<Unicode>
"မိုရံ"
ဗီဒိုကိုမှီကာ ထိုင်နေသော ကောင်လေးအနားသို့ မြန်မြန်သွားကာ ထိုင်ချလိုက်၏။ ဒူးလေးနှစ်ဖက်ကို ပိုက်ကာ ထိုင်နေသောချိန်းမိုရံ။
ဇိမ်း အံ့ဩကာဘာဆိုရမှန်းမသိ။
"မိုရံ ဒါက"
လက်ထဲကိုင်ထားသည့် ဆီးစစ်တံလေးကိုသာ ဇိမ်း ကြည့်နေမိသည်။
"ဒါ တကယ်လား၊၊ ဟမ် !!
မေးနေသော်လည်းမဖြေ။ ခေါင်းငုံ့တာ တုန်ယင်နေသည်။ဇိမ်း ချက်ချင်း ပခုံးနှစ်ဖက်မှ ဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင်စေသည်။
ပါးပြင်တွင်မျက်ရည်စီးကြောင်းလေးနှင့်။ ငိုထားပြန်ပြီ။
"ကိုယ်မေးတာကိုဖြေလေ၊ ကလေး ကလေးကတကယ်ရှိနေပြီလား"
ညင်ညင်သာသာမေးရင်း ဖြေစေသည်။ဒါကိုတောင်ငိုနေဆဲ။
"ကိုယ်မေးတာဖြေလေ၊ ဘယ်လိုလုပ်သိတာလဲ"
"ခေါင်းမူးလို့ ဆေးခန်းပြရင်း နဲ့"
ပြောရင်းခေါင်းငုံ့သွားသော မိုရံ။ ချက်ချင်းပြန်မော့လာတော့ မျက်ရည်ကကျဆဲ။
"ကြောက်တယ်"
"ဟင်"
ကြောက်တယ်ဟုဆိုကာ ကိုယ်လုံးလေးကိုကျုံ့လိုက်သော မိုရံကြောင့်ဇိမ်း စိတ်ပူသွားသည်။ ချက်ချင်း ကိုယ်လေးကိုပွေ့ချီလိုက်ကာ မွေ့ရာပေါ်ထိုင်စေလိုက်၏။
"ဘာကိုကြောက်တာလဲ ဟမ် ၊ ကိုယ့်ကိုပြော"
မိုရံ၏ ရှေ့တွင်ဒူးထောက်ထိုင်ကာ မေးလိုက်သည်။
ကြောက်နေသည့်ကောင်လေးက ဘာကိုကြောက်နေတာလဲ။အေးစက်နေသော လက်လေးနှစ်ဖက်ကိုလဲ ဇိမ်း ဆုတ်ကိုင်ထားလိုက်၏။
"ပတ်ဝန်းကျင်"
ခပ်တိုးတိုးရေရွတ်လာသည့်စကား။ ဇိမ်း မျက်မှောင်ကြုတ်လိုက်သည်။
"ပတ်ဝန်းကျင်က ဘာလို့လဲ၊ ကိုယ့်ကိုသေချာပြောပြ"
မျက်တောင်ပုတ်ခက်ပုတ်ခက်လုပ်နေသည့်ကောင်လေး။ သူ့ကလေးကိုလွယ်ထားရပြီတဲ့လား။