ်တို့ ရွေးချယ်ထားတဲ့ ရွှေနဂါး ဆက်ခံသူရဲ့ ပဏာမ ဇနီးသည်က အန်းလီဟွား ။ အဲ့ဒီ အန်းလီဟွားနဲ့ ပတ်သတ်လို့ ရိပေါ်ရဲ့ အချိုးတွေ မပြေတော့တဲ့အခါ မပြီးနိုင်မစီးနိုင် ဖုန်းဆက်ပြီး အဆူခံရတော့တာပဲ ။
အချိန်အတန်ကြာ မစ္စတာဝမ်ရဲ့ ဒေါသ တသီတတန်းကြီးကို ဝတ္တရားအရ နားထောင်ပေးပြီးတဲ့ နောက်မှာတော့ ရိပေါ့်ရဲ့ စိတ်တွေက အလွန်တရာကို နောက်ကျိနေပြီ ဖြစ်တယ် ။ ဧည့်ခန်းရဲ့ ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် ဝင်ထိုင်ရင်းနဲ့ ရောက်တတ်ရာရာ ရုပ်မြင်သံကြား Channel တစ်ခုကို ကောက်ဖွင့်လိုက်တယ် ။