အပိုင်း-၂

420 74 1
                                    

[[UNICODE]]

နေစရာမရှိအောင် ကျုံ့ဝင်လာတဲ့နေ့များနှင့်
ပြောစရာမရှိအောင် ရှည်လျားတဲ့တိတ်ဆိတ်မှုတွေ*
▫️

စတိန်းဝေး ပီယာနိုကြီးဟာ ဧည့်ခန်းတွင်း တင့်တယ်လှပစွာ နေရာယူထားသည်။ ရွှေရောင်ဘောင်တန်းပါတဲ့ မှန်ပြတင်းတွေ။ ရွှေရောင် အနားသတ်ထားတဲ့ ဖြူစွတ်စွတ် ခန်းစီးတွေ။ နေရာတကာမှာ မျက်စိကျိန်းစပ်လောက်သည်အထိ ကိန်းကြီးခန်းကြီးနိုင်မှုသာ ကြီးစိုးနေသည်။ ဘီသိုဗင်၏ 'အဲလိစ်အတွက်' တေးသွားက ဓာတ်စက်ထဲမှ ငြိမ့်ညောင်းလှပစွာ ထွက်ပေါ်နေသည်။ 

"ဒါလင်ရယ်.. ဆေးလိပ်တွေ မသောက်ပါနဲ့ဆို"

ဆိုဖာပေါ် လျော့တိလျော့ရဲ ထိုင်နေသည့် အမျိုးသမီးတစ်ဦး။ ဆစ်ကရက်ငွေ့တွေကြားက မျက်နှာနုနုက လှလိုက်ပါဘိ။ ထိုအမျိုးသမီးရဲ့ လက်ထဲက ဆစ်ကရက်ကို ဆတ်ခနဲ ဆွဲယူသွားသည့် နောက် အမျိုးသမီးတစ်ဦး။

"မနက်အစောကြီးရှိသေးတယ်
ယယ်ရင်းလေး မြင်သွားရင်လည်းမကောင်းဘူးလေ
နော်.. ဒါလင်က လိမ္မာပါတယ်"

"အင်း အင်း"

ဝမ် အိမ်တော်ရဲ့ မနက်ခင်းဟာ ဒီလို အစပြုမြဲဖြစ်သည်။ မိုးလင်းကတည်းက နွားနို့တစ်ခွက်နှင့် ဆေးလိပ်ဘူးကို ဘေးနားထားကာ ဓာတ်စက်နားထောင်နေတတ်သည့် အမျိုးသမီးကို ဘယ်သူမှ အပြစ်မမြင်။ ဇနီးတာဝန် မကျေပွန်လေခြင်းလို့ ပြောမည့်သူလည်း မရှိ။ အိမ်ကြီးရှင် ဝမ်ဟာ ဇနီးသည်ကို တွေ့တိုင်း ဆေးလိပ်တွေ မသောက်ဖို့ တားမည်။ ဇနီးသည်က စိတ်မပါလက်မပါ ခေါင်းငြိမ့်လိမ့်မည်။ ဒီ မြင်ကွင်းဟာ ထာဝရလိုပင် ဖြစ်နေသည်။

"ခဏနေကျရင် ယယ်ရင်းလေးကို ကျောင်းလိုက်ပို့မယ်မလား
နေ့လည်စာကို ဟိုတယ်မှာပဲ စားရအောင်~ ဒါလင် လာခဲ့ပေးမယ်မလား"

ဝမ်က သူ့ဇနီးသည်ကို နမ်းဖို့လုပ်တော့ ထိုအမျိုးသမီးက မသိမသာ ကိုယ်ကို ရို့သွားသည်။ နောက်တော့ ဝမ် ရင်းနှီးပြီးသား မျက်ဝန်းတွေနှင့် ကြည့်သည်။ သူ့ရဲ့ ပြိုတော့မည့် မိုးလို မျက်ဝန်းများကို ဝမ် မုန်းပါသည်။ သို့သော် မတတ်နိုင်။ ဒါလင့်ကို မကယ်နိုင်။

Burning Tulips Where stories live. Discover now